backup og meta

အမျိုးသမီး အင်္ဂါ နဲ့ပတ်သက်ပြီး သိကောင်းစရာအချက် (၁၀) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီး အင်္ဂါ နဲ့ပတ်သက်ပြီး သိကောင်းစရာအချက် (၁၀) ချက်

    အမျိုးသမီး အင်္ဂါ ဆိုတဲ့အသံကြားလိုက်ရရင်ကို လူအများစုက ရှက်သလို၊ ကြောက်သလို ဖြစ်သွားတတ်ကြပါတယ်။ ကျွန်တော်တို့နိုင်ငံလို ယဉ်ကျေးမှုအစဉ်အလာ များပြားတဲ့ နိုင်ငံ မပြောနဲ့။ အမေရိကန်လို ပွင့်လင်းမှုရှိတဲ့နိုင်ငံမျိုးမှာတောင် ၂၀၁၆ ခုနှစ် က စစ်တမ်းအရ အမျိုးသမီးငယ် ၆၅ ရာခိုင်နှုန်းခန့်ဟာ Vagina ဆိုတဲ့စကားအစား တခြား အသုံးအနှုန်းတွေကိုသာ သုံးကြကြောင်းတွေ့ရှိခဲ့ရပါတယ်။

    အမျိုးသမီး အင်္ဂါကို ဘယ်လိုပဲ ခေါ်ခေါ် ကျွန်တော်တို့အားလုံး သဘောတူရမယ့် အချက် တစ်ချက်တော့ရှိပါတယ်။ အဲ့ဒါကတော့ အမျိုးသမီး အင်္ဂါတွေဟာ လူသားတွေ မျိုးပွားဖို့အတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ စိတ်ကျေနပ်မှုအတွက် အရေးပါတဲ့ နေရာတစ်ခုမှာ ပါဝင်တဲ့ ခန္ဓါကိုယ်အစိတ်အပိုင်း တစ်ခုလည်းဖြစ်ပါတယ်။

    အမျိုးသမီး အင်္ဂါ နဲ့ပတ်သက်ပြီး သိကောင်းစရာအချက် (၁၀) ချက်

    ကမ္ဘာ့လူဦးရေ တစ်ဝက်လောက်နီးပါးဟာ အမျိုးသမီးတွေ ဖြစ်ကြပေမယ့် မျိုးပွားမှု စနစ်မှာ အရေးပါတဲ့ အမျိုးသမီးအင်္ဂါတွေအကြောင်း လူတွေ သိပ်မသိကြပါဘူး။ ဥပမာ အင်္ဂလိပ်စကား Vagina ဆိုတာ လက်တင်ဘာသာစကား “ ဓါးအိမ်၊ အစွပ် ” ဆိုတဲ့ စကားမှ ဆင်းသက်လာတယ်ဆိုတာ သိတဲ့လူ တော်တော် နည်းပါးပါလိမ့်မယ်။ သင်ကိုယ်တိုင်လည်း မသိသေးဘူးဆိုရင် နောက်လာမယ့် စာပိုဒ်တွေမှာ အမျိုးသမီး အင်္ဂါတွေရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်တွေကို ဆက်လေ့လာလိုက်ကြရအောင်။

    ၁။ Vagina ဆိုတဲ့ အဓိပ္ပါယ်ကို သင်ဘယ်လို သိထားပါသလဲ။

    ဒီအချက်ကတော့ ကျွန်တော်တို့ ပထမဆုံး နားလည်ရမယ့် အချက်တစ်ချက်ပါ။ Vagina လို့ပြောလိုက်တာနဲ့ စာဖတ်သူတို့ အနေနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓါကိုယ်အောက်ဘက်ပိုင်းက အင်္ဂါတစ်ခုလို့ နားလည်နေပါလိမ့်မယ်။ ဒါပေမဲ့ ဒါက အဖြေမှား ဖြစ်ပါတယ်။ တကယ်တော့ Vagina ဆိုတာ အမျိုးသမီး မျိုးပွား အင်္ဂါစုထဲက အစိတ်အပိုင်းတစ်ခုရဲ့ နာမည်သာဖြစ်ပါတယ်။ တကယ်တော့ Vagina ဆိုတာ Vulva လို့ခေါ်တဲ့ မိန်းမနိမိတ်ဝ ကနေစပြီး သားအိမ်ထိ ဆက်သွယ်ထားတဲ့ ကြွက်သားပြွန်ချောင်းတစ်ခုကိုသာခေါ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ Vagina လို့ထင်နေတဲ့ အမျိုးသမီးအင်္ဂါပြင်ပ အစိတ်ပိုင်းတွေဟာ Vulva လို့ခေါ်ပြီး Vulva ဟာ မိန်းမအင်္ဂါ နှုတ်ခမ်းနဲ့ မိန်းမအင်္ဂါစေ့ ပါဝင်တဲ့ ပြင်ပ အစိတ်အပိုင်းတွေ ကိုခေါ်တာပါ။ Vagina (သားအိမ်လမ်းကြောင်း) တွေရဲ့ အလျားက ဘယ်လောက်ရှိလဲဆိုတော့ ၂.၇ လက်မ ကနေ ၃.၁ လက်မအထိ ရှိနိုင်ပြီး လိင်ဆက်ဆံချင်စိတ်ပြင်းပြနေတဲ့ အချိန်မှာတော့ ၄.၃ လက်မကနေ ၄.၇ လက်မ အထိရှည်လျားနိုင်ပါတယ်။ ဒါ့ကြောင့် vagina ဆိုတာ အမျိုးသမီး အင်္ဂါ နမိတ်ဝတွေ ဖြစ်တဲ့ မြင်ရတဲ့ အမျိုးသမီးအင်္ဂါ နှုတ်ခမ်းနဲ့ အမျိုးသမီးအင်္ဂါအစေ့ကနေ သားအိမ်ကို ဆက်သွယ်ပေးထားတဲ့ ကြွက်သားပြွန်ချောင်းတစ်ခုကို သာခေါ်တာ ဖြစ်ပါတယ်။

    ၂။ အမျိုးသမီး အင်္ဂါထဲ မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရ သော အတောင့် (Tampon) တစ်ခုဝင်မသွားနိုင်ပါဘူး။

    တချို့ကတော့ ယုံတမ်းစကားတွေကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ အမျိုးသမီးအင်္ဂါထဲကို မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရသော အတောင့်လေးတွေတောင် လုံးဝ မဝင်သွားနိုင်ပါဘူး။ Tampon တွေဟာ အရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး ရာသီသွေးဆင်းမှု များပြားတဲ့ အချိန်မှာ သုံးရတဲ့ Super Tampon တွေရဲ့ အလျားဟာ 13.5 စင်တီမီတာ(5.31 လက်မ) နဲ့ အချင်းကတော့ ၁.၆ စင်တီမီတာ (ဝ.၆ လက်မ)အထိ ရှိနိုင်ပါတယ်။ ဒါပေမဲ့ Vagina ရဲ့ ထိပ်ပိုင်းအဝဟာ အရမ်း သေးလွန်းတဲ့အတွက် ဒီ Tampon အတောင့်တွေ သားအိမ်ထဲဝင်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။ တကယ်လို့ Tampon တောင့် ဝင်သွားမယ်ဆိုရင်လည်းဆေးခန်းသွားကာ ပြန်လည် ထုတ်ယူလို့ရနိုင်ပါတယ်။ Tampon ကို အချိန်အကြာကြီး အထဲထဲမှာ ထားမယ်ဆိုရင် toxic shock syndrome လို့ခေါ်တဲ့ ေသွးအဆိပ်တက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

    ၃။ ခန္ဓါကိုယ်လေ့ကျင့်ခန်းလုပ်ခြင်းက Vagina အပေါ် ကောင်းကျိုးသက်ရောက်နိုင်ပါတယ်။

    ကာယလေ့ကျင့်ခန်းဆိုတာ လိင်မှု ကိစ္စပြုလုပ်ခြင်းကို ရည်ညွန်းတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ လေ့လာချက်တွေအရ ပုံမှန် လိင်မှုကိစ္စရှိနေခြင်းက အမျိုးသမီး အင်္ဂါ ကျန်းမာရေးအပေါ် ကောင်းကျိုး ဖြစ်စေတယ်လို့ သိရပါတယ်။ အထက်က ပြောခဲ့တဲ့ ကာယလေ့ကျင့်ခန်းဆိုတာ တင်ပါးဆုံရိုးရှိအရိုးတွေရဲ့ လေ့ကျင့်ခန်းကို ဆိုလိုတာပါ။ ဒီလေ့ကျင့်ခန်းတွေကို Kegel လေ့ကျင့်ခန်းတွေလို့လည်း ခေါ်ဆိုပါတယ်။ Kegel လေ့ကျင့်ခန်းတွေဟာ အမျိုးသမီးတွေ ဆီးမထိန်းနိုင်ခြင်းကို ကာကွယ်ပေးနိုင်ပြီး လေ့လာချက်တွေအရ Kegel လေ့ကျင့်ခန်းတွေဟာ လိင်မှုဆိုင်ရာစိတ်ကျေနပ်မှုကိုလည်း တိုးမြှင့်ပေးနိုင်တယ် လို့သိရပါတယ်။ Kegel လေ့ကျင့်ခန်းတွေဟာ Vagina တွေကို တင်းကျပ်စေနိုင်ပြီး လိင်မှုကိစ္စလုပ်ဆောင်စဉ်မှာ ပိုပြီး ခံစားချက်ပိုကောင်းစေနိုင်သလို အထွတ်အထိပ်ရောက်ခြင်း အလွယ်တကူ ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။

    ၄။ Vagina တွေဟာ ဝိုင်တွေလိုပါပဲ။

    Vagina တွေက စပျစ်သီးနဲ့ တစ်ခြားအသီးတွေက ထုတ်ထားတဲ့ ဝိုင်တွေနဲ့ ဆင်တူပါတယ်။ သာမန် vagina တစ်ခုရဲ့ pH ဟာ ၄.၅ အောက်မှာရှိနေပြီး ဝိုင်တွေရဲ့ pH ကလည်း ဒီတန်ဖိုးခန့်ပဲရှိပါတယ်။ pH ဆိုတာ ပျော်ရည်တစ်ခု အက်ဆစ်ဓါတ် (အချဉ်ဓါတ်) ဘက်ရောက်လား၊ အယ်ကာလီ သဘာဝရှိသလားဆိုတာ ဆုံးဖြတ်ပေးတဲ့ တန်ဖိုးတစ်ခု ဖြစ်ပြီး တန်ဖိုး ၇ ရှိတဲ့ အရာကတော့ ရေသန့်ဖြစ်ပါတယ်။ ၇ ထက်မြင့်တဲ့ တန်ဖိုးရှိတဲ့ အရည်တွေကတော့ အယ်ကာလီဓါတ်ရှိတဲ့ အရည်ဖြစ်ပြီး ၇ အောက်နည်းတဲ့ အရည်တွေကတော့ အက်ဆစ်ဓါတ်များတဲ့ အရည်တွေ ဖြစ်ပါတယ်။

    လက်တစ် အက်ဆစ်မှာ အဓိက ပါဝင်တဲ့ ဘက်တီးရီးယားတွေ ဖြစ်တဲ့ Lactobacillus ဘတ်တီးရီးယားတွေဟာ အမျိုးသမီး အင်္ဂါတွေမှာ ရှိတဲ့ ဘက်တီးရီးယားတွေ ဖြစ်ပါတယ်။ ဒီဘက်တီးရီးယားတွေကို အမျိုးသမီး အင်္ဂါတွေ အပြင် အစာခြေ စနစ်ဆီးလမ်းကြောင်း စနစ်တို့မှာလည်း တွေ့နိုင်ပြီး အမျိုးသမီး အင်္ဂါတွေမှာ pH ပမာဏကို ပုံမှန်ဖြစ်နေအောင် ထိန်းသိမ်းပေးကာ ကူးစက်ရောဂါ ဘက်တီးရီးယားတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဒီဘက်တီးရီးယားတွေကို ဒိန်ချဉ်တွေလိုမျိုးအစားအစာတွေမှာလည်းတွေ့နိုင်ပြီး ဝမ်းလျှောခြင်း၊ အမျိုးသမီးမွေးလမ်းကြောင်း ရောဂါ ကူးစက်ခြင်းနဲ့ ခန္ဓါကိုယ်အရေပြားရောဂါဖြစ်တဲ့ နှင်းခူနာတို့ကို ပျောက်ကင်းအောင်တားဆီးပေးနိုင်ပါတယ်။ အမျိုးသမီး အင်္ဂါမှာဆိုရင်လည်း lactobacilli ဘက်တီးရီးယားပမာဏ ကျဆင်းသွားမယ်ဆိုရင် မွေးလမ်းကြောင်း pH ပမာဏက ၄.၅ အထိတိုးလာနိုင်ပြီး ဒီလို တိုးလာမယ်ဆိုရင် ဘက်တီးရီးယား ရောဂါပိုးတွေ ကူးစက်ခြင်းကို ခံရနိုင်ပါတယ်။

    ၅။ အမျိုးသမီး အင်္ဂါကို တရားလွန် ဆပ်ပြာများနဲ့ မဆေးကြောမိပါစေနဲ့။

    အမျိုးသမီးအင်္ဂါတွေ သန့်ရှင်းအောင်ဆိုပြီး အနံ့ပါဝင်တဲ့ ဆပ်ပြာများ၊ ရေမွှေးပါဝင်တဲ့ ဆပ်ပြာများနဲ့ မသန့်ရှင်းသင့်ပါဘူး။ ဒီလို ဆပ်ပြာများနဲ့ အမျိုးသမီး အင်္ဂါကို သန့်ရှင်းခြင်းဟာ အမျိုးသမီး အင်္ဂါအတွင်းက သဘာဝ ဘက်တီးရီးယား ပိုးတွေကို နှောင့်ယှက်သလိုဖြစ်ပြီး ဘက်တီးရီးယား ကူးစက်ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။ တကယ်တမ်းတော့ အမျိုးသမီး အင်္ဂါတွေဟာ သဘာဝအတိုင်း သူ့ဘာသူ သန့်ရှင်းရေး လုပ်နေတာကြောင့် အလွန်အကျူး စိတ်မပူသင့်ပါဘူး။

    “ အမျိုးသမီး အရွယ်အမျိုးမျိုးဟာ သူတို့ရဲ့ လိင်အင်္ဂါတွေ သန့်ရှင်းနေဖို့ အတွက် အလွန်အကျူးလုပ်ဆောင်တတ်တဲ့အတွက် ကျိန်းစပ်ခြင်း၊ နာကျင်ခြင်းနဲ့ ယားယံခြင်းတွေ ဖြစ်တတ်ပါတယ်။ အမျိုးသမီး လိင်အင်္ဂါတွေဟာ ထိခိုက်လွယ်တဲ့ အင်္ဂါတွေပါ။ တစ်နေ့တစ်ကြိမ် ရေနဲ့ ဆေးကြောတာတင်လုံ လောက်ပါပြီ ” လို့ သားဖွားမီးယပ်ပါမောက္ခ ဖြစ်သူ ဒေါက်တာ ဆန်ဂျီတာ အန်နီဟိုတရီ (Dr. Sangeeta Agnihotri) က Telegraph သတင်းစာနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ဖူးပါတယ်။

    ၆။ သင်စားတဲ့ အစားအစာတွေက သင့်လိင်အင်္ဂါရဲ့ အနံ့ကို သက်ရောက်မှုရှိပါတယ်။

    လိင်အင်္ဂါတွေရဲ့ အနံ့အသက်ပျောက်ကင်းစေချင်တယ်ဆိုရင် ရေမွှေးဆပ်ပြာတွေ သုံးစွဲနေမယ့်အစား အစားအသောက်ပိုင်းကို ဆင်ခြင်သင့်ပါတယ်။ အနံ့ပြင်းတဲ့ အစားအစာတွေ ဖြစ်တဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့စားခြင်းဟာ အမျိုးသမီးအင်္ဂါ အနံ့ပြင်းမှု ကိုဖြစ်စေနိုင်ပါတယ်။ မှတ်သားစရာတစ်ခုက သင့်လိင်အင်္ဂါရဲ့ အနံ့ဟာ သိသိသာသာ ပြောင်းလဲသွားမယ်ဆိုရင်တော့ ဒါဟာ ကူးစက်ရောဂါတစ်မျိုး ခံစားနေရတဲ့ လက္ခဏာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒီလို အချိန်ဆိုရင်တော့ ဆေးခန်းကို သွားရောက်ပြသ သင့်ပါတယ်။

    ၇။ အမျိုးသမီး လိင်အင်္ဂါအစေ့ (clitoris) မှာ နာဗ်ကြော ထောင်ပေါင်းများစွာပါဝင်ပါတယ်။

    အမျိုးသမီး လိင်အင်္ဂါအစေ့ဟာ Vagina (သားအိမ်လမ်းကြောင်း) အစိတ်အပိုင်းထဲမှာ မပါဝင်ပါဘူး။ အမျိုးသမီး အင်္ဂါအစေ့ဟာ လိင်မှုပိုင်းဆိုင်ရာမှာ ခံစားမှုကောင်းစေဖို့အတွက် အရေးပါတဲ့ အင်္ဂါတစ်ခု ဖြစ်ပြီး သိပ်ပြီး မအံ့ဩသင့်တဲ့ အချက်ကတော့ အမျိုးသမီး လိင်အင်္ဂါ အစေရဲ့ ထိပ်ပိုင်းမှာတင် နာဗ်ကြောထုံး ၈၀၀၀ ခန့်ပါဝင်ပြီး ဒီပမာဏဟာ အမျိုးသား လိင်အင်္ဂါမှာ ပါဝင်တဲ့ နာဗ်ကြောတွေထက် ၂ ဆ ပိုများပါတယ်။ ဒါ့ကြောင့်လည်း အမျိုးသမီးတွေ ရမ္မက်သွေး ကြွဖို့အတွက် အရေးပါဆုံး နေရာတစ်ခု ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင့် လတ်တလော လေ့လာချက်များအရ အမျိုးသမီး လိင်အင်္ဂါအစေ့ဟာ လိင်ပိုင်းဆိုင်ရာ စိတ်လှုပ်ရှားနေချိန်မှာဆိုရင် ၃၀၀ ရာခိုင်နှုန်း (၃ ဆ) အထိ အရွယ်အစားကြီးလာနိုင်ကြောင်း တွေ့ရပါတယ်။

    ၈။ Vagina ဟာ လေမလည်တတ်ပါဘူး။

    အမျိုးသမီး အားလုံး တစ်ချိန်မဟုတ်တစ်ချိန်ကြုံဖူးကြမယ့် အရာတစ်ခုကတော့ Vagina မှ ထိန်းချုပ်လို့မရနိုင်တဲ့ လေထွက်ခြင်းပါပဲ။ ဒါကို Queefing (ပန်းထွက်ခြင်း ) လို့ခေါ်ပါတယ်။ Queefing ဟာ vagina ထဲမှာ ပိတ်မိနေတဲ့ လေတွေ အပြင်ထွက်သွားခြင်းဖြစ်ပြီး Vagina ဆိုတာ ပြွန်အဖြောင့် ချောင်းကြီး မဟုတ်ပါဘူး။ Vagina ခွေနေတဲ့ အချိန်မှာ အတွန့်ချောင်းပုံစံဖြစ်ပေါ်နေပြီး ဒီအထဲမှာ လေတွေ ခိုနေတတ်ပါတယ်။ ဒီလိုခိုနေတဲ့ လေတွေဟာ Vagina အနေအထားပုံစံ ပြောင်းသွားရင် ပြန်ထွက်သွားတတ်ပါတယ်။ ဒါဟာ စအိုလမ်းကြောင်းက ဘက်တီးရီးယားတွေကြောင့် Gas တွေ ထွက်ခြင်းဖြစ်တဲ့ လေလည်ခြင်းနဲ့ မတူပါဘူး။ ဒီလို မွေးလမ်းကြောင်းထဲက လေထွက်တယ်ဆိုတာ ပုံမှန်ဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ ဒါဟာ အများစု အမြင်အရ လေလည်တာ မဟုတ်သလို gas တွေ မဟုတ်တဲ့အတွက် အနံ့အသက်တွေ မပါဝင်ပါဘူး။ ဒါပေမဲ့ တစ်ချို့ ရှားပါးတဲ့ ဖြစ်စဉ်တွေမှာတော့ Vagina နဲ့ ဆီးအိမ်အူလမ်းကြောင်း၊ စအိုလမ်းကြောင်းတို့ ဆက်သွယ်နေတဲ့အခါမှာ vagina မှ gas ထွက်ခြင်း ဖြစ်စဉ် ဖြစ်နိုင်ပါတယ်။

    ၉။ Vagina နဲ့ ငါးမန်းတို့ရဲ့ ဆက်သွယ်ချက်

    စာဖတ်သူတို့တော့ Vagina နဲ့ ငါးမန်းဆိုတာ ဘာကြီးလဲလို့ တွေးမိမှာ အမှန်ပါပဲ။ ဒါပေမဲ့ သင့်ရဲ့ အင်္ဂါအစိတ်အပိုင်းဟာ သင်ထင်ထားတာထက် ငါးမန်းတွေနဲ့ ပိုတူပါတယ်။ Vagina က ထွက်တဲ့ ချောဆီတွေမှာ squalene ခေါ်တဲ့ အရောင်မဲ့တဲ့ ဟိုက်ဒရိုကာဗွန် Compound ပါဝင်ပြီး ဒီ Compound ကို ငါးမန်းတွေရဲ့ အသည်းမှာလည်း တွေ့နိုင်ပါတယ်။ တစ်ခုမှတ်စရာတစ်ခုက squalene compound ကို အလှပြင် ပစ္စည်းတွေဖြစ်တဲ့ အသားအရည်စိုပြေစေတဲ့ Lotion တွေ၊ နေရောင်ကာခရင်မ်တွေနဲ့ ခေါင်းလိမ်းဆီတွေမှာလည်း အသုံးပြုကြပါတယ်။ ဒီနေရာမှာ vagina dentata ဆိုတဲ့ အစွယ်တွေပါတဲ့ vagina ဆိုတာ အရင်ခေတ်တုန်းက အမျိုးသားတွေ အမျိုးသမီးတွေကို အဓမ္မမပြုကျင့်ကြစေရန် ခြောက်လှန့် ပြောဆိုချက်တစ်ခုသာ ဖြစ်ပါတယ်။

    ၁၀။ G- spot တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

    ကျွန်တော်တို့ အားလုံး G spot ကို ကြားဖူးကြမှာပါ။ G-spot (Gräfenberg spot ) ဆိုတာ ဂျာမန် မီးဖွားပညာရှင် Ernst Gräfenberg လို ဂုဏ်ပြုပြီး ပေးထားတဲ့ နာမည်ဖြစ်ပြီး လိင်ခံစားမှုမှာ တုံ့ပြန်မှုကောင်းတဲ့ vagina ဧရိယာ တစ်ခုကို ဆိုလိုတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ G-spot ဟာ ဆီးလမ်းကြောင်းနဲ့ အမျိုးသမီး မွေးလမ်းကြောင်း အဖွင့်ကြားက မွေးလမ်းကြောင်း ရှေ့ပိုင်း ၅-၈ စင်တီမီတာ (၂-၃ လက်မ) အတွင်းမှာ ရှိပါတယ်။

    G- spot ကို ကြားဖူးတယ်ဆိုရင် A-spot ကိုရောကြားဖူးကြလား။

    A-spot ဆိုတာ သားအိမ်ခေါင်းနဲ့ ဆီးအိမ်ကြား မွေးလမ်းကြောင်း အတွင်းပိုင်းကိုခေါ်တာ ဖြစ်ပြီး anterior fornix erogenous zone လို့လည်းခေါ်ပါတယ်။

    A-spot ကို မလေးရှားလေ့လာရေး ပညာရှင် ဒေါက်တာ ချူအာ ချီအန်း (Dr. Chua Chee Ann) ကရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပြီး ဒီလေ့လာချက်အရ လိင်ဆက်ဆံစဉ်မှာ နာကျင်ခြင်းနဲ့ ခြောက်သွေ့ခြင်းခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ A-spot ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ကြားလှုံဆော်ပေးမယ်ဆိုရင် ၁၅ ရာခိုင်နှုန်းသော အမျိုးသမီးတွေက ချက်ခြင်း လိင်မှုကိစ္စအထွတ်အထိပ်ရောက်နိုင်ပြီး မွေးလမ်းကြောင်းချောဆီကို ထွက်စေနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    ဒီလောက်ဆိုရင်တော့ အမျိုးသမီးအင်္ဂါနဲ့ပတ်သက်ပြီး Hello ဆရာဝန်ပရိသတ်ကြီး စုံစုံလင်လင်သိလောက်ပြီထင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Hello Sayarwon Panel မှ ရေးသားသည်။ · 08/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement