backup og meta

လေလည် ခြင်း (သို့) အီးပေါက်ခြင်း အနုပညာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေလည် ခြင်း (သို့) အီးပေါက်ခြင်း အနုပညာ

    လေလည် ခြင်း ဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ထဲမှာ Gas တွေများလာတဲ့အခါ အပြင်ကို စွန့်ထုတ်ဖို့အတွက် ဖြစ်လာရတဲ့ သဘာဝလုပ်ငန်းလေးတစ်ခုပဲဖြစ်ပါတယ်။ တချို့က လေလည်တာကို ရှက်စရာ ကိစ္စတစ်ခုအနေနဲ့ စဉ်းစားကြပါတယ်။ လူတွေအရှေ့မှာ လေလည်တဲ့အခါ အသံထွက်လာမှာ၊ အနံ့ဆိုးနေမှာ စိုးရိမ်တဲ့ စိတ်တွေနဲ့ တစ်ခါတစ်လေမှာ အတင်းအောင့်ထားတတ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လေဘာကြောင့် လည်ရတယ်၊ အောင့်ထားရင် ဘာတွေ ဖြစ်နိုင်တယ်၊ လေလည်တဲ့ အကြိမ်နည်းသွားအောင် ဘယ်လို နည်းလမ်းတွေ သုံးနိုင်တယ်ဆိုတာတွေ နဲ့ ပတ်သတ်ပြီး သိသင့်တဲ့ အချက်လေးတွေကို ကျန်းမာရေး ရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။

    ဘာကြောင့် လေလည် ရသလဲ။

    ကျွန်ုပ်တို့ စားလိုက်တဲ့အစာတွေကို ခြေဖျက်တဲ့ အခါ gas တွေထွက်လာပါတယ်။ ဒါ့အပြင် စားသောက်ရင်း လေတွေ မျိုချမိတာ၊ carbonated drinks အများကြီး သောက်မိတာ စတဲ့ အချက်တွေကြောင့်  gas တွေ များလာနိုင်ပါတယ်။ အဲဒီအခါမှာ သင့်ရဲ့ အစာခြေလမ်းကြောင်းလေးက သင့်ကို ကျန်းမာနေစေဖို့အတွက် များလာတဲ့ gas တွေကို စအိုပေါက်ကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ဖို့ ကြိုးစားတဲ့အတွက် လေလည်ရတာ ဖြစ်ပါတယ်။

    ဒါ့ကြောင့် လေလည်ခြင်းကို အစာခြေလမ်းကြောင်းလေးက လုပ်ငန်းတွေ ကောင်းကောင်းလုပ်နေတယ်ဆိုတာကိုပြနိုင်တဲ့ အချက်တစ်ခုလို့တောင် သတ်မှတ်ထားကြပါတယ်။  တချို့ ဗိုက်ခွဲထားတဲ့ လူနာတွေဆို အခြေအနေ ကောင်းမကောင်း သိချင်ရင် ဆရာဝန်တွေက လေလည်ပြီလားလို့တောင် မေးတတ်ကြပါတယ်။

    လူတွေဟာ တစ်နေ့ကို ၅ကြိမ်ကနေ အကြိမ် ၂၀ လောက်ထိ လေလည်နိုင်ပါတယ်။ လေလည်တဲ့အခါ အနံ့အသက်မရှိတာလည်း များပါတယ်။ တချို့ သော sulphur ပါတဲ့ အစားအစာတွေ၊ အနံ့ပြင်းတာတွေ စားမိတာမျိုးမှာ အနံ့မကောင်းတာတွေ ဖြစ်တတ်ပါတယ်။

    လေလည် ချင်တာကို အောင့်ထားသင့်လား။

    အရှေ့မှာ ဖော်ပြထားသလိုပဲ လေလည်တာက ကျန်းမာအောင် များနေတဲ့ gas တွေကို အပြင်ထုတ်ပေးတဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် မအောင့်ထားသင့်ပါဘူး။ လူတွေများနေတယ်ဆိုရင် လူရှင်းတဲ့ နေရာ တစ်နေရာကို အမြန်သွားပြီး လွှတ်ထုတ်သင့်ပါတယ်။

    အောင့်ထားရင် ဘယ်လို ဆိုးကျိုးတွေဖြစ်နိုင်လဲ။

    လေ့လာချက်တွေအရ အောင့်ထားရင် ကျန်းမာရေးပြသနာတွေ အများကြီးကို ဖြစ်စေနိုင်ပါတယ်။ အချိန်အတိုအတွင်းမှာပဲ ဗိုက်နာခြင်း၊ ဗိုက်ပြည့်ကယ်လာခြင်း၊ မသက်မသာဖြစ်ခြင်း၊ အစာမကြေခြင်း၊ ရင်ပူခြင်း၊ ဝမ်းဗိုက်ထဲမှ လေသံတွေ ကြားလာရခြင်း စတဲ့ ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အစာခြေလမ်းကြောင်းတစ်လျှောက်မှာ ပိုနေတဲ့ gas တွေကြောင့် pressure များလာပြီး စိတ်ဖိစီးမှုတွေလည်း မြင့်တက်လာနိုင်ပါတယ်။ 1970 မှာတွေ့ရှိခဲတဲ့ တွေ့ရှိချက်တစ်ခုအရ လေလည်ချင်တာကို မကြာခဏ အောင့်ထားတဲ့ အလေ့အကျင့်ရှိသူတွေမှာ diverticulitis လို့ခေါ်တဲ့ အစာခြေလမ်းကြောင်းတစ်လျှောက်မှာ ရှိတဲ့ diverticula လို့ခေါ်တဲ့ အိတ်သေးသေးလေးတွေ ရောင်ရမ်းတာတွေ ပိုဖြစ်နိုင်တယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် ပိုပြီး တိကျသေချာတဲ့ အထောက်အထားတွေတော့ မရှိသေးပါဘူး။

    လေလည် တာကို နည်းအောင် ဘယ်လိုနည်းလမ်းတွေ အသုံးပြုကြမလဲ။

    လေလည်ခြင်းဟာ သဘာဝဖြစ်စဉ်ဖြစ်ပြီး ရှောင်လွှဲလို့မရပေမယ့် လေလည်တဲ့ အကြိမ်အရေအတွက်ကို လျော့နည်းအောင်တော့ ဂရုစိုက်နိုင်ပါတယ်။ လေလည်တာဟာ အစာခြေလမ်းကြောင်းထဲမှာ gas တွေ စုပုံလာတာကြောင့် ဖြစ်တဲ့အတွက် လေလည်တာကို  လျော့နည်းချင်တယ်ဆိုရင်တော့ gas တွေအများကြီးဖြစ်မလာအောင် စားသောက်နေထိုင်ဖို့ လိုအပ်ပါတယ်။

    ၁။ အစားအစာကို မျှတအောင်စားပါ။

    အဆီများတဲ့ အစားအစာတွေ၊ ပရိုတင်းဓာတ်အရမ်းများတာတွေကို အများကြီး စားမယ်ဆိုရင် အဲဒီအစားအစာတွေကို ခြေဖျက်ဖို့ အချိန်ပိုပြီးကြာတာကြောင့် gas တွေလည်း ပိုထွက်နိုင်ပါတယ်။ ဒါ့ကြောင့် fatty and high-protein diet ကို အများကြီး မစားပါနဲ့။ ဒါ့အပြင် gas တွေပါတဲ့ cola, sprite စတဲ့ carbonated drink တွေ၊ beer တွေ၊ အချိုတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကလည်း gas တွေကို ပိုပြီးဖြစ်စေပါတယ်။

    ၂။ အစာစားတဲ့အခါ ဖြည်းဖြည်းချင်းစားပါ။

    အစာစားတဲ့အခါ မြန်မြန်စားမယ်ဆိုရင် လေတွေကို ပိုပြီးမျိုချမိသလို ဖြစ်တဲ့အတွက် ဖြည်ဖြည်းချင်း ကျေညက်အောင်ဝါးစားသင့်ပါတယ်။ ဒါ့အပြင် တစ်ပြိုင်နက်တည်း အများကြီးမစားဘဲ နည်းနည်းချင်းစီ နဲ့ မကြာခဏ စားပေးတာက အစာခြေလမ်းကြောင်းကိုလည်း သက်သာစေပြီး gas တွေထွက်တာ လျော့နည်းစေနိုင်ပါတယ်။

    ၃။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

    လေ့ကျင့်ခန်းမှန်မှန်လုပ်ပေးတာဟာ gas တွေကို ထိန်းညှိပေးနိုင်တဲ့အပြင် ခန္ဓာကိုယ်ကျန်းမာရေးကို ရော၊ စိတ်ခံစားချက်တွေကိုပါ အထောက်အကူဖြစ်စေပါတယ်။

    ကျန်းမာကြပါစေ။

    ရေးသားသူ – Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement