backup og meta

အိုင်အိုဒင်းချို့တဲ့နေရင် ဒီလက္ခဏာတွေဖြစ်နေနိုင်ပါတယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိုင်အိုဒင်းချို့တဲ့နေရင် ဒီလက္ခဏာတွေဖြစ်နေနိုင်ပါတယ်

    အိုင်အိုဒင်းဓါတ်ဆိုတာ ခန္ဓါကိုယ်အတွက် မရှိမဖြစ်တဲ့ သတ္တုဓါတ်တစ်မျိုးပါ။ သိုင်းရွိုက်ဂလင်းတွေကဟော်မုန်းထုတ်လုပ်ဖို့အတွက် အိုင်အိုဒင်းကိုအသုံးပြုကြပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေက ဖွံ့ဖြိုးကြီးထွားမှုအပေါ်သက်ရောက်နိုင်သလို ထိခိုက်ပျက်စီးနေတဲ့ဆဲလ်တွေကိုပြန်လည်ပြုပြင်ပေးနိုင်တယ်၊ ကိုယ်တွင်းဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးပြုတယ်။

    ဒီလိုအရေးပါတဲ့အိုင်အိုဒင်းဓါတ်ကို ခန္ဓါကိုယ်ထဲမှာချို့တဲ့နေမယ်ဆိုရင် ကျန်းမာရေးမှာပြဿနာတွေရှိလာနိုင်တယ်။ ဒီလိုချို့တဲ့နိုင်တဲ့အန္တရာယ်က ဒီလူတွေမှာ ပိုများပါတယ် –

    • ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊
    • အရှေ့တောင်အာရှ၊ တောင်အာရှ၊ နယူးဇီလန်၊ ဥရောပနိုင်ငံတွေလို မြေဆီလွှာမှာ အိုင်အိုဒင်းနည်းပါးတဲ့နေရာတွေမှာနေထိုင်သူတွေ၊
    • အိုင်အိုဒင်းဆား မသုံးသူတွေ၊
    • သက်သတ်လွတ်စားသူတွေဖြစ်ပါတယ်။

    အိုင်အိုဒင်းချို့တဲ့တာက သိုင်းရွိုက်ဟော်မုန်းနည်းရောဂါနဲ့လက္ခဏာချင်းဆင်တူပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေထုတ်ပေးဖို့အတွက် အိုင်အိုဒင်းကိုသုံးရတာမို့ အိုင်အိုဒင်းချို့တဲ့တဲ့အခါဟော်မုန်းနည်းရောဂါဖြစ်လာစေနိုင်ပါတယ်။

    အများအားဖြင့်တွေ့ရတတ်တဲ့ သိသာထင်ရှားတဲ့လက္ခဏာတွေကတော့ –

    (၁) ကိုယ်အလေးချိန်တိုးလာတာ

    လူတစ်ယောက်မှာ ကိုယ်တွင်းဇီဝဖြစ်စဉ်ကောင်းမွန်တယ်ဆိုရင် ခွန်အားဖြစ်လာဖို့ ကယ်လိုရီတွေလောင်ကျွမ်းပေးပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းတဲ့Hypothyroidism ဆိုရင်တော့ ဇီဝဖြစ်စဉ်ကိုနှေးကွေးစေတာဖြစ်ပါတယ်။ ဒီလိုနှေးကွေးတဲ့အခါ ကယ်လိုရီတွေကို အဆီအဖြစ်ကျန်ရစ်စေလို့ ကိုယ်အလေးချိန်ကိုတိုးစေပါတယ်။

    (၂) အားမရှိသလို ခံစားရတာ

    အိုင်အိုဒင်းချို့တဲ့သူတစ်ယောက်က အားမရှိသလိုခံစားနေရနိုင်ပါတယ်။ အရင်က အလွယ်တကူ မ နိုင်နေတဲ့အရာဝတ္တုတွေကိုတောင် မ ရတာလေးလံသလိုခံစားနေရတာမျိုး။ ကယ်လိုရီလောင်ကျွမ်းမှုအားနည်းလာတဲ့အခါ ခွန်အားနည်းလာပြီး ကြွက်သားတွေက အလုပ်သိပ်လုပ်နိုင်တော့ပါဘူး။

    (၃) ပင်ပန်းနေတာ

    အကြောင်းရင်းမရှိဘဲ၊ ဘာမှလည်းမလုပ်ရဘဲ ပင်ပန်းနွမ်းနယ်နေတာက အိုင်အိုဒင်းချို့တဲ့နေတဲ့ လက္ခဏာပါ။ ကိုယ်အလေးချိန်တိုးလာတာနဲ့တွဲလိုက်ရင်ပိုဆိုးပါတယ်။

    (၄) ဆံပင်ကျွတ်တာ

    သိုင်းရွိုက်ဟော်မုန်းတွေက ဆံပင်အမြစ်အိတ်အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။ Hypothyroidismဖြစ်နေတဲ့အခါ ဆံပင်အမြစ်အိတ်အသစ်ဖြစ်ပေါ်မှုတွေရပ်သွားစေတာမို့ ဆံပင်ကျွတ်လာစေနိုင်ပါတယ်။ ကြာလာတဲ့အခါ အိုင်အိုဒင်းချို့တဲ့သူမှာ ဆံပင်ပါးလာပါတယ်။

    (၅) အသားခြောက်သွေ့တာ

    အသားအရေမှာခြောက်သွေ့ပြီး အဖတ်တွေကွာတာကလည်း ဒီလက္ခဏာဖြစ်နိုင်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းနည်းခြင်းကြောင့်လည်း အရေပြားဆဲလ်သေတွေစုလာစေနိုင်ပြီး တစ်ခါတလေ အသားခြောက်စေနိုင်ပါတယ်။

    (၆) ချမ်းတတ်တာ

    ဇီဝကမ္မဖြစ်စဉ်နှေးကွေးစေတဲ့အခါ ခွန်အားလျော့နည်းတာကြောင့် ခန္ဓါကိုယ်အနွေးဓါတ်ကိုလျော့စေပါတယ်။ ဒါ့ကြောင့် သူများတွေထက် ပိုပြီး အအေးဓါတ်ကိုပိုခံစားမိတတ်ပါတယ်။

    (၇) နှလုံးခုန်နှေးတာ

    အိုင်အိုဒင်းချို့တဲ့တဲ့အခါ နှလုံးခုန်နှုန်းကို ပိုနှေးစေနိုင်ပါတယ်။ နှလုံးခုန်နှေးတဲ့အခါခေါင်းမူးတာ ၊နေလို့မကောင်းတာတွေဖြစ်စေနိုင်ပါတယ်။ တချို့တွေမှာ မူးမေ့လဲတာတွေလည်းဖြစ်စေနိုင်ပါတယ်။

    (၈) လေ့လာနိုင်စွမ်း ဒါမှမဟုတ် မှတ်ဉာဏ်ပြဿနာဖြစ်လာတာ

    သိုင်းရွိုက်ဟော်မုန်းတွေက ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးပါတယ်။ ဒါ့ကြောင့် အိုင်အိုဒင်းမလုံလောက်လို့Hypothyroidismဖြစ်တဲ့အခါ မှတ်ဉာဏ်နဲ့သင်ယူလေ့လာနိုင်စွမ်းတွေမှာပြဿနာရှိလာနိုင်ပါတယ်။

    (၉) ကိုယ်ဝန်နောက်ဆက်တွဲပြဿနာတွေရှိလာတာ

    ကိုယ့်အတွက်တင်မကဘဲ ဗိုက်ထဲက ကလေးအတွက်ပါ နှစ်ယောက်စာလိုအပ်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အိုင်အိုဒင်းအလုံအလောက်ရရှိဖို့မလွယ်ပါဘူး။ သိုင်းရွိုက်ဟော်မုန်းတွေအလုံအလောက်မရှိတဲ့အခါ ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုကို ဖြစ်သင့်သလောက်မဖြစ်ဘဲ တန့်သွားစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်မှာ အိုင်အိုဒင်းမလုံလောက်တဲ့အခါ ကလေးအသေမွေးနိုင်ခြေ ပိုများတတ်ပါတယ်။

    (၁၀) ရာသီသွေးဆင်းများတာ ဒါမှမဟုတ် ရက်မမှန်တာ

    သိုင်းရွိုက်ဟော်မုန်းပမာဏနည်းတာက ရာသီစက်ဝန်းကို ထိန်းညှိတဲ့ဟော်မုန်းတွေပမာဏကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ပုံမှန်ထက် ရာသီသွေးဆင်းပိုများနေတာ၊ ပုံမှန်ထက် ရက်နောက်ကျတာ၊စောတာတွေဖြစ်တတ်ပါတယ်။

    (၁၁) လည်ပင်းကြီးတာ

    အိုင်အိုဒင်းချို့တဲ့ရင် လည်ပင်းလည်းကြီးလာနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းက ကြီးလာတာကြောင့်ပါ။ သိုင်းရွိုက်ဂလင်းမှာ အိုင်အိုဒင်းမလုံလောက်တဲ့အခါသွေးထဲကနေ ပိုပြီးစုပ်ယူဖို့ကြိုးစားလာပါလိမ့်မယ်။ ဒီလိုဖြစ်လာရင် သိုင်းရွိုက်ဂလင်းကကြီးလာပြီး လည်ပင်းကြီးလာတာဖြစ်ပါတယ်။

    နောက်ဆက်တွဲပြဿနာတွေက

    အိုင်အိုဒင်းချို့တဲ့ခြင်းရဲ့နောက်ဆက်တွဲပြဿနာတွေကို ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ကလေးတွေမှာ ခံစားရတာအပြင်းထန်ဆုံးပါ။ တချို့မှာဆို ကလေးတွေ အသေမွေးတာ၊ ဦးနှောက်ဖွံ့ဖြိုးမှုရပ်တန့်သွားတာကြောင့် စိတ်ပိုင်းဆိုင်ရာရောဂါတွေနဲ့မွေးဖွားလာတာမျိုးဖြစ်လာနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 24/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement