backup og meta

အစိမ်းမစားသင့်သော အစားအစာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစိမ်းမစားသင့်သော အစားအစာများ

    တချို့သူတွေဟာ အသားစိမ်း ငါးစိမ်း စသဖြင့် အစားအစာတွေကို ကျက်အောင် ချက်ပြီးစားသောက်တာထက် အစိမ်းစား ရတာကို ပိုပြီး နှစ်ခြိုက်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကျက်အောင်မချက်ဘဲ အစိမ်းမစားသင့်သော ၊ စားရင် ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်တဲ့ အစားအစာလေးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

    အစိမ်းမစားသင့်သော အစားအစာများ

    ၁။ အသားစိမ်း၊ ငါးစိမ်းများ

    အသားတွေ၊ ငါးတွေမှာ Salmonella, E.coli, Campylobacter, Clostridium, Listeria စတဲ့ ပါလာနိုင်တဲ့ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ အခြားကပ်ပါးကောင်တွေအများကြီး ရှိပါတယ်။ အသား၊ ငါးတွေကို အစိမ်းစားမယ်ဆိုရင် အဲဒီပိုးမွှားလေးတွေကြောင့် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ ဖျားနာခြင်း နဲ့ အစာအဆိပ်သင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ ပိုးမွှားအမျိုးအစားအပေါ် မူတည်ပြီး ရောဂါလက္ခဏာတွေဟာ ၁ရက်မှ ရက်ပေါင်းများစွာအထိ ဆိုးဆိုးရွားရွားဖြစ်နိုင်ပါတယ်။ အဲဒီပိုးမွှားလေးတွေဟာ သေသေချာချာ ကျက်အောင် ချက်ပြုတ်လိုက်မယ်ဆိုရင် ပျက်စီးသွားနိုင်တဲ့အတွက် ဘေးအန္တရာယ်ကင်းအောင် ချက်ပြီးမှ စားသင့်ပါတယ်။

    ၂။ Oysters (မုတ်ကောင်)

    မုတ်ကောင်တွေဟာလည်း သူတို့နေထိုင်ရာ ရေထဲကနေ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်လာကြပါတယ်။ ဒါ့ကြောင့် မုတ်ကောင်တွေကို မချက်ဘဲ စားမိမယ်ဆိုရင် ရောဂါပိုးတွေ ဝင်လာနိုင်ပါတယ်။ ဒါ့အပြင် အသည်းကို ထိခိုက်စေနိုင်တဲ့ အသည်းရောင်အသားဝါ A ပိုးကိုလည်း ကူးစက်စေနိုင်တဲ့အတွက် ကျက်အောင် ချက်ပြီးမှ စားသင့်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။

    ၃။ ကြက်ဥ

    ကြက်ဥအစိမ်းတွေမှာလည်း Salmonella လို့ခေါ်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေနိုင်တဲ့ ပိုးမွှားတွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ ကြက်ဥကို စားမယ်ဆိုရင် အကာရော၊ အနှစ်ပါ အနည်းငယ်မာလာတဲ့ အခြေအနေလောက်ထိ ကျက်မှ စားသုံးသင့်ပါတယ်။

    ၄။ ဂျုံနှင့်ဆန်မှုန့်များ

    တချို့က မုန့်တွေလုပ်တဲ့အခါ ဂျုံမှုန့်တွေ၊ ဆန်မှုန့်တွေကို နယ်ပြီး အစိမ်းအတိုင်း အရသာကို မြည်းကြည့်တတ်ကြပါတယ်။ အဲဒီ မကျက်သေးတဲ့ အမှုန့်တွေမှာ သင့်ရဲ့ အစာလမ်းကြောင်းကို ဒုက္ခပေးနိုင်တဲ့ E.coli လို့ခေါ်တဲ့ ပိုးလေးတွေပါပါတယ်။ ဒါ့ကြောင့် မကျက်သေးဘဲ မြည်းကြည့်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကလေးငယ်တွေ ဂျုံမှုန့်တွေနဲ့ နယ်ပြီး ကစားတဲ့အခါမျိုးမှာ ပါးစပ်ထဲမထည့်မိစေဖို့ ဂရုစိုက်ပေးသင့်ပါတယ်။

    ၅။ အာလူး

    အစိမ်းရောင်ဖြစ်နေတဲ့ အာလူးရဲ့ အစိတ်အပိုင်းတွေမှာ solanine လို့ခေါ်တဲ့ ခါးသက်သက် အရသာရှိတဲ့ ပစ္စည်းလေးတွေပါပါတယ်။ အဲဒီ ပစ္စည်းလေးတွေကလည်း ဝမ်းပျက်စေ၊ ဖျားနာစေနိုင်တာကြောင့် အာလူးကိုလည်း အစိမ်းမစားသင့်ပါဘူး။

    ၆။ မှိုရိုင်း အမျိုးမျိုး။

    အချို့မှိုတွေမှာ အသည်းကို ထိခိုက်စေပြီး အခြားပြင်းထန်တဲ့ ကျန်းမာရေးပြသနာတွေကို ဖြစ်စေနိုင်တဲ့ agaritine နဲ့ amatoxin လို့ခေါ်တဲ့ အဆိပ်အတောင့် လေးတွေပါဝင်တာကြောင့် မှိုကိုလည်း သေချာချက်ပြီးမှ စားကြဖို့ တိုက်တွန်းချင်ပါတယ်။

    ၇။ မြေထွက် ဥများ၊ ပဲ နဲ့ အစေ့အဆံ အချို့။

    ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ ပစ္စည်းလေးတွေပါဝင်တဲ့ ပိန်းဥ၊ ပီလောပီနံဥ၊ ပဲကျား၊ ဘိုစားပဲ၊ almond ဗန်ဒါစေ့ စတာတွေကိုလည်း အစိမ်းစားမယ်ဆိုရင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    ဒီဆောင်းပါးလေးကို ဖတ်ပြီးတဲ့အခါမှာ ဖော်ပြပါအစားအစာတွေကို သေချာချက်ပြုတ်ပြီးမှ စားခြင်းဖြင့် ကျန်းမာရေးဆိုးကျိုးတွေကို ရှောင်ကြဉ်နိုင်ကြပါစေ။

    ရေးသားသူ – Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement