ဖျားနေပြီမလား လေတိုက်ခံတာကိုး၊ လေစိမ်းတွေ တိုက်ရင် ဖျားလိမ့်မယ်တဲ့။ လူကြီးမိဘတွေ အစဉ်အဆက် ပြောခဲ့ကြတယ်။ ဒါဆို တကယ်ပဲ လေစိမ်းတိုက်လို့ ဖျားတာလား …… ဆိုတာကို ကြည့်လိုက်ရအောင်နော်။
လေစိမ်းတိုက်လို့ ဖျားတာလား
လေစိမ်းတိုက်လို့ ဖျားတာလား ဆိုပြီး အရင်ကတည်းက ဒီလို ယုံကြည်လာခဲ့ကြ ပေမယ့် သိပ္ပံနည်းကျ လေ့လာမှုတွေ၊ သုတေသနတွေ အရတော့ လေအေးတွေက အအေးမိ တုပ်ကွေးမဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် အသက်ရှူလမ်းကြောင်းစနစ် အတွက် လေအေးရဲ့ သက်ရောက်မှုကို တစ်ဖက်ကနေ လေ့လာကြည့် ရအောင်ပါ။ လေအေး တိုက်တယ် ဆိုတာက အရေးပါတဲ့ ခန္ဓာကိုယ် ခုခံမှု ယန္တရားဖြစ်တဲ့ ချွဲသလိပ်တွေရဲ့ လုပ်ဆောင်ချက်ကို ထိခိုက်စေပါတယ်။ အသက်ရှူလမ်းကြောင်း တစ်ခုလုံးကို ချွဲသလိပ် အလွှာပါး တစ်ခုက ဖုံးအုပ်ထားပါတယ်။ အဆုတ်ထဲကို အမှုန်အမွှားတွေနဲ့ ရောဂါပိုးမွှားတွေ မဝင်ရောက်ခင် အဲဒီ အလွှာက တားဆီး ဆွဲယူထားလိုက်တာ ဖြစ်ပါတယ်။
ပြောရရင် အသက်ရှူလမ်းကြောင်းထဲက အမှုန်အမွှားတွေကို စက်ခါးပတ် တစ်ခုလို ဆွဲယူ ဖယ်ရှားပေးတာပါ။ ဒီအလွှာရဲ့ လုပ်ဆောင်ချက်တွေက ချွဲသလိပ်တွေရဲ့ ထိုက်သင့်သလောက် စေးကပ်နိုင်စွမ်း(အမှုန်တွေကို) နဲ့ ပမာဏ (အမှုန်တွေကို ဆွဲယူ၊ ဖယ်ရှား ရွေ့လျားနိုင်စွမ်း)ကို မူတည်နေပါတယ်။ ဒါကို လေတိုက်ခြင်းကြောင့်၊ ဓာတုပစ္စည်းတွေကြောင့်၊ ဆေးလိပ်ငွေ့ကြောင့် ဒါမှမဟုတ် တခြား အကြောင်းကြောင့် သက်ရောက် ပြောင်းလဲစေခဲ့ရင် အသက်ရှူလမ်းကြောင်းမှာ ရောဂါပိုး ကူးစက်ခံရ လွယ်စေပါတယ်။
လေအေးတွေက ချွဲသလိပ် ထွက်ရှိမှုကို တိုးစေဖို့ နှိုးဆွတာ ဖြစ်ပေမယ့် ချွဲသလိပ်ဆိုတာ ရာသီဥတု ပတ်ဝန်းကျင် အေးနေရင် ပိုပျစ်လာတတ်ပါတယ်။ ဒါ့ကြောင့် လေအေးတွေကို ရှူလိုက်တဲ့အခါ ပါလာတဲ့ အမှုန်အမွှားတွေကို ဖယ်ရှားရ မလွယ်တော့ပါဘူး။
နောက်တစ်ချက်က နှာခေါင်း လမ်းကြောင်းပါ။ နှာခေါင်းဟာ ရှူသွင်းလိုက်တဲ့ လေကို အသုံးချပြီး နုနယ်တဲ့ အဆုတ် တစ်ရှူးတွေကို ကာကွယ်နိုင်ဖို့ ရှိနေတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ ရှူသွင်းလိုက်တဲ့ လေရဲ့ စိုထိုင်းမှုကို တစ်သမတ်တည်း ဖြစ်အောင် နှာခေါင်းက အစိုဓာတ် ထိန်းညှိပေးပါတယ်။
အပူချိန်ကိုလည်း ဒီအတိုင်းပါပဲ။ ရှူသွင်းလိုက်တဲ့လေရဲ့အပူချိန်ကို တစ်စက္ကန့်ရဲ့လေးပုံတစ်ပုံအတွင်းမှာပဲ သွေးကြောသေးသေးလေးတွေရဲ့အကူအညီနဲ့ နှာခေါင်းကပြောင်းလဲပေးပါတယ်။လေအေးတွေကို နှာခေါင်းကရှူရှိုက်လိုက်တဲ့အခါ ဆံချည်မျှင်သွေးကြောလေးတွေ ကျယ်ကားလာတဲ့အတွက် အမြှေးပါးတစ်ရှူးတွေကဖောင်းလာပြီး လေအေးကို အပူချိန်ပြောင်းလဲပေးလိုက်ပါတယ်။
နှာစေးနှာပိတ်ဖြစ်လာတဲ့အခါ အတွင်းမှာရှိနေတဲ့ချွဲတွေက ပိုများလာ၊ ပိုပျစ်လာပါတယ်။ လေအေးတွေကြောင့် နှာစေး၊နှာပိတ်ဖြစ်လာနိုင်ပြီး ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေဖယ်ရှားနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေပါတယ်။
နောက်ဆုံးသက်ရောက်စေတာကတော့ အဆုတ်ကို ပါပဲ။လေအေးတွေက အဆုတ်ထဲရောက်တဲ့အခါ အဆုတ်က histamineတွေထုတ်ပြီးတုံ့ပြန်ပါတော့တယ်။ အဲဒီအခါ နှာခေါင်း၊လည်ချောင်းတို့မှာ histamineကြောင့် ယားတာ၊ ရောင်ရမ်းတာတွေဖြစ်စေတာကြောင့် ပန်းနာရင်ကျပ် သို့မဟုတ် အသက်ရှူလမ်းကြောင်းမှာ ဓာတ်မတည့်မှုဖြစ်လွယ်တဲ့သူတွေမှာ အသက်ရှူသံတရွှီရွှီနဲ့ ရင်ကျပ်စေပါတယ်။
လေအေးတွေကြောင့် အအေးမိဖြစ်စေတာတော့မဟုတ်ပေမယ့် တစ်နည်းအားဖြင့် သွယ်ဝိုက်သက်ရောက်နိုင်ပါတယ်။ အအေးမိတုပ်ကွေးဖြစ်လာစေတဲ့ အကြောင်းရင်းတွေကို အားပေးတာမျိုးတော့ဖြစ်နိုင်ပါတယ်။ ဒီတော့ လေအေးတွေကိုရှူရှိုက်မိရင် အဆုတ်ကို ရောက်မယ့်လေကို နွေးစေဖို့အတွက် နှာခေါင်းနဲ့ ပါးစပ်နားမှာ ပဝါလေးတစ်ထည်လောက်ပတ်ထားပါ။ နှာခေါင်းနဲ့ ရှူသွင်းပြီး ပါးစပ်ကရှူထုတ်ပါ။ အေးတဲ့ရာသီမှာ လေထုညစ်ညမ်းမှုများတတ်တာကြောင့် ပန်းနာရင်ကျပ်နဲ့ အဆုတ်ရောဂါရှိသူတွေမှာ ထိခိုက်နိုင်ခြေပိုများပါတယ်။
အအေးမိဝေဒနာ ဘယ်လိုကာကွယ်မလဲ
- အေးနေတဲ့ရာသီဥတုမှာ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင် အဆုတ်ကို လေအေးတွေ တိုက်ရိုက်မရောက်စေဖို့ ပါးစပ်နဲ့ အသက်မရှူပါနဲ့။ နှာခေါင်းနဲ့ပဲ အသက်ရှူပါ။
- ရေများများသောက်ပါ။ ချွဲတွေကို ကျဲစေပြီး ရောဂါပိုးမွှားဖယ်ရှားမှုလုပ်ငန်းစဉ်ကို ပိုအထောက်အကူပေးပါတယ်။
- လက်ကို မကြာခဏဆေးကြောပါ။
- နေမကောင်းဖြစ်နေတဲ့သူတွေနဲ့ ကြုံရင်၊ အနီးကပ်လူတစ်ဦးဦးမှာ နေမကောင်းဖြစ်ရင် အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်မှုကို သတိပြုပါ။ နှာခေါင်းစည်းသုံးပါ၊ လက်ဆေးပါ။
[embed-health-tool-bmi]