ရောဂါဆိုတာက မဖြစ်ခင်ကကြိုတင်ကာကွယ်တာအကောင်းဆုံးပါ။ဖြစ်လာပြီဆိုရင်ဆေးသောက်ရမယ်၊ အနေအထိုင်ဂရုစိုက်ရတယ်။ စိတ်ရှိတိုင်းလုပ်လို့မရတဲ့ အချက်တွေကတော်တော်လေးတော့များသွားပြီပေါ့။ အရာရာကို သတိထားရပြီလေ။ ခံစားရတဲ့ရောဂါက နာတာရှည်ဆိုနေ့စဉ်နဲ့အမျှ သတိထားနေထိုင်ရတဲ့ ပုံစံကို မဖြစ်မနေမွေးမြူရပြီလေ။ ဒီတစ်ခေါက်တော့ အခုနောက်ပိုင်းမြန်မာနိုင်ငံမှာရော ကမ္ဘာတဝှမ်းမှာပါ ခံစားရများလာတဲ့ အသည်းရောဂါအကြောင်းလေးပြောပြပေးချင်ပါတယ်။
အသည်းက ခန္ဓာကိုယ်တစ်ခုလုံးကျန်းမာနေစေဖို့ အလုပ်အများဆုံးကို တာဝန်ယူပေးထားတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ ဒီလိုအရေးကြီးတဲ့ အစိတ်အပိုင်းကို ဂရုစိုက်ဖို့လိုမယ်ဆိုတာပြောနေစရာတောင်မလိုပါဘူး။ အသည်းမကောင်းတဲ့အခါ ခန္ဓာကိုယ်မှာ ထိခိုက်လာနိုင်တဲ့အရာတွေအများကြီးပါ။ ဒါကြောင့် အသည်းကျန်းမာရေးကိုသေသေချာချာဂရုစိုက်ဖို့လိုပါမယ်။
အသည်းမကျန်းမာရင် ဘာတွေဖြစ်လာနိုင်လဲ
အသည်းမကျန်းမာတဲ့အခါ –
- သွေးတိတ်အောင် လုပ်ဆောင်နိုင်စွမ်းကျသွားမယ်
- အစာခြေနိုင်စွမ်းနည်းသွားမယ်
- အာဟာရမပြည့်ဝသလိုဖြစ်လာမယ်
- အရေပြားနဲ့ မျက်လုံးအဖြူသားတွေဝါလာမယ်
- ဗိုက်အထက်နားကအောင့်မယ်
- ဝမ်းဗိုက်ရောင်ရမ်းမယ်
- ပင်ပန်းနွမ်းနယ်မယ်
- အော့အန်မယ်
- အိပ်ရေးပျက်မယ်
အသည်းရဲ့ လုပ်ငန်းဆောင်တာတွေက
အသည်းက ဒီတာဝန်တွေကို ယူထားရတာပါ။
- သွေးတွေကို စစ်ထုတ်သန့်စင်ပေးတယ်
- သည်းခြေရည်ထုတ်ပေးတယ်
- အဆီတွေကို ချေဖျက်ပေးတယ်
- လိုအပ်တဲ့ အာဟာရတွေကို စုပ်ယူသိုလှောင်ပေးတယ်
- သွေးတိတ်အောင်လုပ်ဆောင်ပေးတယ်
အသည်းရောဂါခံစားနေရသူတွေက ဘာတွေမစားသင့်ဘူးလဲ
အချိုများတဲ့ အစားအစာတွေ – သကြားလုံးတွေ၊ ကွတ်ကီး နဲ့ အချိုကဲတဲ့အစားအစာတွေ၊ အချိုရည်တွေ။ သစ်သီးဖျော်ရည်ဗူးလိုမျိုး အချိုကဲတဲ့သောက်စရာတွေ ကို အသည်းရောဂါရှိနေရင် မစားသုံးသင့်ပါဘူး။ အသည်းမှာအဆီတွေပိုဖြစ်စေနိုင်တာကြောင့်ရှောင်ပေးပါ။
ဆီကြော်စာတွေ – အဆီနဲ့ ကယ်လိုရီပါဝင်မှုများတာကြောင့် အသည်းအတွက်မကောင်းပါဘူး။ ဒါကြောင့် အဆီပါဝင်မှုများတဲ့ အစားအစာတွေကိုလျှော့စားပါ။ ဆီစားသုံးမှုကိုတတ်နိုင်သမျှလျှော့ပါ။
အငန်ကဲတဲ့ အစားအစာတွေ – အငန်ဓာတ်ကလည်း အသည်းကို ထိခိုက်စေနိုင်တဲ့အရာတစ်ခုဖြစ်တာကြောင့် အလွန်အကျွံမစားသင့်ပါဘူး။ ငန်မှခံတွင်းတွေ့တတ်တဲ့ အကျင့်ကိုပြင်ဆင်ပေးပါ။ အငန်ဓါတ်ပါဝင်မှုများတဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။
အနီရောင် အသားတွေ – အနီရောင်အသားမှာ ပြည့်ဝဆီပါဝင်မှုများတာကြောင့် အသည်းရောဂါရှိနေတယ်ဆိုရင်တော့ အနီရောင်အသားမစားပါနဲ့။
ကဖင်းပါတဲ့ သောက်စရာတွေ – ကဖင်းဓာတ် ပါဝင်မှုများတဲ့ သောက်စရာတွေက အသည်းရောဂါကို ပိုဆိုးစေနိုင်ပါတယ်။
အယ်လ်ကိုဟော – အယ်လ်ကိုဟောပါဝင်နေတဲ့ သောက်စရာတွေက အသည်းကို ထိခိုက်စေနိုင်တဲ့အရာတွေဆိုတာပြောနေစရာတောင်မလိုပါဘူး။ ဒါကြောင့် အသည်းရောဂါခံစားနေရပြီဆိုရင်တော့ အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို မဖြစ်မနေရှောင်ကြဉ်ပေးပါ။
ပေါင်မုန့်၊ ထမင်း –ပေါင်မုန့်ကြမ်းက အဆင်ပြေပေမယ့် ဂျုံအနုနဲ့လုပ်ထားတဲ့ပေါင်မုန့်ကတော့ အသည်းရောဂါခံစားနေရသူတွေနဲ့ မသင့်တော်ပါဘူး။ ထမင်းကလည်း အများကြီးမစားတာကအကောင်းဆုံးပါ။
အသင့်စားအစားအစာတွေ – အသင့်စားအစားအစာတွေက ဖြစ်နိုင်ရင် မစားတာအကောင်းဆုံးပါ။ အသည်းရောဂါရှိသူတွေအနေနဲ့ ဆိုရင်တော့ မဖြစ်မနေကိုရှောင်သင့်တဲ့ စားစရာတွေပေါ့။ အချိုအငန်ကဲတဲ့အပြင် ကယ်လိုရီနဲ့ အဆီပါဝင်မှုလည်းများပါတယ်။
အသည်းရောဂါခံစားနေရပေမယ့် ရောဂါအခြေအနေ ပိုဆိုးမလာစေဖို့နဲ့၊ သက်တမ်းစေ့စေ့နေထိုင်နိုင်စေဖို့အတွက် အခုပြောပြခဲ့တဲ့ အစားအစာတွေကို တတ်နိုင်သမျှရှောင်ပေးပါ။
[embed-health-tool-bmr]