ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီးရှိတာကို သိကြမှာပါ။ ကိုယ့်ရဲ့ နေထိုင်စားသောက်မှု ပုံစံမမှန်တာတွေ၊ မျိုးရိုးဗီဇ ပတ်ဝန်းကျင် စတာတွေ အားလုံးက ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းတွေ ထဲက အချက်တွေပါ။ ကင်ဆာကို ကာကွယ်ချင်ရင် မျိုးရိုးနဲ့ပတ်ဝန်းကျင်ကို ပြင်လို့မရပေမယ့် စားသောက်နေထိုင်မှု ပုံစံကိုတော့ ပြင်လို့ရတယ်လေ။ ဒီအထဲမှာမှ ကိုယ့်စားသောက်နေထိုင်တဲ့ ပုံစံနဲ့ အဆက်အစပ်ဆုံး ကင်ဆာကို ပြောပါဆိုရင် အူမကြီးကင်ဆာလို့ပြောရမှာပါ။ အူမကြီးကပဲ ကိုယ်စားသောက်လိုက်တဲ့အစားအစာတွေနဲ့ အကြာကြီးထိတွေ့ရမှာ မဟုတ်လား။ ဒီတော့ ကြောက်စရာကောင်းလှတဲ့ အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် သိထားသင့်တဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအသောက်လေးတွေ အကြောင်းပြောပြပေးမှာပါ။
အူမကြီးကင်ဆာကို ကာကွယ်ဖို့အတွက် စားပေးသင့်တဲ့ အစားအသောက်များ ။
- နို့နဲ့နို့ထွက်ပစ္စည်းများ ။ ။
လေ့လာချက်တွေအရ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ နို့နဲ့နို့ထွက်ပစ္စည်းတွေက အူမကြီးထဲမှာ အသားလုံးတွေကြီးထွားခြင်းကို လျော့နည်းစေတယ်လို့ဆိုပါတယ်။ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ စားပေးလို့လည်း ရပါတယ်။ ဗီတာမင်D ပါတဲ့ နို့အမျိုးအစားကလည်း အူမကြီးကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ နို့တစ်မျိုးပါ။
- ကောက်ပဲသီးနှံတွေ များများစားပါ။
ကောက်ပဲသီးနှံတွေမှာပါတဲ့ မဂ္ဂနီဆီယမ်ဓာတ်နဲ့ အမျှင်ဓာတ်တွေက အူမကြီးရဲ့ လှုပ်ရှားမှုကို အားကောင်းစေပြီး ဗိုက်ထဲမှာ စမျင်းတုံးတွေ အကြာကြီး ရှိမနေစေမှာ ဖြစ်လို့ အူမကြီးကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ကောက်ပဲသီးနှံတွေထဲမှာဆို အုတ်ဂျုံ၊ whole wheat bread နဲ့ ဆန်လုံးညိုတို့က အကောင်းဆုံးပါ။
- ပဲအမျိုးမျိုး စားပေးပါ။
ပဲပိစပ်၊ ပဲနီလေးနဲ့ အခြားပဲမျိုးမျိုးမှာ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်တွေနဲ့ ဗီတာမင် B နဲ့ Eတို့ ပါဝင်တဲ့အပြင် ကင်ဆာကျိတ်တွေ ကြီးထွားတာကို တားပေးတဲ့ flavonoids နဲ့ အခြား ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ တွေပါဝင်တာကြောင့် သူတို့က အူမကြီးကင်ဆာ ဖြစ်ပွားမှုကို တားဆီးပေးနိုင်မှာ အသေအချာပါ။
- ကိုယ့်တစ်နေ့တာစားတဲ့အစားအစာထဲ အရောင်စုံတွေ ပါဝင်ပါစေ။
အရောင်စုံဆိုတာ အစိမ်းရောင်အသီးအရွက်တွေ၊ အဝါရောင် ရွှေဖရုံသီးတွေ အနီရောင် မုန်လာဥနီ၊ ဖရဲသီးတွေ ခရမ်းရောင် စပျစ်သီးတွေ ဘယ်ရီသီး စတာတွေကို ပြောတာပါ။ ဒီအသီးအနှံတွေမှာ ဓာတ်တိုးဆန့်ကျင့်တဲ့ အာနိသင်တွေ အမျှင်ဓာတ်တွေ အများကြီးပါတာကြောင့် သူတို့က ကင်ဆာကိုကာကွယ်ရုံတင်မက သင့်ခုခံအားစနစ်ကို တိုးမြှင့် စေမှာ အသေအချာပါ။
- ငါးစားပါ။
ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး လူမျိုးတွေဖြစ်တဲ့ ဂျပန်လူမျိုးတွေက ငါးကိုအဓိကထားစားတဲ့ လူမျိုးဆိုတာ အားလုံးသိကြပါတယ်။ ဘယ်လောက်ပဲ ညှီတဲ့အနံ့ကို မုန်းမုန်း ငါးတွေမှာ နှလုံးအတွက် အဓိကအာဟာနဲ့ ကင်ဆာဆဲလ်တွေကြီးထွားနှုန်းကို လျှော့ချပေးတဲ့ omega-3 fatty acids တို့ပါဝင်တာကြောင့် အနီရောင်အသားစားများတဲ့သူတွေထက်စာရင် ငါးစားပေးတဲ့သူတွေမှာ အူမကြီးကင်ဆာ ဖြစ်ပွားမှု သိသိသာသာနည်းပါတယ်။
အူမကြီးကင်ဆာကို ကာကွယ်ချင် ရင် ဒါတွေ သိပ်မစားပါနဲ့ ။ ။
- အနီရောင်အသားတွေ
မကျက်တကျက်ချက်ထားတဲ့ အနီရောင်အသားတွေက နဲ့ အပူချိန်မြင့်မြင့်မှာ ချက်ထားတဲ့ အသားတွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်တွေ သိသိသာသာ ပါဝင်မှု များနေတာကြောင့် သူတို့ကို လျှော့စာဖို့လိုပါတယ်။
- တာရှည်ခံစေတဲ့ အစားအသောက်တွေ
အားလုံးသိကြတဲ့အတိုင် းတာရှည်ခံအောင် ထုတ်ထားတဲ့ အ စားအသောက်တွေမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ မကောင်းတဲ့ ဓာတုပစ္စည်းတွေ အပြည့်ပါတယ်ဆိုတာ။ ဥပမာ ဟော့ဒေါ့တို့၊ ဝက်ပေါင်ခြောက်တို့ ကြက်အူချောင်း ဝက်အူချောင်းတို့ပေါ့။ အူမကြီးကင်ဆာကို ကာကွယ်ချင်ရင် အဲဒီ တာရှည်ခံအသားတွေကို လျှော့စားရမှာပါ။
- အရက်ကို လျှော့သောက်ပါ။
တစ်နေ့ အရက်တစ်ခွက်သောက်လို့ ကင်ဆာဖြစ်ပွားမှုနှုန်း မြင့်တက်စေတာတော့မရှိပေမယ့် သောက်တဲ့ခွက်အရေအတွက်များလာရင် ( တစ်နေ့ကို တစ်ပုလင်းတို့ ၃ ခွက် ၄ ခွက်တို့ ) ဖြစ်လာရင် ကင်ဆာဖြစ်ပွားတဲ့ အပိုင်းမှာ ပြဿနာရှိလာမှာပါ။
ဖြစ်နေရင်လည်း သိပ်မသိသာတတ်ဘဲ နောက်ကျမှ သိရတယ်၊ ကုသလို့ရှိရင်လည်း ဗိုက်မှာအပေါက်ဖောက်ပြီး တစ်သက်လုံးနေသွားရမယ့် အူမကြီးကင်ဆာဆိုတာ ကြောက်စရာကောင်းတဲ့ ကင်ဆာ တစ်ခုမဟုတ်လား။ စားသောက်တဲ့ပုံစံလေးပြောင်းမယ် လေ့ကျင့်ခန်းတွေလုပ်မယ် ဝမ်းမှန်အောင် ဂရုစိုက်ပေးမယ်ဆိုရင်တော့ အူမကြီးကင်ဆာကို ကြိုတင်ကာကွယ်လို့ရမှာအသေအချာနော် ။ ။
[embed-health-tool-bmi]