backup og meta

လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ

    လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ …. လူအများစုကတော့ လေလည်တာကို ရယ်စရာကောင်းတယ်၊ တခြားဘေးလူအတွက် အနှောင့်အယှက် ဖြစ်စေတယ်လို့ ထင်ကြတတ်ပေမယ့် တကယ်တော့ လေလည်တာဟာ လူတစ်ယောက် ကျန်းမာနေတာကို ပြနေတဲ့ လက္ခဏာတွေထဲက တစ်ခုပါ။ ဒီလိုမျိုး လေလည်မှသာ အစာအိမ်နဲ့ အူလမ်းကြောင်းထဲ အစာချေဖျက်ပြီး ထွက်လာတဲ့လေတွေက အပြင်ကို ပြန်အန်ထွက်လာကာ ဗိုက်အောင့်ဗိုက်နာတာ၊ လေပွတာတွေကို သက်သာစေမှာပါ။

    ဘာကြောင့် လေလည်တာလဲ။

    အစာစားနေရင်းနဲ့ ပြင်ပက လေတွေက လည်ချောင်းကနေ တစ်ဆင့် အစာအိမ်ထဲက ရောက်သွားတတ်ပါတယ်။ ဒါကြောင့်လည်း အစာစားနေရင် စကားမပြောနဲ့လို့ လူကြီးတွေ ဆုံးမခဲ့ဖူးတာပါ။ အဓိက နောက်တစ်ချက်ကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းက စားလိုက်တဲ့ အစားအစာတွေကို ချေဖျက်ရင်းနဲ့ လေတွေကို ထုတ်လွှတ်ပေးပါတယ်။

    ဒီလေတွေက ဗိုက်ထဲမှာ များလာတာနဲ့ ဗိုက်အောင့်တာ၊ လေပွတာ၊ ပျို့အန်ချင်တာ၊ အစာများများ မစားနိုင်တာ၊ ရင်ပြည့်တာ၊ ဝမ်းဗိုက်ဖောရောင်တာတွေပါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒီလေတွေကို အပြင်ပြန်ထုတ်ဖို့ လည်ချောင်းကနေ အပေါ်တက်ပြီး လေချဉ်တက်တာမျိုး ရှိသလို စအိုကြွက်သားကနေ အပြင်ဘက်ကို လေလည်ပြီး အပြင်ပြန်ထုတ်ပေးနိုင်ပါတယ်။

    လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ

    လေလည်တယ်ဆိုတာ ကျန်းမာခြင်းရဲ့ လက္ခဏာပြယုဂ်တစ်ခုပါ …. ဘာကြောင့် ဒီလို ပြောရတာလဲဆိုရင်တော့

    ၁။ ကိုယ့်ရဲ့ တစ်နေ့တာ စားသုံးမှုပမာဏ လုံလောက်မျှတတယ်ဆိုတာ ဖော်ပြနေတာပါ။

    လူတွေ အစာများများစားလေ၊ အစာအိမ်က ဒီစားလိုက်သမျှ အစာပမာဏတွေကို ပိုမို ချေဖျက်ပေးရတာကြောင့် လေတွေ ပိုမိုထုတ်လွှတ်ပေးပြီး လူက လေများများလည်ပါတယ်။ ပုံမှန်ဆိုရင်တော့ အစာအာဟာရကို စုံလင်စွာ စားသောက်တဲ့သူတွေမှာ လေများများ လည်တတ်သလို လေလည်တဲ့ အကြိမ်တိုင်းမှာလည်း အနံ့က အရမ်းမပြင်းတတ်ပါဘူး။ အစာချေဖျက်ဖို့ မလွယ်ကူတဲ့ အသားတွေ၊ ကစီဓာတ်တွေကို ပိုစားတဲ့အခါမှာတော့ ထွက်လာတဲ့ လေက အနံ့နည်းနည်း ပိုပြင်းနိုင်ပါတယ်။ ဒါပေမယ့် အနံ့ပြင်းလို့လည်း အရမ်းစိတ်ပူစရာမလိုပါဘူး။ အဓိကက ဗိုက်ထဲ လေရှိမနေဖို့ပါပဲ။

    ၂။ ဗိုက်အောင့် ဗိုက်နာခြင်းကို လျှော့ချပေးတယ်။

    အစာချေဖျက်ပြီး ထွက်လာတဲ့လေတွေဟာ အပြင်ဘက်ကို ထုတ်လွှတ်ခံရခြင်းမရှိရင် အစာအိမ်ထဲမှာပဲ ပိတ်လှောင်ထားသလို ဖြစ်သွားတတ်ပါတယ်။ နမူနာအရ မြင်အောင် ပြောရမယ်ဆိုရင် လေတွေအများကြီး မှုတ်ထားတဲ့ ပေါက်ကာနီး ပူဖောင်းတစ်လုံးကို တွေးကြည့်လို့ ရပါတယ်။ အထဲမှာ လေတွေ များလာလေ၊ ပူဖောင်းက ပွပြီး ကြီးလာလေ၊ သတ်မှတ်ထားတဲ့ ပမာဏထက် ပိုမိုစွာ လေသွင်းလိုက်တဲ့အခါ ပေါက်ထွက်သွားတတ်တာမျိုးပေါ့။ အစာအိမ်လည်း ထိုနည်းတူစွာပါပဲ။ လေတွေအထဲမှာ အရမ်းများလာရင် ဖောရောင်လာမယ်၊ ဗိုက်အောင့်ဗိုက်နာဖြစ်လာမယ်၊ လေပွပြီး အန်ချင်လာမယ်။ ဒါကို ကာကွယ်ဖို့အတွက် မဖြစ်မနေ လေလည်ဖို့ လိုအပ်ပါတယ်။

    ၃။ အူလမ်းကြောင်း ကျန်းမာခြင်းကို ဖော်ပြနေတယ်။

    အူလမ်းကြောင်းနဲ့ အစာအိမ်တွေမှာ ကျန်းမာရေး အကျိုးပြု ဘက်တီးရီးယားတွေ အများအပြားရှိပါတယ်။ ဒီဘက်တီးရီးယားတွေက စားလိုက်တဲ့ အစားအစာတွေကို ကူညီချေဖျက်ပေးသလို အထဲမှာ ဖြစ်နေတဲ့ မှိုပိုးတွေနဲ့ ရောဂါဆဲလ်တချို့ကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒီဘက်တီးရီးယားပိုးတွေက အူလမ်းကြောင်းထဲမှာ များနေတဲ့အခါ စားလိုက်တဲ့အစားအစာတွေကို ကူညီချေဖျက်ပေးလို့ လေကိုပုံမှန်အတိုင်း လည်စေပြီး အစာခြေစနစ်ကို ကူညီထောက်ပံ့ပေးနိုင်ပါတယ်။

    ဘယ်လောက်ပမာဏ လေလည်ခြင်းဟာ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ စံနှုန်းလဲ။

    ပုံမှန် လူတစ်ယောက်ဟာ တစ်နေ့ကို ၅ ကြိမ်ဟာ ၁၅ ကြိမ်အထိ လေလည်နိုင်ပါတယ်။ လေလည်တဲ့ အကြိမ်တိုင်းဟာ အနံ့ ရှိရမယ်၊ မရှိရဘူးလို့ သတ်မှတ်ထားတာတော့ မရှိပါဘူး။ တစ်နေ့ ၂၅ ကြိမ်ထက် ပိုပြီး လေလည်တယ်ဆိုရင်တော့ သတ်မှတ်ပမာဏထက် ကျော်လွန်သွားပြီဖြစ်တဲ့အတွက် ကိုယ်စားနေတဲ့ အစာအာဟာရကို ပြန်လည်စစ်ဆေးဖို့ လိုပါတယ်။ ဥပမာ – အစာကြေခဲတဲ့ အရွက်တွေ အများကြီး စားမိလို့လား၊ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ Lactose ဓာတ်နဲ့ ခန္ဓာကိုယ်က မတည့်လို့လား စသဖြင့် စစ်ကြည့်သင့်ပါတယ်။

    များသောအားဖြင့် စားလိုက်တာတွေထဲက လေလည်စေနိုင်တဲ့ အစားအစာများကို လျှော့ချပေးခြင်းဖြင့် ပုံမှန်အတိုင်း ပြန်ဖြစ်အောင် လုပ်လို့ ရပါတယ်။ အချိန်အတော်ကြာအောင် သတ်မှတ်စံနှုန်းထက် ပိုမိုလေလည်နေတယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်လို့ ရပါတယ်။

    လေလည်တာဟာ ပုံမှန် ကျန်းမာနေတဲ့ လူတစ်ယောက်မှာ တွေ့ရတတ်တဲ့ လက္ခဏာပါ။ ဒါကြောင့် လေလည်ရမှာကို တတ်နိုင်သလောက် မအောင့်ထားပါနဲ့၊ မရှက်ပါနဲ့။ လူကြားထဲမှာ ရောက်နေလို့ဆိုရင်တော့ ခဏအောင့်ထားတာ ပြဿနာမရှိပါဘူး။ ဒါမှမဟုတ်လည်း အိမ်သာထဲ အမြန်ဝင်ပြီး လေကိစ္စ ရှင်းလိုက်တာက ကိုယ့်ရဲ့ ဗိုက်ကို သက်တောင့်သက်သာ ဖြစ်စေနိုင်မှာပါနော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 06/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement