backup og meta

Work from Home ကြောင့် စိတ်မပင်ပန်းစေဖို့ ဆိုရင်


Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Work from Home ကြောင့် စိတ်မပင်ပန်းစေဖို့ ဆိုရင်

    COVID-19 သောင်းကျန်းလာတော့ ရုံးအတော်များများလည်း ပိတ်ကျပါတယ်။ ကျန်းမာရေးဌာနတွေရဲ့ သတိပေးချက်တွေအရရော ရောဂါအခြေအနေတွေကလည်း ထိန်းချုပ်နိုင်စွမ်း နည်းပါးနေသေးတာတွေရောကြောင့် နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ လုပ်ငန်းတစ်ချို့ Work from Home ဆိုတဲ့ စနစ်နဲ့ လုပ်ငန်းတွေ လည်ပတ်နေကြပါတယ်။

    ပြည်တွင်းကို COVID-19 ရောဂါ မရောက်ရှိလာသေးပေမယ့် ပြည်တွင်းက ရုံးလုပ်ငန်းတစ်ချို့ဟာလည်း စမ်းသပ်လုပ်ကိုင်ကြည့်တာတွေ၊ ရက်အပိုင်းအခြားတစ်ခုစာလောက် ရုံးပိတ်ပြီး ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်ကိုင်ခွင့်ပြုတာတွေ စတင်လုပ်ဆောင်နေကြပါပြီ။

    ခန့်မှန်းလို့မရနိုင်သေးတဲ့ ရောဂါပြန့်ပွားမှုအခြေအနေတွေကြောင့် နေအိမ်ကနေ မခွာပဲ အလုပ်တွေ လုပ်ကိုင်တာဟာ ကုမ္ပဏီတွေအတွက် တန်ဖိုးရှိတဲ့ ဝန်ထမ်းအရင်းအမြစ်တွေ ထိပါးပွန်းပဲမှုမရှိအောင် ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

    ဒါပေမယ့် နေအိမ်ကနေ အလုပ်လုပ်တာဟာ အကောင်းတွေ ချည်းပဲတော့မဟုတ်ပါဘူး။ အဆင်မပြေမှုတွေလည်း ကြုံရပါတယ်။ မိသားစုတွေနဲ့မို့ အလုပ်မတွင်ကျယ်တာ၊ အလုပ်နဲ့ လိုအပ်တာထက်ပိုပြီး ဆက်သွယ်ပြောဆိုနေရတာမို့ အလုပ်မတွင်ကျယ်တာတွေ ဖြစ်လာတတ်ပါတယ်။

    ဒီအခြေအတွေဟာ ဝန်ထမ်းတွေအတွက် စိတ်ဖိစီးမှုတွေ ပိုဖြစ်စေနိုင်ပြီး နေအိမ်ကနေ ရုံးချိန်အတွင်း အလုပ်ကိုပဲ သတ်သတ်မှတ်မှတ်လုပ်နေဖို့ အကြောင်းဖန်နေတာကြောင့် အလုပ်ပုံစံနဲ့ နေအိမ်ဖွဲ့စည်းပုံအကြား သဟဇာတမဖြစ်မှုတွေလည်း ကြုံရလေ့ရှိပါတယ်။

    ဒီလို စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ နေအိမ်ကနေ အလုပ်တွေလုပ်နေပြီး စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျေနပ်မှုရစေမယ့် နည်းလမ်းတွေကို မျှဝေလိုပါတယ်။

    Work Form Home မှာ စိတ်မပင်ပန်းစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာပါ

    • အပြုသဘော ဆောင်စွာတွေးပါ – တစ်ခါတစ်လေ အိမ်မှာမို့ အသံတွေ ဆူညံနေတာ၊ ကလေးတွေ ဆော့ကစားနေတာ၊ လူကြီးတယောက်ယောက်က တစ်ခုခု ထခိုင်းလိုက်တာမျိုးတွေ မလွဲမသွေ ကြုံဆုံရနိုင်ပါတယ်။ ဒီလို အခြေအနေတွေမှာ အလုပ်များနေရင် သေချာပေါက် စိတ်ဆိုးတာ၊ ဒေါသထွက်တာတွေ ဖြစ်လာမှာပါ။ ဒါမျိုးဖြစ်မလာစေဖို့ဆိုရင် ကိစ္စတိုင်းကို အပြုသဘောဆောင်စွာနဲ့ တွေးပေးဖို့ လိုအပ်ပါတယ်။ ဒီလိုတွေးပေးခြင်းအားဖြင့် စိတ်ဖိစီးမှု၊ ဒေါသနဲ့ ပူပင်သောကတွေကို နည်းပါးစေပါလိမ့်မယ်။
    • တစ်ယောက်တည်း ဖြစ်မနေပါစေနဲ့ – ရုံးက လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ်၊ အိမ်က အိမ်သားတွေနဲ့ပဲဖြစ်ဖြစ်၊ အပြင်က သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အဆက်အဆံမပြတ်ပါစေနဲ့။ “ငါ အိမ်မှာ အလုပ်လုပ်နေတာ ဘယ်သူမှ မနှောင့်ယှက်ကြနဲ့” ဆိုပြီး အခန်းပိတ်နေတာက တကယ်တမ်းအားဖြင့် စိတ်ဖိစီးမှုပိုများစေပါတယ်။ အလုပ်လုပ်ရင်း ပတ်ဝန်းကျင်နဲ့ Connection လေးတစ်ခုထားရင်းနေတာက ကိုယ့်အလုပ်ကိုလည်း မထိခိုက်သလို ပိုပြီးလည်း စိတ်သက်သောင့်သက်သာဖြစ်စေမှာပါ။
    • အကောင်းဆုံး လမ်းကြောင်းကို ရွေးချယ်ထားပါ – ပုံမှန်အားဖြင့်တော့ အိမ်မှာ အလုပ်လုပ်တယ်ဆိုပေမယ့် အလုပ်ချိန်အတိုင်း လုပ်ဖြစ်ကြရတာများပါတယ်။ ဒါပေမယ့် အိမ်မှာနေနေချိန်မှာ အလုပ်ထဲမှာလို တနေကုန် တနေခမ်း ထိုင်နေလို့ရနိုင်လောက်တဲ့ ပတ်ဝန်းကျင်မျိုးရှိဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် ဘယ်အချိန်ထမယ်၊ ဘယ်အချိန် မနက်စာစားမယ်၊ ဘယ်အချိန်မှာ ဘာလုပ်မယ်၊ ဘယ်အချိန်မှာနားမယ်၊ အလုပ်တွေကို ဘယ်အချိန် လက်စသတ်မယ်၊ ဘယ်သူတွေနဲ့ ဘယ်အချိန်စကားပြောမယ်၊ Video Call မိတင်တွေကို ဘယ်မှာလုပ်မယ်ဆိုတာမျိုးတွေ သေချာ သတ်မှတ်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ အလုပ်လည်းတွင်၊ လူလည်း မပင်ပန်း၊ စိတ်လည်းချမ်းသာမှာပါ။
    • မကြာခန နားပါ – ရုံးမှာလို တထိုင်တည်း အလုပ်တွေ ထိုင်လုပ်နေဖို့ အဆင်ပြေချင်မှ ပြေမှာပါ။ ဒီတော့ အလုပ်တွေကို ခနခန အချိန်နည်းနည်းစီနားပြီး သက်သောင့်သက်သာလုပ်ပါ။ နေအိမ်အပြင်အဆင်၊ ရာသီဥတုနဲ့ မိသားစု ပတ်ဝန်းကျင်တွေကြောင့် တစ်ထိုင်တည်း အလုပ်ကို ကုန်းရုန်းလုပ်နေတာက ကိုယ့်အတွက် စိတ်ပင်ပန်းမှုပိုရစေနိုင်ပါတယ်။
    • ပတ်ဝန်းကျင်ကို လေ့လာပါ၊ ပြီးမှ ပြောပါ – တစ်ချို့တွေအတွက် နေအိမ်ပတ်ဝန်းကျင်ဟာ လုပ်ဖော်ကိုင်ဖက်တွေကို မသိစေချင်ကြပါဘူး။ ဒါမှမဟုတ် အိမ်က ဆူညံမှုတွေ၊ ရှုပ်ထွေးပြီး အဆင်မပြေဖြစ်နေမှုတွေကြောင့် စိတ်အနှောင့်အယှက် မဖြစ်ချင်ကြပါဘူး။ ဒီလို အခြေအနေတွေကို ရှောင်လွဲဖို့ဆိုရင် ကိုယ့်ပတ်ဝန်းကျင်ကို ကြိုတင်လေ့လာပါ၊ အိမ်ကလူတွေကို အခြေအနေကို သေချာပြောဆိုပါ၊ ပြီးမှ စကားပြောပါ။ သတိပေးချက်တွေအရတော့ အိမ်မှာအလုပ်လုပ်တဲ့လူတွေ အများဆုံး စိတ်ဖိစီးမှု ဝင်စေတဲ့ ကိစ္စက သူတို့ဆီကို ရုတ်တရက် Video Call တွေ ဝင်လာချိန်တွေမှာဖြစ်ပါတယ်တဲ့။
    • သတင်းဆိုးတွေကို တတ်နိုင်သမျှ ရှောင်ပါ – သတင်းဆိုးတွေဆိုတာ ကြိုတင် အသိပေးပြီး ရောက်လာတတ်တာတွေမဟုတ်တာမှန်ပေမယ့် တချို့အခြေအနေတွေမှာတော့ ရှောင်ကျဉ်လို့ရနိုင်တာတွေ ရှိပါတယ်။ အလုပ်ချိန်လို့ သတ်မှတ်ထားတဲ့ အချိန်အတွင်း လူမှုကွန်ယက်သုံးတာ သတင်းတွေဖတ်တာတွေက လျှော့တာတွေ လုပ်လိုက်မယ်ဆိုရင် သတင်းဆိုးတွေ ကြုံရနိုင်ချေနည်းပါးသွားပါလိမ့်မယ်။ သတင်းဆိုးတွေကြောင့် အချိန်ကုန်သလို လူလည်းစိတ်ပင်ပန်းရတာမို့ အိမ်မှာ အလုပ်လုပ်ချိန်မှာ ပိုပြီး အာရုံထွေပြားနိုင်စေတယ်လို့ စိတ်ပညာရှင်တွေက သတိပေးထားကြပါတယ်။
    • Clients နဲ့ ကိုယ်နဲ့အကြားမှာ တိကျတဲ့ စည်းရှိပါစေ – Client တွေကို အလိုလိုက်ရတာ၊ အငြင်းပွားရတာတွေက ဝန်ထမ်းတွေအတွက် မဖြစ်မနေ ရှောင်လွှဲရခက်တဲ့ ကိစ္စဖြစ်ပါတယ်။ ဒါက ရုံးမှာတောင် စိတ်မသက်မသာဖြစ်စေရတဲ့ အခြေအနေမျိုးပါ။ ကိုယ့်အိမ်မှာ ကိုယ့်မိသားစုဝင်တွေ ရှေ့မှာဆို ပိုပြီး နေရ ပြောရ ခက်နိုင်ပါတယ်။ ဒီတော့ အခြေအနေတစ်ခု စည်းတစ်ခုသတ်မှတ်ပြီးထားပါ။ နေအိမ်ကနေ အလုပ်လုပ်နေရတာမို့ Email နဲ့ပဲ ဆက်သွယ်ပါတို့၊ ဘယ်အချိန်နဲ့ ဘယ်အချိန်ကြားပဲ ဖုန်းနဲ့ ပြောဆိုဆက်သွယ်ကြမယ်တို့ ဆိုတာမျိုးပေါ့။ နောက်ပြီး No လို့ ငြင်းပယ်ရမှာကိုလည်း မကြောက်ပါနဲ့။

    ခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေဟာ Work from Home အဖြစ်နဲ့ နေအိမ်မှာ အလုပ်တွေ လုပ်ကိုင်နေကြရသူတွေသာမက Outsourcing အနေနဲ့ နေအိမ်မှာပဲ နေထိုင်ကာ အလုပ်လုပ်နေသူတွေအတွက်ပါ အဆင်ပြေစေမယ့် နည်လမ်းတွေဖြစ်ပါတယ်။

    နေအိမ်မှာ စိတ်အေးအေးချမ်းချမ်းနဲ့ သက်သောင့်သက်သာ ထိထိရောက်ရောက် အလုပ်လုပ်နိုင်ကြမယ်ဆိုရင် မိမိတို့ကိုယ်တိုင်အတွက်ရော လုပ်ငန်းတွေအတွက်ပါ အကျိုးရှိစေမှာဖြစ်ပါတယ်။

    [covid_19]

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement