backup og meta

ပထမဆုံးအကြိမ် ခွေးမွေးတော့မယ်ဆိုရင် ဒါတွေကို သိထားပေးပါ

ပထမဆုံးအကြိမ် ခွေးမွေးတော့မယ်ဆိုရင် ဒါတွေကို သိထားပေးပါ

သင်က ခွေးချစ်တတ်တဲ့သူတစ်ဦးလား။ ကိုယ့်အိမ်မှာ ချစ်စရာ ခွေးလေးတစ်ကောင်လောက် မွေးမယ်လို့ရော စဉ်းစားထားတာလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက် အဆင်ပြေစေမှာပါ။ ပထမဆုံးအကြိမ် ခွေးမွေးတော့မယ့် မိသားစုတွေအတွက် သိထားသင့်တဲ့၊ ပြင်ဆင်ထားသင့်တဲ့အရာတွေကို ဒီဆောင်းပါးမှာ ဖတ်ရှုရင်း ကိုယ့်ခွေးလေးအတွက် အနွေးထွေးဆုံးအိမ်ဂေဟာလေး ဖြစ်အောင် ဖန်တီးလိုက်ကြရအောင်နော်။

အရင်ဆုံး ကိုယ်က ဘယ်လိုခွေးမျိုးမွေးချင်တာလဲဆိုတာ သေချာစဉ်းစားပါ။

လူအများစုကတော့ ခွေးမွေးမယ်ဆိုရင် ပေါက်စလေး ဒါမှမဟုတ် ၆လ၊ တစ်နှစ်အောက် ခွေးလေးတွေကို မွေးတာများပါတယ်။ ခွေးငယ်ငယ်လေး မွေးတဲ့အခါ ကိုယ်ကပဲ အစအဆုံးသေချာပြုစုစောင့်ရှောက်ပေးရတာ ဖြစ်တဲ့အတွက် ကိုယ်နဲ့ ကိုယ့်မိသားစုအပေါ် ပိုသံယောဇဉ်တွယ်နိုင်လို့ပါ။

ခွေးအမျိုးအစားကို ရွေးချယ်တဲ့အခါ လက်ရှိ ကိုယ်နေတဲ့ မြို့အတွင်းမှာ ခွေးရောင်းတဲ့ဆိုင်တွေနဲ့ အဲဒီဆိုင်တွေမှာ ဘယ်လိုအမျိုးအစားတွေ ရလဲဆိုတာ သေချာစုံစမ်းထားဖို့ လိုအပ်ပါတယ်။ ဒီလိုစုံစမ်းထားမှ ကိုယ့်အနေနဲ့ အွန်လိုင်းကနေ ဒါမှမဟုတ် သိကျွမ်းနားလည်သူများနဲ့ သေချာတိုင်ပင်ပြီး ကြိုတင်ပြင်ဆင်လို့ ရမှာပါ။

ကိုယ့်အိမ်ကို သေချာရှင်းထားပါ။

ခွေးအများစုက လမ်းလျှောက်တတ်တဲ့အရွယ် ကလေးတွေလိုပါပဲ။ ဟိုဟိုဒီဒီလျှောက်ပြေးမယ်၊ ထူးဆန်းတဲ့ အရာတွေဆို လိုက်စူးစမ်းလေ့လာမယ်၊ လူတွေအနားကပ်ပြီး ပွတ်သီးပွတ်သပ်လုပ်မယ်၊ အမြင့်တွေကို ခုန်တက်မယ်၊ ကစားနေမယ်။ ဒီအတွက် ကိုယ့်ရဲ့ အိမ်နေရာက သူတို့အတွက် ကျယ်ကျယ်ဝန်းဝန်းဖြစ်နေဖို့ လိုပါတယ်။

ချွန်ထက်နေတဲ့ အရာတွေ ကိုယ့်အိမ်မှာရှိနေရင်လည်း ဖယ်ထားဖို့အရေးကြီးပါတယ်။ ခွေးတွေ ဆော့ကစားရင်းနဲ့ ထိခိုက်မိနိုင်လို့ပါ။ ခြံနဲ့ ဝန်းနဲ့ နေတဲ့သူတွေဆိုရင်တော့ ခြံထဲ လွှတ်ပေးထားလိုက်ရင် သူတို့အတွက်လည်း ကျယ်ကျယ်ဝန်းဝန်း ပြေးလွှားလို့ ရပါတယ်။ တိုက်ခန်းမှာ နေတာဆိုရင်တော့ လူသွားလမ်းတစ်လျှောက်ကို သေချာရှင်းလင်းပေးထားပါ။

ခွေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေအကုန် ဝယ်ယူပြင်ဆင်ထားပါ။

အဓိက လိုအပ်တာတွေကတော့ အိပ်ဖို့အတွက် နေရာ၊ အစာခွက်၊ ရေခွက်တွေပဲ ဖြစ်ပါတယ်။ များသောအားဖြင့် တိရစ္ဆာန်ပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ စုံစမ်းဝယ်ယူနိုင်ပါတယ်။ ပြီးရင် ခွေးကိုပုံမှန်ကျွေးမယ့် အစာတွေကိုပါ တစ်ခါတည်း ဝယ်ထားသင့်ပါတယ်။ အရုပ်တွေအနေနဲ့ ခွေးတွေဆော့ကစားလို့ ကြိုက်နှစ်သက်မယ်ထင်တဲ့ အရုပ် တစ်ရုပ်လောက် ဝယ်ထားရင် အဆင်ပြေပါတယ်။

တိမွေးကုဆရာဝန် သို့မဟုတ် ဆေးခန်းကို ကြိုရှာထားပါ။

ဘယ်လိုတိရစ္ဆာန်မဆို မွေးတော့မယ်လို့ စဉ်းစားထားတယ်ဆိုရင် တိမွေးကုဆေးခန်း လိပ်စာတွေကို သေချာရှာထားဖို့ အရေးကြီးပါတယ်။ ကိုယ့်အနေနဲ့ ခွေးမွေးပြီး ရက်သတ္တပတ်အနည်းငယ်အတွင်း တိမွေးကုဆေးခန်းမှာ သွားရောက်စစ်ဆေးကြည့်ရင်း ခွေးရဲ့ ကျန်းမာရေးနဲ့ လိုအပ်တဲ့ ခွေးရူးပြန်ကာကွယ်ဆေးတွေ ထိုးထားသင့်ပါတယ်။ ဒါ့အပြင် ၃လတစ်ခါလောက် ကိုယ့်ခွေးဆီမှာ ကပ်ပါးပိုးကောင်များ ကပ်နေခြင်းရှိမရှိ၊ အရေပြားပြဿနာတွေ၊ အနာတွေ ရှိမရှိကို ပုံမှန်စစ်ဆေးကြည့်သင့်ပါတယ်။

ခွေးထိန်းသိမ်းပေးတဲ့ ကျောင်းတွေကို စုံစမ်းကြည့်ပါ။

အကယ်လို့ ကိုယ်က တစ်ယောက်တည်းနေတယ်၊ အိမ်မှာ ခွေးနဲ့ဆော့ဖို့ အဖော်မရှိလို့ ပျင်းနေမှာစိုးတယ်ဆိုရင် ကိုယ်အပြင်သွားနေတဲ့အချိန်အတွင်း ခွေးထိန်းသိမ်းပေးတဲ့ ကျောင်းတွေမှာ အပ်ထားသင့်ပါတယ်။ ဒါမှမဟုတ်လည်း ပိတ်ရက်တွေမှာ ကိုယ့်ခွေးကို အပျင်းပြေ အပြင်ခေါ်သွားပြီး လျှောက်ဆော့လို့ရအောင် ပန်းခြံဖြစ်စေ၊ လေ့ကျင့်ရေးသင်တန်းကျောင်းတွေ၊ ခွေးသီးသန့် ကဖေးဆိုင်တွေကို ခေါ်သွားလို့ ရပါတယ်။

ကိုယ့်ရဲ့ တစ်နေ့တာအချိန်တွေထဲက ခွေးအတွက် အချိန်နည်းနည်းဖယ်ထားပေးပါ။

ကိုယ်က အရမ်းအလုပ်များနေတဲ့သူ တစ်ယောက်ဆိုရင် ကိုယ့်ရဲ့ ခွေးအတွက် အချိန်အနည်းငယ်လောက် ဖဲ့ပေးဖို့ လိုအပ်ပါတယ်။ အပေါ်မှာလည်း ပြောခဲ့ထားတဲ့အတိုင်း အိမ်မွေးခွေးတွေဟာ လူတွေနဲ့ လက်ပွန်းတသီးနေရတာ၊ ဆော့ကစားရတာ၊ သူတို့အပေါ် ဂရုစိုက်ပေးတာကို လိုချင်ကြပါတယ်။ ဒီအတွက် ကိုယ်က အချိန်အများကြီး မရှိရင်တောင် တစ်နာရီကို မိနစ်နည်းနည်းလောက် ဖဲ့ပေးပါ။ အမြဲတမ်း စကားပြောပေးပါ။ ဆော့ကစားပေးပါ။

တိမွေးကုအဖွဲ့တွေမှာ အမြဲပါဝင်လေ့လာနေပါ။

လူမှုကွန်ယက်တွေမှာ တိရစ္ဆာန်ချစ်သူတွေပဲ သီးသန့်ရှိတဲ့ တိမွေးကုအဖွဲ့တွေ၊ တိရစ္ဆာန်ချစ်သူများအဖွဲ့တွေ ရှိပါတယ်။ ဒီအဖွဲ့တွေမှာ အမြဲဝင်ရောက်ကြည့်ရှုပြီး ကိုယ့်ခွေးအတွက် တစ်ခုခု အသုံးလိုတာ ဝယ်ယူဖို့၊ အကြံဉာဏ်တောင်းဖို့၊ ဒါမှမဟုတ်လည်း ကိုယ့်ရဲ့ ချစ်စရာကောင်းတဲ့ ခွေးပုံလေးတွေ တင်တာမျိုး အစရှိသဖြင့် အကုန်လုပ်လို့ ရပါတယ်။

ခွေးမွေးဖို့ မှတ်ပုံတင်လုပ်ပါ။

အရင်နှစ်တွေမှာ မှတ်ပုံတင်ကိစ္စတွေကို ဆောင်ရွက်နေဆဲဖြစ်ပေမယ့် ယခုနှစ် ၂၀၂၀ မှာစပြီး အိမ်မွေးခွေးအတွက် မှတ်ပုံတင်လုပ်ဖို့ လိုအပ်ပါတယ်။ အဓိက ကိုယ့်ရဲ့ ခွေးကို ဂရုတစိုက်မွေးမြူမယ့်အကြောင်း ရပ်ကွက်ထောက်ခံစာ၊ ခွေးရဲ့ အရှေ့ပိုင်းနဲ့ ဘေးဘက် ဓာတ်ပုံတစ်ပုံစံကို စည်ပင်ဌာနမှာ ပြပြီး တရားဝင်မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။

ခွေးမွေးတယ်ဆိုတာ တကယ်တော့ များများစားစား အလုပ်ရှုပ်သွားတာမျိုး မရှိပါဘူး။ ကိုယ့်ဘဝထဲကို မိသားစုဝင်အသစ်လေး ရောက်လာတဲ့အတွက် အရင်ကထက် ပိုပြီး ပျော်စရာကောင်းလာမယ်၊ နွေးထွေးလာမယ်၊ အထီးကျန်ဆန်မှုတွေ နည်းသွားမှာပါ။ ဒါကြောင့် သူတို့အတွက် လိုအပ်မယ့် ပြင်ဆင်ထားသင့်တာတွေကို ကြိုတင်ပြင်ဆင်ထားမှ အဆင်ပြေမှာနော်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.bluecross.org.uk/pet-advice/first-time-dog-owner-guide

ယခုပုံစံ

24/05/2022

Ye Myo Myat မှ ရေးသားသည်။

Ye Myo Myat မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိမ်မွေးတိရစ္ဆာန်လေးတွေကို ခွေးရူးပြန်ရောဂါပိုးကနေ ဘယ်လိုကာကွယ်ပေးမလဲ

သိထားဖို့ လိုမယ့် ခွေးရူးပြန် ရောဂါပိုးအကြောင်း



Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement