backup og meta

အအေးမိတာလား၊ တုပ်ကွေးလား

အအေးမိတာလား၊ တုပ်ကွေးလား

အတော်များများက အအေးမိတုပ်ကွေးလို့ ကြားရင် ရောဂါတစ်ခုတည်းလို့ထင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း အအေးမိတာနဲ့ တုပ်ကွေးက နည်းနည်းတော့ ကွာပါတယ်။ ဒီ နှစ်မျိုးက ပြသတဲ့လက္ခဏာတွေလည်း နည်းနည်းကွဲပြားတာကြောင့် အအေးမိတာလား၊ တုပ်ကွေးလား ဆိုတာကို ဘယ်လိုခွဲခြားကြမလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်ပါ။

ယေဘုယျပြောရမယ်ဆို အအေးမိရောဂါက တုပ်ကွေးလောက်မပြင်းထန်ပါဘူး။ အအေးမိရင် ၂-၃ ရက်ကနေ တစ်ပတ်လောက်ထိ နေရတာ မအီမလည်ဖြစ်တတ်ပေမယ့် တုပ်ကွေးဆိုရင်တော့ တစ်ပတ်ကျော်တဲ့အထိ ခံစားရတတ်ပါတယ်။ နောက်ပြီး ကိုယ်ခံအားသိပ်မကောင်းတဲ့သူတွေဆို တုပ်ကွေးဝင်ရင် အဆုတ်ရောင်ရောဂါလို နောက်ဆက်တွဲပိုပြင်းထန်တဲ့ရောဂါတွေခံစားရနိုင်ပါတယ်။

အအေးမိ လက္ခဏာတွေက ဘာတွေလဲ

ပထမဆုံးနဲ့ အသိသာဆုံးပြတတ်တဲ့ လက္ခဏာကတော့ လည်ချောင်းနာတာပါပဲ။ ပြီးရင် နှာခေါင်းပိုင်းမှာ ပြဿနာပေါ်လာမယ်။ နှာရည်ယို၊ နှာပိတ်တာတွေဖြစ်လာပြီးရင် ချောင်းပါဆိုးလာလေ့ ရှိပါတယ်။ ကလေးတွေမှာ အအေးမိရင် ဖျားပါဖျားတတ်ပေမယ့် လူကြီးတွေမှာတော့ သိပ်ဖျားလေ့မရှိပါဘူး။ အအေးမိတာအများစုက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။

အေးမိတာကို ဘယ်လောက်ကြာကြာခံရတတ်သလဲ

များသောအားဖြင့် တစ်ပတ်လောက်ပါပဲ။ လက္ခဏာစပြတဲ့ ပထမဆုံး ၃ ရက်လောက်မှာတော့ နေမကောင်းတဲ့သူကနေ တခြားသူတွေကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဒီအချိန်အတွင်းမှာ ကိုယ့်အိမ်မှာပဲ နားနားနေနေ နေတာအကောင်းဆုံးဖြစ်မှာပါ။ တစ်ပတ်ကျော်တဲ့အထိ မသက်သာရင်တော့ ဘက်တီးရီးယားပိုးပါ ဝင်သွားလို့ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး ပိုးသတ်ဆေးသောက်ဖို့ လိုပါပြီ။

တုပ်ကွေးလက္ခဏာတွေက ဘာတွေလဲ

တုပ်ကွေးလက္ခဏာတွေက အအေးမိတာထက် ပိုပြင်းထန်ပြီး ရောဂါလက္ခဏာပြတာလည်း ပိုမြန်ပါတယ်။ လည်ချောင်းနာတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေကိုက်ခဲတာ၊ နှာရည်ယိုတာ၊ ချောင်းဆိုးတာတွေ ခံစားရနိုင်ပါတယ်။ ဒါတွေက ရိုးရိုးတုပ်ကွေးအတွက်ဖြစ်ပြီး နည်းနည်းပိုဆန်းပြားတဲ့ ကြက်ငှက်တုပ်ကွေးလို ရောဂါမျိုးဆိုရင် အော့အန်တာ၊ ဝမ်းလျှောတာတွေပါ ခံစားရနိုင်ပါတယ်။

တုပ်ကွေးဖြစ်ရင် အချိန်ဘယ်လောက်ကြာကြာခံရသလဲ

တုပ်ကွေးလက္ခဏာအများစုက (ကိုယ်ခံအားကောင်းတဲ့သူဆို) တစ်ပတ်လောက်ကြာရင် တဖြည်းဖြည်းပြန်ကောင်းလာတတ်ပေမယ့် ဒီထက်လည်း ပိုကြာကြာခံစားရနိုင်ပါတယ်။ တုပ်ကွေးရောဂါမှာ အဓိကကြောက်ရတာက နမိုနီးယားအဆုတ်ရောင်ရောဂါလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်ပါတယ်။ ငယ်ရွယ်ပြီးကျန်းမာတဲ့ လူငယ်တွေဆို သိပ်မကြုံရပေမယ့် ကလေးငယ်ငယ်လေးတွေနဲ့ အသက်ကြီးသူတွေ၊ ရောဂါတစ်ခုခုအခံရှိသူတွေ (နှလုံးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ) ဆို ပိုခံစားရနိုင်ပါတယ်။

အအေးမိတာလား၊ တုပ်ကွေးလား ဘယ်လိုသိနိုင်မလဲ

အရင်ဆုံး ကိုယ်အပူချိန်တိုင်းကြည့်သင့်ပါတယ်။ ကိုယ်လက်ကိုက်ခဲတာ၊ နှာရည်ယိုတာတွေက နှစ်မျိုးစလုံးမှာခံစားရနိုင်ပေမယ့် အအေးမိပြီး ကိုယ်အပူချိန် ၁၀၁ ဒီဂရီကျော်အထိ ဖျားတာ အတော်ရှားပါတယ်။ နောက်ပြီး ကိုယ်လက်ကိုက်ခဲပြီး နုံးချိချိခံစားရတာမျိုးက တုပ်ကွေးရောဂါမှာ ပိုဖြစ်တွေ့ရပါတယ်။ အအေးမိတာလိုလို တုပ်ကွေးလိုလို ခံစားရပြီး မခွဲနိုင်ဖြစ်နေရင်တောင် အခုအောက်က လက္ခဏာ ၄ ခုပြလာရင် ပိုဆိုးတဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ မမေ့ပါနဲ့။

  • ဖျားတာ ၃ ရက်ထက် ကျော်လာမယ် (ဘက်တီးရီးယားပိုးဝင်သွားလို့ ဖြစ်နိုင်ပါတယ်)
  • လည်ချောင်းက တစ်ခုခုမျိုချလိုက်တိုင်း အရမ်းနာကျင်နေမယ် (ပိုးဝင်ပြီး လည်ချောင်းနာတာ ဖြစ်နိုင်ပါတယ်)
  • ချောင်းဆိုးတာ ၃ ပတ်ကျော်တဲ့အထိ မပျောက်ဘူး (အသက်ရှူလမ်းကြောင်းထဲက လေပြွန်ငယ်လေးတွေ ရောင်ရမ်းသွားလို့ဖြစ်နိုင်ပါတယ်)
  • နှာရည်တောက်လျှောက်ယိုပြီး ခေါင်းလည်းအရမ်းကိုက်နေတယ် (ထိပ်ကပ်နာလို့ခေါ်တဲ့ ရောဂါတစ်မျိုးခံစားရလို့ ဖြစ်နိုင်ပါတယ်)

ရေးသားသူ – Dr.Htoo Tint

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ယခုပုံစံ

14/07/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တုပ်ကွေး ဖြစ်ရင် ပိုးသတ်ဆေးသောက်ဖို့ လိုမလား။

အအေးမိတာလား၊ ဓါတ်မတည့်တာလား


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement