backup og meta

အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

    အထက်လန်အောက်လျှော ဆိုတာ မြန်မာနိုင်ငံအတွက်တော့ သိပ်ပြီး မထူးဆန်းလှတဲ့ ကိစ္စပါ။ လူတိုင်းလိုလို ဖြစ်ဖူးကြတာကိုး။ အန်လည်း အန်၊ ဝမ်းလည်းလျှောနေပြီဆိုရင် ဘယ်သူမှ မေးမနေတော့ပါဘူး။ ဒါ အထက်လန်အောက်လျှောတာပဲဆိုတာ တန်းသိနေပါပြီ။ ဒီလိုအဖြစ်များတဲ့ ရောဂါအတွက် ဆောင်ရန်ရှောင်ရန်လေးတွေက ဘာများလဲ။

    အထက်လန်အောက်လျှော ဖြစ်စေတဲ့ အကြောင်းရင်းများ

    အဓိကကတော့ ဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ ကပ်ပါးပိုးကြောင့် ဖြစ်တာများပါတယ်။

  • ဗိုင်းရပ်စ်ထဲမှာဆိုရင် နိုရိုနဲ့ ရိုတာဗိုင်းရပ်စ်က အဖြစ်အများဆုံးပါပဲ။ ဗိုင်းရပ်စ်ကတော့ ဖြစ်ရင် လူအစုအပြုံလိုက်ဖြစ်တတ်ပါတယ်။ နိုရိုကတော့ လူကြီးရော၊ ကလေးမှာပါ ဖြစ်တတ်ပါတယ်။ ရိုတာဗိုင်းရပ်စ်ကတော့ ကလေးတွေမှာ အဖြစ်များပါတယ်။
  • ဘက်တီးရီးယားထဲမှာဆိုရင်တော့ အီးကိုလိုင်၊ ဆယ်မွန်နဲလား၊ ကမ်ပိုင်လို စတာတွေကြောင့် ဖြစ်တာများပါတယ်။
  • ကပ်ပါးပိုးထဲမှာဆိုရင်တော့ ဂျီယားဒီးရား Giardiaကြောင့် ဖြစ်တတ်ပါတယ်။ ကပ်ပါးပိုးကြောင့် ဖြစ်တာကတော့ ရှားပါတယ်။
  • အထက်လန်အောက်လျှောရဲ့ လက္ခဏာများ

    အဓိကလက္ခဏာတွေကတော့

  • ရုတ်တရက် ဝမ်းအရည်တွေပဲ သွားတာ
  • အန်တာ
  • ငွေ့ငွေ့ဖျားတာ
  • နေမကောင်းတာ စတာတွေပဲ ဖြစ်ပါတယ်။
  • တချို့တွေမှာတော့ အစားအသောက်ပျက်တာ၊ ဗိုက်အောင့်တာ၊ ကိုယ်လက်ကိုက်တာ၊ ခေါင်းကိုက်တာ စတာတွေ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေက ပိုးဝင်ပြီး တစ်ရက်လောက်နေရင် စပေါ်လာပါတယ်။ အများစုက တစ်ပတ်လောက်နေရင် သက်သာသွားပေမယ့် တချို့က ဒီထက်ပိုကြာတတ်ပါတယ်။

    စိုးရိမ်ရတဲ့ အခြေအနေ

    အထက်အလန်အောက်လျှောက လူတိုင်း ဖြစ်ဖူးတယ်။ ဓာတ်ဆားလေးသောက်ပြီး ရက်ပိုင်းလောက် နေရင် ကောင်းသွားပေမယ့် ဒီအခြေအနေထိ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

    • ရေဓာတ်အလွန်အမင်း ဆုံးရှုံးတာကြောင့် ခေါင်းတွေမူးပြီး ဆီးတွေနည်းလာရင်
    • ဝမ်းထဲမှာ သွေးပါလာရင်
    • အစာ၊ ရေ မဝင်နိုင်လောက်အောင် တရစပ်အန်နေရင်၊ ဘာစားစား အန်နေရင်
    • အဖျား ၁၀၀ကျော်နေရင်
    • ရက်ပိုင်းလောက်ကြာတာတောင် မသက်သာရင်
    • ခုခံအားကျတဲ့ ရောဂါတစ်ခုခုရှိနေရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    ဘယ်သူတွေ ပိုသတိထားသင့်သလဲ။

    အထက်လန်အောက်လျှော ဖြစ်လွယ်တဲ့ သူတွေကတော့

    • ခုခံအား ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေ
    • သက်ကြီးရွယ်အိုတွေ
    • လူစုလူဝေးနဲ့ နေရပြီး ရောဂါကူးလွယ်တဲ့ နေရာတွေ (ဥပမာ နေ့ကလေးထိန်းကျောင်း၊ ဘိုးဘွားရိပ်သာ)
    • ကိုယ်ခံအား မကောင်းတဲ့သူတွေ (ဥပမာ HIVရောဂါရှိသူတွေ၊ ကင်ဆာဆေးသွင်းနေတဲ့သူတွေ)

    အထက်လန်အောက်လျှော ကို ဘယ်လို စစ်ဆေးသိရှိနိုင်သလဲ။

    အများအားဖြင့်တော့ လူနာကို ရောဂါရာဇဝင်မေး၊ စမ်းသပ်ရုံနဲ့ သိပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ရက်တော်တော်ကြာအောင် မသက်သာဘူးဆိုရင်တော့ မစင်ကို ဓာတ်ခွဲခန်းပို့ပြီး စစ်ဆေးရပါမယ်။

    အထူးသဖြင့် လူအစုလိုက် အပြုံလိုက် အထက်လန်အောက်လျှောဖြစ်တဲ့ ပြဿနာတွေမှာ ဘာကြောင့်လဲဆိုတာ သိဖို့ လိုအပ်ပါတယ်။ နောက်တစ်ခါ အလှူအိမ်တို့၊ မင်္ဂလာဆောင်တို့မှာ တစ်အိုးတည်း စားခဲ့ပြီး အတူတူ အထက်လန်အောက်လျှော ဖြစ်ကြတယ်ဆိုရင်လည်း ဘာကြောင့်လဲဆိုတာ သိဖို့ စစ်ဆေးရပါတယ်။ အစာအဆိပ်သင့်တယ်လို့ အလွယ်ပြောကြပါတယ်။

    အထက်လန်အောက်လျှောကို ဘယ်လိုကုသနိုင်သလဲ။

    ဝမ်းလျှောတယ်၊ အန်တယ်ဆိုရင် အကောင်းဆုံးက အိမ်မှာနေပြီး ကောင်းကောင်း အနားယူဖို့ပါပဲ။ သူ့မှာ တိကျတဲ့ ကုထုံးဆိုတာ မရှိပါဘူး။ တုပ်ကွေးလိုမျိုး အလိုလို သက်သာသွားတာကို စောင့်ရမှာပါ။ ဆောင်ရန် ရှောင်ရန်တွေကတော့

    • အူလမ်းကြောင်း ကောင်းကောင်း အနားရနိုင်ဖို့ အစာမာတွေ ခဏရှောင်ထားပါ။ အစာပျော့ပျော့တွေ၊ ကြေလွယ်တာတွေ စားပေးပါ။
    • ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ချိုလွန်းတာ၊ ဆီများလွန်းတာ၊ အပူအစပ်တွေ ရှောင်ပါ။
    • ဓာတ်ဆားသောက်ပါ။ ကုန်ဆုံးတာနဲ့ ကိုက်ညီအောင် သောက်ပေးပါ။
    • ကောင်းကောင်း အနားယူပါ။
    • အကိုက်အခဲပျောက်ဆေးတွေ မသောက်ပါနဲ့။ ပါရာစီတမောလောက်ပဲ သောက်ပေးပါ။
    • ဝမ်းပိတ်ဆေးတွေ မလိုအပ်ဘဲ မသောက်ပါနဲ့။ အထဲမှာ ပိုးတွေ အောင်းနေတတ်ပါတယ်။
    • ပရိုဘိုင်အိုတစ် သောက်နိုင်ပါတယ်။
    • ဗိုင်းရပ်စ်ကြောင့် ဖြစ်တာများတဲ့အတွက် ပိုးသတ်ဆေး မလိုပါဘူး။ ဝမ်းစစ်ပြီး ဘက်တီးရီးယားပိုး တွေ့မှသာ ဆရာဝန်က ပိုးသတ်ဆေး ညွှန်ပါလိမ့်မယ်။

    အထက်လန်အောက်လျှောက ဘယ်လို ကူးစက်နိုင်သလဲ။

    အထက်လန်အောက်လျှော ဖြစ်စေတဲ့ ရောဂါပိုးတွေက တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်လွယ်ပါတယ်။ ဥပမာ ပြောရရင်

    • ရောဂါပိုးရှိသူနဲ့ အနီးကပ်နေတာကြောင့် သူ့ရဲ့ မမြင်ရတဲ့ အန်ဖတ်တွေ၊ မစင်တွေကနေတဆင့် ကူးစက်တာ
    • ပိုးရှိတဲ့ မျက်နှာပြင်၊ ပစ္စည်းတွေကို ကိုင်တွယ်ပြီး လက်မဆေးဘဲ အစာစားတာ
    • မသန့်တဲ့ အစားအသောက်တွေ စားမိတာ (ဥပမာ ပိုးရှိသူက လက်မဆေးဘဲ အစာပြင်ပေးတာ၊ အစားအစာတွေကို စနစ်တကျ သိုလှောင်ခြင်း မရှိတာ၊ ကျက်အောင် မချက်တာ စသဖြင့်)

    အထက်လန်အောက်လျှော ဖြစ်နေတဲ့သူတစ်ယောက်က အကြမ်းအားဖြင့် လက္ခဏာပြပြီး ၂ရက်ကြာတဲ့အထိ သူများဆီကို ပိုးဖြန့်နိုင်ပါတယ်။

    အထက်လန်အောက်လျှော မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ။

    ပိုးတွေက မျက်စိနဲ့ မြင်နေရတာမဟုတ်တော့ ၁၀၀ ရာခိုင်နှုန်းတော့ အပြည့်အဝမကာကွယ်နိုင်ဘူးပေါ့။ ဒါပေမယ့် အောက်အချက်တွေ လိုက်နာရင်တော့ ဖြစ်နိုင်ခြေ နည်းသွားမှာပါ။

    • အထက်လန်အောက်လျှော ဖြစ်ပြီး ၂ရက်လောက် ကြာတဲ့အထိ အိမ်မှာပဲ နေပါ။ အလုပ်တွေ၊ ကျောင်းတွေ နားထားပါ။ သူများဖြစ်ရင်လည်း ၂ရက်လောက်ကြာတဲ့အထိ အလည်အပတ် မသွားပါနဲ့။
    • လက်ဆေးတဲ့ အကျင့်ကို မွေးမြူပါ။
    • အထက်လန်အောက်လျှော ဖြစ်နေတဲ့အချိန်ဆို အိမ်မှာ အကိုင်များတဲ့ ပစ္စည်းတွေကို မကြာခဏ ပိုးသတ်ပါ။ အဝတ်အစားတွေ၊ အိပ်ရာတွေကို ခွဲလျှော်ပါ။
    • အိမ်သာတက်ပြီးတိုင်း၊ အန်ပြီးတိုင်း အိမ်သာ၊ ဘေစင်ကို သန့်ရှင်းရေး လုပ်ခဲ့ပါ။
    • အစားအသောက်တွေကို သေချာ ကျက်အောင် ချက်ပြုတ်ပါ။ သန့်သန့်ရှင်းရှင်း ပြင်ဆင်ပါ။ အစာမစားခင် လက်ဆေးပါ။
    • ကလေးတွေဆိုရင် အသက် ၂လနဲ့ ၄လမှာ ရိုတာဗိုင်းရပ်စ် ကာကွယ်ဆေး တိုက်ကျွေးပါ။

    Takeaways

    အထက်လန်အောက်လျှောက အဖြစ်များတဲ့ရောဂါပါ။ အများစုက အလိုလို သက်သာပေမယ့် အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာတော့ ဆရာဝန်နဲ့ ပြသလို့ လိုအပ်ပါတယ်။ နာလန်ထမြန်အောင် ဆောင်ရန် ရှောင်ရန်တွေကိုလည်း လိုက်နာပါလို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement