backup og meta

ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား

    အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့ သူတချို့က ညအိပ်တဲ့အခါ အဲဒီတိရစ္ဆာန်လေးတွေနဲ့ ဖက်အိပ်တာမျိုး၊ အိပ်ရာထဲ ခေါ်သိပ်တာမျိုး လုပ်တတ်ပါတယ်။ ဒီလိုဆို မေးစရာ ရှိတာက ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား ဆိုတာပါ။ တကယ်တမ်း ဒီလို အမူအကျင့်ကို ကျန်းမာရေးရှုထောင့်ကနေ ကြည့်လိုက်တဲ့အခါ ကောင်းတဲ့ အချက်ကလေးတွေရော ဆိုးတာလေးတွေပါ တွေ့ရတတ်ပါတယ်။

    ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား

    ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား ဆိုတော့ ကောင်းတာလေးတွေ ဆိုးတာလေးတွရှိနေပါတယ်။ သိရှိနိုင်ဖို့ ကိုယ်တိုင် လေ့လာလိုက်ပါ။

    ကောင်းတဲ့ အချက်တွေက ဘာတွေလဲ။

    ၁။ များသောအားဖြင့် ကြောင်တွေဟာ ခွေးတွေလောက်တော့ လူတွေနဲ့ လက်ပွန်းတသီးနေရတာ မကြိုက်ပါဘူး။ ဒါပေမယ့်လည်း လူတွေနဲ့ အနေကြာလာတဲ့ ကြောင်တွေဆိုရင်တော့ သံယောဇဉ်ပိုတွယ်လာနိုင်ပါတယ်။ အထူးသဖြင့် အိပ်တဲ့အချိန်တိုင်း လူတွေနဲ့ ဖက်အိပ်နေရတဲ့ ကြောင်တွေအတွက်တော့ ဒီအိမ်သားတွေအပေါ် ပိုပြီး ခင်တွယ်လာတတ်ပါတယ်။

    ၂။ ကြောင်တွေဟာ ခွေးတွေလိုမျိုး အသံအရမ်း ဆူညံအောင် မလုပ်တတ်တဲ့အတွက် ကိုယ့်ရဲ့ အိပ်စက်ခြင်းကို သိပ်ပြီး အနှောင့်အယှက် ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။

    ၃။ ကြောင်ရဲ့ ကိုယ်ခန္ဓာမှာရှိတဲ့ အမွေးတွေဟာလည်း ခွေးတွေလိုပဲ လူကို အနွေးဓာတ်ပေးစေနိုင်သလို ဖက်အိပ်တဲ့အခါမှာလည်း တခြားလူတစ်ယောက်၊ ကိုယ့်ရဲ့ မိသားစုဝင်ကို ဖက်အိပ်နေရသလို ခံစားချက်မျိုး ရစေပါတယ်။

    ၄။ စိတ်ဖိစီးမှုများတဲ့သူတွေအနေနဲ့ အိပ်ရာထဲမှာ ကိုယ်ချစ်တဲ့ကြောင်နဲ့အတူ ဖက်အိပ်ပြီး စကားစမြည် ပြောခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေသလို ကောင်းမွန်စွာ အိပ်စက်နိုင်စေဖို့ ကူညီပေးပါတယ်။

    ကျန်းမာရေးအရ မကောင်းတဲ့ အချက်တွေက ဘာတွေလဲ။

    ၁။ တိရစ္ဆာန်လေးတွေ ဖြစ်တဲ့အလျောက် ကြောင်တွေရဲ့ ခန္ဓာကိုယ်မှာလည်း ရောဂါပိုးမွှား၊ သန်းကောင်ယားနာတွေ ရှိနေနိုင်ပါတယ်။ အိမ်ထဲမှာပဲ နေပြီး အပြင်မထွက်တဲ့ ကြောင်တွေ၊ တိရစ္ဆာန် ဆရာဝန်နဲ့ အမြဲတမ်း သေချာပြသပေးထားတဲ့ ကြောင်တွေမှာတော့ ရောဂါပိုးတွေ နည်းနိုင်ပါတယ်။ ဒီတော့ ကြောင်တွေနဲ့ အမြဲတမ်း အိပ်ရာထဲ ဖက်အိပ်တဲ့အခါ ရောဂါပိုးမွှားတွေနဲ့ သန်းတွေဟာ လူတွေရဲ့ ကိုယ်ပေါ်ကိုရော၊ အိပ်ရာပေါ်မှာ ကပ်ကျန်နေခဲ့နိုင်ပါတယ်။

    ၂။ ကြောင်ရဲ့ အမွေးတွေဟာ လူတွေရဲ့ နှာခေါင်းနဲ့ ကိုယ်ခံအားစနစ်အတွက် ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်တယ်။

    ၃။ ကြောင်တွေဟာ လူတွေရဲ့ ခေါင်းပေါ် တက်အိပ်ရတာ ကြိုက်တဲ့အတွက် အရမ်းငယ်လွန်းတဲ့ ကလေးတွေနဲ့တော့ လုံးဝပေးမအိပ်သင့်ပါဘူး။ အခန့်မသင့်ရင် ကလေးငယ်ရဲ့ ဦးခေါင်းပေါ် တက်ဖိမိပြီး အသက်ရှူလမ်းကြောင်းပိတ်ကာ အသက်အန္တရာယ်ရှိနိုင်လို့်ပါ။

    ၄။ ကြောင်အများစုရဲ့ သဘာဝက မနက်နဲ့ နေလယ်ခင်းတွေမှာ အိပ်နေတတ်ပြီး ညဘက်မှာတော့ အစာရှာတာ၊ ဆော့ကစားတာမျိုး လုပ်တတ်ပါတယ်။ ဒီတော့ လူတွေနဲ့အတူ အကြာကြီးမအိပ်ဘဲ ညသန်းခေါင်မှာ နိုးလာပြီး အိပ်ရာပေါ်မှာ ကစားတာ၊ လူတွေရဲ့ လက်၊ ခြေထောက်ကို ဖြည်းဖြည်းချင်းကုတ်တာ၊ အသံပေးတာမျိုး လုပ်တတ်ပါတယ်။

    အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ကြောင်လေးတွေကို အိပ်ရာထဲမှာ ခေါ်မသိပ်ခင်မှာ သူတို့ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးကို သေချာဂရုစိုက်ထားဖို့တော့ လိုပါတယ်။ ရောဂါပိုးမွှား၊ အနံ့အသက်တွေ ကင်းရှင်းပြီး ကိုယ့်အိမ်ထဲမှာပဲ အမြဲနေတတ်တဲ့ ကြောင်တွေဆိုရင်တော့ ပိုအဆင်ပြေတာပေါ့။ အိပ်ရာထဲ ခေါ်သိပ်ရင်လည်း ကလေးတွေနဲ့ ဝေးရာမှာထားပြီး လူကြီးတွေနဲ့သာ အတူအိပ်တာမျိုး လုပ်ပေးပါ။

    ကြောင်ပဲဖြစ်စေ၊ ခွေးပဲဖြစ်စေ ကိုယ်ချစ်လို့ အိမ်မှာ သေချာဂရုစိုက်ပြီး မွေးထားနိုင်ရင်တော့ သူတို့တွေအတွက်ရော ကိုယ့်အိမ်အတွက်ပါ နွေးထွေးတဲ့ မိသားစုဝင်လေး ဖြစ်လာမှာပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement