backup og meta

အစာအိမ်အူလမ်းကြောင်းနှင့် နှလုံးကျန်းမာရေးဆက်နွယ်နေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအိမ်အူလမ်းကြောင်းနှင့် နှလုံးကျန်းမာရေးဆက်နွယ်နေသလား

    အစာအိမ်အူလမ်းကြောင်းရဲ့ ကျန်းမာရေးအခြေအနေဟာ နှလုံးနဲ့သွေးကြောဆိုင်ရာ ရောဂါများနဲ့ ဆက်စပ်မှု ရှိနေပါတယ်။ သုတေသနတွေ့ရှိချက်တခုအရ နှလုံးရဲ့ အခြေအနေတချို့ဟာ အူလမ်းကြောင်းမှာရှိတဲ့ သက်ရှိပိုးကောင်ငယ်လေးများနဲ့ ဆက်စပ်မှုရှိပါတယ်။

    တကယ်တော့ အူလမ်းကြောင်းရှိ သက်ရှိများနဲ့ နှလုံးကျန်းမာရေးအကြား ဆက်စပ်မှုဟာ ယခုမှသိရတဲ့ အရာတော့ မဟုတ်ပါဘူး။ အူလမ်းကြောင်းအခြေအနေ မကောင်းခြင်း၊ သက်ရှိများ ပေါက်ပွားနိုင်မှု မရှိခြင်းဟာ အမျိုးသမီးများမှာ သွေးလွှတ်ကြောမာကြောခြင်းနဲ့ ဆက်စပ်နေကြောင်း သိရှိခဲ့ကြပါတယ်။

    သွေးလွှတ်ကြောများမာကြောခြင်းဟာ အသက်ကြီးလာလေ ပိုပြီးဖြစ်နိုင်ခြေများလေပါပဲ။ သွေးလွှတ်ကြောများ မာကြောခြင်းကြောင့် နှလုံးရောဂါများ ဖြစ်ပွားလာနိုင်ပါတယ်။ လန်ဒန်ဘုရင့်တက္ကသိုလ် သုတေသီများရဲ့ တွေ့ရှိချက်အရ အူလမ်းကြောင်းကျန်းမာရေးဟာ နှလုံးအခြေအနေနဲ့ ဆက်စပ်မှု ရှိနေပါတယ်။

    အစားအသောက်နဲ့ probiotic များ သုံးစွဲခြင်းဟာ နှလုံးရောဂါကို ဖြစ်နိုင်ခြေနည်းစေတယ်လို့ ဆိုပါတယ်။

    အဆိုပါသုတေသနမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီး ၆၀၀ ကျော်ပါဝင်ခဲ့ပြီး သူတို့ရဲ့သွေးကြောများ မာကြောကျစ်လျစ်မှု အခြေအနေကို တိုင်းတာခဲ့ကြပါတယ်။ အဲဒီလိုတိုင်းတာရာမှာ အူလမ်းကြောင်း ဘက်တီးရီးယားများ ကောင်းကောင်း ပေါက်ပွားခြင်းမရှိတဲ့ အမျိုးသမီးတွေမှာ သွေးလွှတ်ကြောများ ကျစ်လျစ်မှု ပိုများကြောင်း တွေ့ရပါတယ်။ ဒါကြောင့် အူလမ်းကြောင်း သက်ရှိများနဲ့ နှလုံးသွေးကြော အခြေအနေအကြား ဆက်စပ်မှု ရှိကြောင်း ကောက်ချက်ချခဲ့ပါတယ်။

    အူလမ်းကြောင်းသက်ရှိများ ကောင်းကောင်းမရှိရခြင်းကလည်း ဆီးချို၊ အဝလွန်ခြင်း၊ အစာအိမ်ရောင်ခြင်း၊ အူလမ်းကြောင်း ရောဂါအမျိုးမျိုး စတာတွေနဲ့ ဆက်စပ်နေပါတယ်။

    အူလမ်းကြောင်းကျန်းမာရေးဟာ နှလုံးသွေးကြောများ မာကြောကျစ်လျစ်ခြင်းနဲ့လည်း ဆက်စပ်မှုရှိပါတယ်။ နှလုံးသွေးလွှတ်ကြောရောဂါဆိုတာကတော့ နှလုံးကြွက်သားတွေဆီကို သွေးပို့ဆောင်ပေးတဲ့ နှလုံးသွေးလွှတ်ကြောများထဲမှာ အနည်ဖတ်များကပ်ငြိလာပြီး သွေးကြောကျဉ်းမြောင်း ကျစ်လျစ်လာခြင်းပဲ ဖြစ်ပါတယ်။ ၂၀၁၇ မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတခုအရ နှလုံးသွေးလွှတ်ကြောရောဂါရှိသူ နှစ်ရာကျော်ခန့်ရဲ့ ဝမ်းနမူနာများကို ပုံမှန်လူများရဲ့ ဝမ်းနမူနာနဲ့ နှိုင်းယှဉ်စစ်ဆေးခဲ့ပါတယ်။ ထိုကဲ့သို့ စစ်ဆေးရာမှာ သွေးလွှတ်ကြောရောဂါရှိသူများရဲ့ အစာအိမ်အူလမ်းကြောင်း ဘက်တီးရီးယားများဟာ ကောင်းမွန်ခြင်းမရှိတာကို တွေ့ရပါတယ်။

    နှလုံးထိခိုက်ခြင်း (Heart attack) နှင့် လေဖြတ်ခြင်း

    နယူးယောက်မြို့က ဆရာဝန်တဦးရဲ့ တွေ့ရှိချက်အရ အူလမ်းကြောင်းဘက်တီးရီးယားအချို့ဟာ ဥအမျိုးမျိုးနဲ့ အနီရောင်အသားများကနေ ရလာတဲ့ ကိုလင်းဓာတ် (choline) ကို TMAO လို့ အတိုကောက်ခေါ်တဲ့ ဓာတ်ပစ္စည်းအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ အဆိုပါ TMAO ဟာ သွေးကြောတွေကို ဒုက္ခပေးတတ်ပါတယ်။ TMAO မြင့်တက်လာရင် သွေးခဲနိုင်ခြေများတာကြောင့် နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

    ဒါကြောင့် ဆရာဝန်များဟာ နှလုံးကျန်းမာရေးအတွက် အဆီနည်းတဲ့ အစားအစာများစားဖို့၊ အနီရောင်အသားများ (ဥပမာ အမဲသား၊ သိုးသား) လျှော့စားဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။

    မှတ်သားရန်

    အစာအိမ်အူလမ်းကြောင်း သက်ရှိများအခြေအနေနဲ့ နှလုံးကျန်းမာရေးအကြား ဆက်စပ်မှုဟာ လေ့လာနေဆဲ အနေအထားဖြစ်ပါတယ်။ ဒီဖြစ်ရပ်နှစ်ခုအကြား ဆက်စပ်မှုရှိကြောင်း သိရပေမယ့် ပိုမိုခိုင်မာအောင် အတည်ပြုနိုင်ဖို့ သုတေသနတွေ ထပ်မံလိုအပ်ပါသေးတယ်။ ကောင်းတာကတော့ အူလမ်းကြောင်းက အကျိုးပြုသက်ရှိများကို အထောက်အကူဖြစ်စေတဲ့ အစားအစာတွေဖြစ်တဲ့ အသီးအနှံများ၊ ဒိန်ချဉ်၊ ပဲအမျိုးမျိုး စတာတွေကို ပိုမိုစားသုံးပြီး လိုအပ်ရင် အကျိုးပြုဘက်တီးရီးယား (probiotic) များ သုံးစွဲသွားဖို့ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement