နွေရာသီမှာ အပူချိန်လွန်ကဲတာနဲ့ အပူလျှပ်တာတို့ကြောင့် မောပန်းလွယ်တာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ ခေါင်းထဲမှာ ရီဝေဝေဖြစ်တာနဲ့ ချွေးထွက်လွန်တာမျိုးတွေဖြစ်နိုင်ပြီး သွေးချိုတက်တဲ့အခါ ဒါမှမဟုတ် သွေးချိုကျတဲ့အခါမှာ ခံစားရတတ်တဲ့ လက္ခဏာတွေနဲ့ ရောထွေးနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ခံစားရတဲ့အခါ သွေးချိုတိုင်းဖို့ မမေ့ပါနဲ့။
သွေးချိုကျပြီး ကျန်းမာနေစေဖို့ ဆီးချိုရောဂါရှိသူ တွေ မဖြစ်မနေလုပ်တတ်ကြတာ တစ်ခုရှိပါတယ်။ ဒါကတော့ လေ့ကျင့်ခန်းလုပ်တာပါ။ နွေရာသီမှာလေ့ကျင့်ခန်းမလုပ်ရဘူးလို့ မဆိုလိုပါဘူး။ ပင်ပင်ပန်းပန်းမလုပ်ဖို့ဘဲ လိုတာပါ။
နေအရမ်းပူနေချိန်မှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် မနက်ခင်း ၁၀ နာရီမတိုင်ခင်နဲ့ ညနေ ၄ နာရီနောက်ပိုင်းမှ လုပ်ပေးပါ။ ချွေးအရမ်းထွက်လာမယ်။ နှလုံးခုန်နှုန်းမြန်လာမယ်ဆိုရင် လေ့ကျင့်ခန်း ဆက်မလုပ်သင့်တော့ပါဘူး။ နားပေးပါ။
နေလောင်တာက အရေပြားကို ပျက်စီးစေနိုင်သလို ဆီးချိုရှိသူတွေမှာ သွေးချိုထိန်းညှိမှုကို ထိခိုက်စေနိုင်ပါတယ်။ နေလောင်တာကြောင့် အရေပြားမှာ ရောင်ရမ်းတာဖြစ်စေပြီး သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်ပါတယ်။ ဒါကြောင့် နေလောင်ဒဏ်မခံပါနဲ့။ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ်လူးပေးပါ။
စားသောက်ဖို့ ပြင်ဆင်ပေးတဲ့အခါမှာလည်း အဆီများတာ၊ အချိုများတာတွေကို ရှောင်ရပါမယ်။ ဟင်းသီးဟင်းရွက်နဲ့ အသားမျှတအောင်ပြင်ဆင်ပေးပါ။ ထမင်းကို လျှော့ကျွေးပေးပါ။
- အသီးတွေ စားတဲ့အခါ သတိထားပါ။
နွေရာသီမှာ ပူပြင်းတာကြောင့် အသီးတွေ စားတာ၊ သစ်သီးဖျော်ရည် (ဥပမာ ကြံရည်) သောက်တာတွေ လုပ်တတ်ပါတယ်။ အသီးစားမယ်ဆိုရင် ထမင်းကြီးနဲ့ အချိန်ခြားပြီး စားပါ။ မိမိသွေးတွင်းသကြားဓာတ်ပေါ် မူတည်ပြီး ထိန်းထိန်းသိမ်းသိမ်းစားဖို့ လိုပါတယ်။
နွေအပူချိန်နဲ့ နေလောင်မှုတွေကို ကာကွယ်ဖို့ နေလောင်ကာခရင် လူးပေးတာအပြင် နောက်ထပ်ဂရုစိုက်ရမှာတစ်ခုက အဝတ်အစားတွေကို ချည်သားပွပွချောင်ချောင်လေးတွေ ဝတ်ဆင်ပေးဖို့ပါ။ အဝတ်အစားတွေကို လေဝင်လေထွက်ကောင်းတာမျိုးဖြစ်ဖို့လည်း အထူးဂရုပြုပေးပါနော်။
ဆီးချိုသမားတွေက အခြားသူတွေထက် ခြေထောက်ကို ပိုဂရုစိုက်ပေးဖို့လိုပါမယ်။ ဆီးချိုရောဂါက အချိန်ကြာလာနဲ့အမျှ ခြေထောက်က အာရုံကြောလေးတွေထိခိုက်လာပြီး အာရုံခံစားနိုင်စွမ်းနည်းလာပါတယ်။ ဒါကြောင့် နေ့စဉ်ခြေထောက်မှာ ထိခိုက်မိထားတာရှိသလားဆိုတာကို စစ်ဆေးပါ။ ခြေထောက်မှာ ရေဓာတ်ခမ်းခြောက်ပြီး အသားခြောက်တာကြောင့် ပြဿနာတစ်စုံတရာရှိ၊ မရှိ စစ်ဆေးပေးပါ။
တကယ်လို့ ခြေထောက်မှာ မှိုပိုးဝင်ထားတာမျိုးရှိနေမယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူဖို့ လိုပါမယ်။ ဖိနပ်ကိုလည်း ကျပ်တာမျိုးတွေ မစီးပါနဲ့။ လေဝင်လေထွက်ကောင်းပြီး သက်သောင့်သက်သာရှိမှာမျိုးကို စီစဉ်ပေးပါ။ ဖိနပ်မပါဘဲ လမ်းလျှောက်တာမျိုး မဖြစ်စေဖို့ ဂရုစိုက်ပါ။
ကဲ…….. ပူပြင်းတဲ့နွေရာသီမှာ ဆီးချိုရှိနေတဲ့ မိမိချစ်ခင်ရတဲ့သူတွေကို ဒီနည်းလမ်းလေးတွေနဲ့ စောင့်ရှောက်ပေးလိုက်ပါနော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။