backup og meta

ခံတွင်းနံ့ဆိုးလို့ လူကြားထဲ စကားမပြောရဲဘူး ဖြစ်နေလား ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်းနံ့ဆိုးလို့ လူကြားထဲ စကားမပြောရဲဘူး ဖြစ်နေလား ။ ။

    လူကြားထဲ စကားပြောထဲအချိန်မှာ ကိုယ့်ခံတွင်းနံ့ဆိုးလို့ သူများ နှာခေါင်းရှုံ့သွားတဲ့ ဖြစ်ရပ်မျိုးကို သင်ကြုံတွေ့နေရပြီဆိုရင် သင့် ခံတွင်းကျန်းမာရေးကို ပြန်ဂရုစိုက်ဖို့လိုနေပါပြီ။ ခံတွင်းနံ့ဆိုးတာဟာ သင့်ရဲ့ ကိုယ်ပိုင်ယုံကြည်မှုကို ထိခိုက်စေနိုင်တဲ့အပြင် သင့်ကိုလူကြားထဲမှာ အရှက်ရစေတဲ့ ကိစ္စတစ်ခုပါ။ ဒီတော့ ကိုယ့်ရဲ့ခံတွင်းနံ့ဆိုးကို ဘယ်လိုပျောက်အောင် လုပ်မလဲ။ ။

  • သွားကို ပုံမှန်တိုက်ပါ – ခံတွင်းနံ့နံတာရဲ့ အဓိက အကြောင်းအရင်းက သွားကြိုသွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကျန်ခဲ့တာကြောင့်နဲ့ သွားချေးတွေကြောင့်ပါ။ ဒီပြဿာနာကို အဖြေရှင်းနိုင်ဆုံးကတော့ သွားပုံမှန်တိုက်တာနဲ့ သွားပွတ်ကြိုး အသုံးပြုပေးတာဖြစ်ပါတယ်။
  • ခံတွင်းသန့်စင်ဆေးရည်ကို အသုံးပြုပြီး ပလုတ်ကျင်းပါ – ခံတွင်းသန့်စင်ဆေးရည်ကို နေ့စဉ် အသုံးပြုပေးပါ။ ခံတွင်းထဲမှာ ရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တဲ့ ဘက်တီးရီးယားတွေ ထပ်မပေါက်အောင် တားဆီးပေးနိုင်တဲ့ ခံတွင်းသန့်စင်ဆေးရည်တွေကို သုံးပေးဖို့တော့ အရေးကြီးပါတယ်။ ခက်တာက ခံတွင်းသန့်ဆေးရည်ဆိုတာ ခံတွင်းနံ့နံတာကို ခဏတာပဲ ဖြေရှင်းပေးနိုင်တာဖြစ်လို့ ခံတွင်းနံ့နံတာကို တကယ်အဓိက ဖြစ်စေတဲ့ အကြောင်းအရင်းကို သိပြီး ပြုပြင်ဖို့တော့လိုပါတယ်။
  • ဆေးလိပ်ဖြတ်ပါ – ဆိုးဝါးတဲ့ ခံတွင်းနံ့ကိုဖြစ်စေတဲ့ နောက်အကြောင်းအရင်းတစ်ချက်ကတော့ ဆေးလိပ် သောက်တာပါ။ ဆေးလိပ်ကြောင့် ခံတွင်းထဲမှာ ဘက်တီးရးယားတွေ ပိုပေါက်စေလို့ ခံတွင်းနံ့ ဆိုးစေတဲ့အပြင် ဆေးလိပ်ဟာ သွားတွေကို စွန်းထင်းစေပြီး ခံတွင်းကင်ဆာတောင် ဖြစ်စေတဲ့ အရာတစ်ခုပါ။ ဆေးလိပ်မဖြတ်မချင်း ဆေးလိပ်ကြောင့် ဖြစ်တဲ့ ခံတွင်းနံ့ဆိုးတာကတော့ ကပ်ပါနေဦးမှာပါ။
  • အစားအသောက်ဆင်ခြင်ပါ – လူကြားထဲ သွားခါနီး ခံတွင်းနံ့ဆိုးတာကို ကြိုကာကွယ်ချင်ရင်တော့ ကိုယ်စားတဲ့ အစားအသောက်တွေကို ဆင်ခြင်စေချင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ဟာ ခံတွင်းနံ့ကိုပြင်းစေတဲ့အပြင် ကော်ဖီဟာလည်း ခံတွင်းနံ့ဆိုးတာကို ဖြစ်စေတတ်တဲ့ အရာတစ်ခုပါ။
  • ခံတွင်းရှင်းစေတဲ့ အစားအသောက်တွေ ရွေးစားပါ – တစ်ချို့ အစားအသောက်တွေဟာ စားလိုက်တာနဲ့ သင့်ခံတွင်းကို သန့်ရှင်းသွားစေတယ်ဆိုတာ သင်သိပါသလား။ ပန်းသီး၊ သခွားသီးနဲ့ ဆလပ်ရွက်တို့ဟာ သင့်ခံတွင်းကို သဘာဝ အတိုင်း သန့်ရှင်ေးပးတဲ့ အစားအသောက်တွေပါ။
  • လျှာပွတ်ကြိုးကို အသုံးပြုပါ – သွားပွတ်တံပဲ သုံးသုံး လျှာပွတ်ကြိုးကိုပဲ သုံးသုံး လျှာပေါ်မှာကပ်နေတဲ့ ခံတွင်းနံ့ဆိုးတာကိုဖြစ်စေတဲ့ စားကြွင်းစားကျန်တွေ၊ သွားချေးတွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးဖို့လိုပါတယ်။
  • သွားဖုံးကို ဂရိုစိုက်ပါ – သွားဖုံးပြည်တည်တာတို့၊ သွားဖုံးအနာဖြစ်တာတို့ရှိနေရင် ခံတွင်းနံ့ဆိုးမယ်ဆိုတာကို ပြောကြည့်ဖို့တောင် လိုမယ်မထင်ပါဘူး။ မကျန်းမာတဲ့ သွားဖုံးရဲ့ အောက်ခြေမှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေကြောင့် သင့်သွားဖုံး အနာမကျက်တော့မယ့် အပြင် ခံတွင်းနံ့ ဆိုးနေမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် သွားဖုံးနဲ့ ပက်သက်လို့ တစ်ခုခုဖြစ်ခဲ့ရင် သွားဆရာဝန်ဆီ သေချာသွားပြတာကသာ အကောင်းဆုံးပါ။
  • ပီကေဝါးပါ – ပူရှိန်းပီကေ၊ ပူရှိန်းသကြားလုံးတို့လို ပူစီနံနဲ့ လုပ်ထားတဲ့ အချိုသိပ်မပါတဲ့ ပီကေတွေ ဝါးပေးပါ။ ပီကေများများဝါးလေ တံတွေ များများထွက်လေဖြစ်ပြီး သွားပေါ်မှာ အစားတွေကပ်ကျန်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။
  • ရေများများသောက်ပါ – သင်သောက်လိုက်တဲ့ ရေများများကြောင့် သင့်ခံတွင်းထဲမှာရှိတဲ့ ခံတွင်းနံ့ဆိုးခြင်းကိုဖြစ်စေတဲ့ အရာတွေ အားလုံး ဝမ်းထဲကို ကျသွားမှာ အသေအချာပါ။
  • သွားနှင့် ခံတွင်းဆရာဝန်ဆီ မှန်မှန်ပြပါ – သွားနဲ့ ခံတွင်းရောဂါ ဖြစ်မှသွားဆရာဝန်ဆီ သွားတာထက် မဖြစ်ခင်တည်းက ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးကို သွားဆရာဝန်ဆီ သွားစစ်တာ အကောင်းဆုံးပါ။
  • ကဲ ခုပြောထားတဲ့ အချက်လေးတွေကိုသာ လိုက်နာပြီး လိုက်လုပ်ကြည့်ရင် သင့်ကို စိတ်ဒုက္ခပေးနေတဲ့ ခံတွင်းနံ့ဆိုး လုံးဝ ပျောက်သွားမှာ အသေအချာနော်။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 27/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement