backup og meta

ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet က တကယ်ကောင်းတာလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet က တကယ်ကောင်းတာလား။

    ဝမ်းလျှောတာ၊ အထက်လန်အောက်လျှောဖြစ်တာ၊ အစာအဆိပ်သင့်တာ စသဖြင့် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖျားနာမှု တစ်ခုခု ဖြစ်ပြီးတဲ့နောက်မှာ အစာခြေစနစ်ကို အနားပေးဖို့ လိုပါတယ်။ အနားပေးတယ်ဆိုတာ သူ့ရဲ့ အလုပ်တွေကို လျှော့ချတာမျိုးပါ။ သူ့ရဲ့ အဓိက အလုပ်က အစာခြေတာဆိုတော့ ဖျားတာမှုတွေ အပြီးမှာ အစာခြေရလွယ်တဲ့ အစားအစာကို စားပေးပြီး အူလမ်းကြောင်းကို ဝန်မပိအောင် လုပ်ပေးတာပါ။ ဒီမှာ ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet ဆိုတာ ပေါ်လာပါတယ်။

    BRAT diet ဆိုတာ

    BRAT diet ဆိုတာ ပါဝင်တဲ့ အစားအစာတွေရဲ့ အစစာလုံးလေးတွေပါ။ ပါဝင်တာတွေကတော့

    • Bananas (ငှက်ပျောသီး)
    • Rice (ထမင်း)
    • Applesauce (ပန်းသီးအနှစ်)
    • Toast (ပေါင်မုန့်မီးကင်)

    BRAT dietရဲ့ ရည်ရွယ်ချက်က ခပ်ပျော့ပျော့ပြဲပြဲနဲ့ ခြေရလွယ်တဲ့ အစားအစာတွေ ဖြစ်နေဖို့ပါ။ ဒါမှ အူလမ်းကြောင်းမှာ နေကောင်းဖြစ်နေတဲ့သူတွေ စားလို့ အဆင်ပြေမှာပါ။ အထူးသဖြင့် ပျို့တာ၊ အန်တာ၊ ဝမ်းလျှောနေတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။

    ဒါ့ပြင် ဒီအစားအစာတွေမှာ ပါတဲ့ အာဟာရတွေက ဝမ်းဗိုက်ပြဿနာတွေကို နာလန်ထမြန်စေတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမယ့် ဆရာဝန်တွေကတော့ ဒီ၄မျိုး စားရုံနဲ့ တစ်နေ့တာ လိုအပ်ချက်ကို ပြည့်မီဖို့ ခက်ခဲနိုင်သလို နာလန်ထတာနဲ့ ပတ်သက်ပြီး ထူးခြားမှု မရှိလို့ သိပ်ပြီး အားမပေးကြပါဘူး။

    ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet က ဘယ်လိုအလုပ်လုပ်သလဲ။

    တချို့က သူတို့ ဝမ်းလျှောတာ၊ ဝမ်းဗိုက်မအီမသာဖြစ်တာတွေကို BRAT dietက သက်သာစေတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်တာတွေကတော့

  • ဝမ်းပိုကျစ်လာတာ – BRAT dietက ခပ်ပျစ်ပျစ်နဲ့ အမျှင်ဓာတ်လည်း နည်းတာကြောင့် ဝမ်းက ပိုကျစ်ပြီး ဝမ်းသွားတာ သက်သာစေပါတယ်။
  • အစာအိမ်ကို ဝန်နည်းစေတယ် – အဆီနဲ့ ပရိုတင်းလည်း နည်းတာကြောင့် ဝမ်းဗိုက်က အစာခြေရတာ သက်သာပြီး ဝန်ထုပ်ဝန်ပိုး နည်းစေပါတယ်။
  • ပျို့တာ သက်သာစေတယ် – အရသာ ထူးခြားတာရယ်၊ အနံ့မပြင်းတာရယ်ကြောင့် ပျို့အန်ချင်စိတ်ကို နည်းစေပါတယ်။
  • ဒါပေမယ့် ပြောခဲ့သလိုပဲ ဒီ၄မျိုး စားရုံနဲ့ အာဟာရလိုအပ်ချက် မပြည့်နိုင်တာကြောင့် ရက်ရှည်စားတာမျိုး မလုပ်သင့်ပါဘူး။

    BRAT dietက တကယ်ပဲ ဝမ်းဗိုက်ပြဿနာတွေကို သက်သာစေတာလား။

    လူတွေကတော့ BRAT dietက သူတို့ ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ပြောပေမယ့် သိပ္ပံနည်းကျ လေ့လာထားတာမျိုးတော့ မရှိပါဘူး။ သက်သာတယ်ဆိုသည့်တိုင် အာဟာရမပြည့်ဝမှုကြောင့် ဆရာဝန်တွေက ဝမ်းလျှောနေတဲ့သူတွေကို ဒီလို dietမျိုး စားခိုင်းလေ့မရှိပါဘူး။ ပုံမှန်အတိုင်းပဲ စားစေပြီး လိုအပ်တဲ့ ကုသမှုတွေ ပေးပါတယ်။

    တချို့လေ့လာချက်တွေမှာတော့ ငှက်ပျောသီးနဲ့ ထမင်းနဲ့က ဝမ်းလျှောတာကို သက်သာစေတယ်မျိုးတော့ တွေ့ရပါတယ်။ ငှက်ပျောသီးမှာ ပါတဲ့ pectinဆိုတာက အူလမ်းကြောင်းကို ကျန်းမာစေတယ်လို့ ဆိုပါတယ်။ ထမင်းဆိုရင်လည်း ဆန်ပြုတ်အနေနဲ့ ပြင်ဆင်ထားတာက ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုပါ ပြန်ဖြည့်ပေးနိုင်တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် BRAT diet မှာပါတဲ့ အစားအစာတစ်ခုချင်းစီက သာမန်စားနေကြ အစားအစာတွေနဲ့ တူတူပါပဲ။ ထူးခြားတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူး။ ဒီ၄မျိုးထဲကို ရေရှည်စားနေတာက ကြာလာရင် အာဟာရချို့တဲ့ပြီး ဝမ်းလျှောတာကို ပိုဆိုးစေနိုင်တယ်လို့ ဆိုကြပါတယ်။

    ဝမ်းလျှောနေတဲ့ လူနာများအတွက် BRAT diet က အန္တရာယ်ကင်းရဲ့လား။

    BRAT dietမှာပါတဲ့ အစားအစာတွေက နေ့စဉ်စားနေကြ အစားအစာတွေပဲ ဖြစ်လို့ ကြီးမားတဲ့ အန္တရာယ်ကို မဖြစ်စေနိုင်ပါဘူး။ ဒါပေမယ့် ဒီ၄မျိုးထဲကိုပဲ ရေရှည်မစားဖို့ လိုပါတယ်။ ရေရှည်စားမယ်ဆိုရင် အာဟာရချို့တဲ့တဲ့ ပြဿနာကို ရင်ဆိုင်ရမှာပါ။ အကြောင်းရင်းကတော့ ကယ်လိုရီနည်းပြီး အောက်ပါ အာဟာရဓာတ်တွေ မလုံလောက်လို့ပါပဲ။

    • ပရိုတင်း
    • အဆီ
    • အမျှင်ဓာတ်
    • ဗီတာမင် အေ
    • ဗီတာမင် B-12
    • ကယ်ဆီယမ်

    ဒီလို အာဟာရပါဝင်မှု ကန့်သတ်ချက်ရှိတဲ့အတွက် American Academy of Pediatricsက ဝမ်းလျှောနေတဲ့ ကလေးတွေမှာ ဒီdietချည်း သက်သက် မကျွေးပါဘူး။ တခြားအစားအစာတွေနဲ့တော့ အတူရောကျွေးနိုင်ပါတယ်။ ဥပမာ ထမင်းနဲ့ ဟင်းနဲ့ စားတာမျိုး၊ ပေါင်မုန့် ထောပတ်သုတ် စသဖြင့်။

    ဒါဆို ဝမ်းလျှောတဲ့အခါ ဘာစားကြမလဲ။

    ဝမ်းလျှောဖြစ်ဖြစ်၊ အထက်လန်အောက်လျှောဖြစ်ဖြစ်၊ အစာအဆိပ်သင့်ပြီးတာဖြစ်ဖြစ် ပုံမှန်အတိုင်း စားလို့ရပါတယ်။ ရှောင်ရမယ့် အစားအစာ တချို့တော့ ရှိပါတယ်။ ပိုစားပေးသင့်တာတွေကတော့

    • အာလူးပြဲပြဲ၊ ကန်စွန်းဥပြဲပြဲ
    • အသား၊ငါး၊ ကြက်ဥ
    • ဓာတ်ဆားရည်
    • အခြားသောက်စရာ အရည်အနေနဲ့ အုန်းရည်၊ ထမင်းရည်၊ စွပ်ပြုတ်
    • ပရိုဘိုင်အိုတစ် ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ ဒိန်ချဉ်) စတာတွေကို စားပေးရမှာပါ။

    ရှောင်ရမယ့် အစားအစာတွေကတော့

  • နို့၊ ချိစ်၊ ရေခဲမုန့်
  • သကြားဓာတ်များတဲ့ အစားအစာတွေ
  • ဆီကြော်တွေ
  • အပူအစပ်တွေ
  • အရက်၊ ကော်ဖီ
  • အနီရောင် အသား အလွန်အကျွံစားတာတွေ
  • လေပွစေတဲ့ အစားအစာတွေ (ဥပမာ ပဲ၊ ပန်းပွင့်၊ ဂေါ်ဖီထုပ်) စတာတွေကိုတော့ ဝမ်းမကောင်းချိန်မှာ ရှောင်ထားသင့်ပါတယ်။
  • ဝမ်းလျှောပြီဆိုရင် အများစုက ရက်ပိုင်းအတွင်းမှာ အလိုလို ကောင်းသွားကြပါတယ်။ ဒီကြားထဲမှာ ရေဓာတ်ဖြည့်ပေးဖို့ အာဟာရပြည့်အောင် စားဖို့တော့ လိုပါတယ်။ BRAT dietကတော့ မဖြစ်မနေ စားစရာ မလိုပါဘူး။ ရေရှည်စားဖို့လည်း မသင့်တော်ပါဘူး။ ဘယ်လို dietပဲ စားပါစေ။ ၂ရက်ကျော်ကြာတဲ့အထိ မသက်သာဘူး၊ ဆီးနည်းသွားတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement