brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

မိန်းမကိုယ်ရောင်ရမ်းခြင်း

Vaginitis (မိန်းမကိုယ်ရောင်ရမ်းခြင်း) ဆိုတာ အရွယ်ရောက်နေတဲ့ မိန်းကလေး ၇၀ ရာခိုင်နှုန်းလောက်ကြုံတွေ့ဖူးတဲ့ ကိစ္စ တစ်ခုပါ။ မိန်းမကိုယ်ရောင်တာက တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိလို့ ဖြစ်တာလို့ တစ်ထစ်ချ ပြောလို့မရပါဘူး။ ဖြစ်နိုင်တဲ့အကြောင်းတရားတွေ အမျိုးမျိုးရှိပါတယ်။ ဒါကြောင့်ခုပြောပြချင်တာက မိန်းမကိုယ်​ရောင်တာ ဘာကြောင့်လဲ ၊ ဘယ်လို လက္ခဏာတွေရှိလဲ၊ ဘယ်လိုကုသရလဲ ၊ ဘယ်လိုကာကွယ်ရမလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

မိန်းမကိုယ်ရောင်ရမ်းခြင်း

မိန်းမကိုယ်ရောင်ရမ်းခြင်း ဘာကြောင့်ဖြစ်ရတာလဲ။

အဓိကအားဖြင့် အဖြစ်များတဲ့အကြောင်းရင်း ၄ မျိုးခွဲလို့ရပါတယ်။

၁။ ဘက်တီးရီးယားပိုးဝင်လို့ ရောင်တာ ။ (Bacterial vaginosis)

မိန်းမကိုယ်မှာ သာမန်အတိုင်း ပေါက်ပွားနေကြတဲ့ lactobacillus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးလေးတွေ အနည်းငယ်ရှိပါတယ်။ အဲဒီပိုးလေးတွေ များများပေါက်ပွားလာရင် ကောင်းကျိုးပြုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဒီပိုးလေးတွေ နည်းပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေ များလာရင် မိန်းမကိုယ်ရောင်လာတတ်ပါတယ်။

၂။ Trichomonas vaginalis လို့ခေါ်တဲ့ ကပ်ပါးကောင်တစ်မျိုးကြောင့် မိန်းမကိုယ်ရောင်တာ။ (Trichomoniasis)

Trichomonas vaginalis က ကပ်ပါးကောင် တစ်မျိုးဖြစ်ပြီး လိင်ဆက်ဆံရာမှ တဆင့် ကူးစက်တတ်ပါတယ်။ သူက မိန်းမကိုယ်ကို ရောင်စေတာအပြင် ဆီးလမ်းကြောင်းကိုပါ ဒုက္ခပေးတတ်ပါတယ်။

၃။ (Candida albicans) လို့ခေါ်တဲ့ မှိုကြောင့် မိန်းမကိုယ်ရောင်တာ (Candidiasis)။

Candida ဆိုတာ မှိုရောဂါတစ်မျိုးဖြစ်ပြီး မိန်းမကိုယ်မှာ အဖြူဖတ်တွေကို ကပ်နေစေတတ်ကာ မိန်းမကိုယ်ကို ယားယံစေပါတယ်။

၄။ သွေးဆုံးပြီးနောက် မိန်းမကိုယ်ရောင်ရမ်းခြင်း။ (Atrophic vaginitis)

သွေးဆုံးပြီး အမျိုးသမီး အများစုမှာ အက်စထရိုဂျင် ဟော်မုန်းလျော့နည်းလာတဲ့ အတွက်ကြောင့် မိန်းမကိုယ်အတွင်းပိုင်းနံရံတွေပါးလာပြီး မိန်းမကိုယ်ရောင်ခြင်းကို ပိုဖြစ်စေပါတယ်။

ဒီ၄မျိုးက အဓိက မိန်းမကိုယ်ကို ရောင်စေတဲ့အကြောင်းတွေ ဖြစ်ပါတယ်။ တခြားကတော့ ဆီးပူညောင်းကျရောဂါကြောင့် ရောင်တာ၊ ရေယုန်ရောဂါကြောင့်ရောင်တာ၊ အခြားသော ကပ်ပါးကောင်တွေကြောင့်နဲ့ သန့်ရှင်းမှု မရှိလို့ရောင်တာတွေလည်းဖြစ်နိုင်ပါတယ်။

ဘယ်လိုလူတွေက ဖြစ်နိုင်ခြေပိုများလဲ။ ။

မိန်းမကိုယ်ရောင်ရင်ဘယ်လို လက္ခဏာတွေ ခံစားရလဲ။ ။

မိန်းမကိုယ်ကထွက်တဲ့ အရည်တွေ အရောင်ပြောင်းတာ၊ အနံ့မကောင်းတာ၊ အရည်ဆင်းများတာတွေ ဖြစ်တတ်ပါတယ်။

  • ဘက်တီးရီးယားကြောင့် ရောင်တာဆိုရင် မီးခိုးရောင် အချွဲတွေထွက်တတ်ပြီး အနံ့ကတော့ ပုပ်အဲ့အဲ့ အနံ့ထွက်နေတတ်ပါတယ်။ တစ်ခါတစ်ရံ အတူနေပြီးရင် ငါးညှီနံ့နံတဲ့ အရည်မျိုးလည်း မိန်းမကိုယ်ကနေ ဆင်းတတ်ပါသေးတယ်။
  • Trichomonas vaginalis လို့ခေါ်တဲ့ ကပ်ပါးကောင်တစ်မျိုးကြောင့် ဆိုရင် စိမ်းဝါရောင် အချွဲရည်တွေ ဆင်းတတ်ပြီး တစ်ခါတရံ အမြှုပ်တောင် ပါတတ်ပါတယ်။
  • Candida မှိုကြောင့်ဖြစ်တာဆိုရင် အဖြူဖတ်တွေ မိန်းမကိုယ်ကနေ ဆင်းတတ်ပါတယ်။ မိန်းမကိုယ်က ယားလည်းယားနေတတ်ပါတယ်။

ဒါ့အပြင် မိန်းမကိုယ်ယားတာ၊ ရောင်တာ၊ လိင်ဆက်ဆံချိန် မိန်းမကိုယ်နာတာ၊ ဆီးသွားရင် ကျင်တာ၊ အောင့်တာတွေနဲ့ ရာသီလာချိန် မဟုတ်ဘဲ မိန်းမကိုယ်ကနေသွေးတွေ အနည်းငယ်ဆင်းတာတွေဖြစ်တတ်ပါတယ်။

ဆရာဝန်ဆီ ဘယ်အချိန်မှာ သွားသင့်လဲ။ 

မိန်းမကိုယ်ယားတယ်ဆိုတာ အခန့်မသင့်ရင် ဖြစ်တတ်နေကြ ကိစ္စ တစ်ခုပါ။ အဲလိုဖြစ်တိုင်း ဆရာဝန်ဆီ သွားဖို့လိုလား၊ မိန်းကလေးဆိုတာ ကလည်း ရှက်တတ်တဲ့ အမျိုးဆိုတော့ ဆရာဝန်ဆီ တော်ရုံမသွားချင်ကြဘူးလေ။ ဒါကြောင့်ဆရာဝန်တွေ ဆီ သွားသင့်တဲ့အချိန်တွေကို ပြောပြပေးပါမယ်။

  • ပြောပြခဲ့တဲ့ လက္ခဏာတွေ မပျောက်ဘဲ အချိန်အကြာကြီးရှိနေတာ
  • အရင်ကလည်းဖြစ်ဖူးတယ်။ ခုပြန်ပြန်ဖြစ်နေတယ်ဆိုပြီး ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာ။
  • အရင်ကဖြစ်ဖူးပြီး ဆေးတွေသောက်တာတောင် မသက်သာဘဲ ပြန်ပြန်ဖြစ်နေတာ။
  • ဖျားပြီး ချမ်းတုန်ကာ၊ တင်ပဆုံ အတွင်းပိုင်းက ကိုက်ခဲနာကျင်တာဆိုရင် တော့ ဆရာဝန်ဆီ မြန်မြန်သွားသင့်ပါပြီ။

မိန်းမကိုယ်ရောင်တာကို ဘယ်လိုကုသရင် ပျောက်လဲ။ 

မိန်းမကိုယ်ရောင်ခြင်းကို ဖြစ်စေတတ်တဲ့ အကြောင်းတွေ ပေါ်မူတည်ပြီး ဆေးကုသမှုကလည်းကွဲပြားသွားပါတယ်။ ကိုယ်ဝန်ဆောင်တွေ အနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှသာ ဆေးများကို သုံးသင့်ပါတယ်၊

  • ဘက်တီးရီးယားပိုးဝင်လို့ ရောင်တာ ။ (Bacterial vaginosis)

ပဋိဇီဝ ပိုးသတ်ဆေးတွေဖြစ်တဲ့ metronidazole သောက်ဆေး၊ ( ဒါမှမဟုတ်) မိန်းမကိုယ်ကိုလိမ်းတဲ့ metronidazole ဂျယ်လ် လိမ်းဆေး နှင့် clindamycin လိမ်းဆေး ခရင်တွေ သုံးလို့လည်းရပါတယ်။ ဆရာဝန်ရဲ့ ညွှန်ကြားမှုအောက်မှာသာ ဆေးများကို သုံးသင့်ပါတယ်။

  • Trichomonas vaginalis လို့ခေါ်တဲ့ ကပ်ပါးကောင်တစ်မျိုးကြောင့် မိန်းမကိုယ်ရောင်တာ။ (Trichomoniasis)

metronidazole (ဒါမှ မဟုတ်) tinidazole သောက်ဆေးတွေ ဆရာဝန်မှ ညွှန်ကြားပါလိမ့်မယ်။

  • Candida (Candida albicans) လို့ခေါ်တဲ့ မှိုကြောင့် မိန်းမကိုယ်ရောင်တာ (Candidiasis)

Candida က မှိုရောဂါတစ်မျိုးဖြစ်လို့ ဆရာဝန်က မှိုသတ်ဆေး လိမ်းဆေးတွေ ပေးမှာဖြစ်ပါတယ်။

  • သွေးဆုံးပြီးနောက် မိန်းမကိုယ်ရောင်ခြင်း ။ (Atrophic vaginitis)

သွေးဆုံးပြီးရင် အက်စထရိုဂျင် ဟော်မုန်းတွေကျလာပြီး ရောင်တတ်တာဖြစ်လို့ ဆရာဝန်မှ အက်စထရိုဂျင် သောက်ဆေး၊ လိမ်းဆေးခရင် တွေ ပေးမှာဖြစ်ပါတယ်။ ဆေးရဲ့ ဆိုးကျိုးတွေ ကောင်းကျိုးတွေကို သေချာချိန်ဆပြီး ဆရာဝန်ရဲ့ ညွှန်ကြားမှု အောက်မှာသာ ဆေးများကို သောက်သင့်ပါတယ်။

မိန်းမကိုယ်ရောင်ရမ်းခြင်း ကို ကြိုတင်ကာကွယ်ဖို့ ရှောင်ရန်ဆောင်ရန်အချက်များ။ ။

အရမ်းပြင်းတဲ့ ဆပ်ပြာတွေသုံးတာ၊ အမွှေးနံ့ အလွန်ပြင်းတဲ့ အရာတွေ သုံးတာတွေကို ရှောင်သင့်ပါတယ်။ ရာသီလာစဉ် လစဉ်သုံးပစ္စည်းတွေကို နာရီခြားတစ်ခါမှန်မှန်လဲပေးတာ။ သန့်ရှင်းတဲ့ချည်သား အတွင်းခံတွေ ဝတ်တာ။ အလေးသွားပြီးရင် လက်အနောက်ဘက်ဆွဲယူတဲ့နည်းနဲ့ သန့်စင်တာ။ ကွန်ဒုံးသုံးပြီး လိင်ဆက်ဆံတာ။ မိန်းမကိုယ်သန့်စင်ဆေးရည် သုံးတာတွေ လုပ်ပေးသင့်ပါတယ်။

ရေးသားသူ- Dr Thin Yadanar@ Frances

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Hello Sayarwon Panel မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 19/10/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။