backup og meta

အားဆေး အသောက်လွန် ကြတဲ့အခါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အားဆေး အသောက်လွန် ကြတဲ့အခါ

    အားဆေး တို့၊ ဖြည့်စွက်စာ တို့ဆို ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပြီး သိပ်အားကိုးကြတယ် မဟုတ်လား။ မျက်စိအတွက် မျက်စိအားဆေး၊ အသည်းအတွက် အသည်းအားဆေး၊ အာရုံကြောအားဆေး၊ နှလုံးအတွက် ကောင်းတဲ့ အားဆေး၊ ကိုယ်ခံအားကောင်းဖို့ အာဟာရဓာတ်တွေ အပြည့်ပါတဲ့ ဖြည့်စွက်စာတွေ စတဲ့ အမျိုးအမည်ပေါင်းများစွာ သောက်နေကြပါတယ်။

    ဒါပေမယ့် တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတဲ့ စကားပုံအတိုင်းပဲ။ လိုအပ်တဲ့ ပမာဏလောက်ဆို အကျိုးကျေးဇူးများလှပေမယ့် လွန်ကဲသွားရင် အန္တရာယ်များတဲ့ အဆိပ်အတောက်တွေ ဖြစ်သွားနိုင်တာလည်း ဒီ အားဆေးတွေပဲ ဆိုတာ မမေ့ပါနဲ့။

    ဘာ အန္တရာယ်တွေ ရှိနိုင်လဲ

    လိုအပ်လို့ ဆရာဝန် ညွှန်ကြားတာက လွဲလို့ ကိုယ့်သဘောနဲ့ကိုယ် အားဆေးအစုံ သောက်ကြတဲ့အခါ သူတို့မှာ ပါတဲ့ အာဟာရဓာတ်တွေရဲ့ ပမာဏ အားလုံးပေါင်းဟာ လူတစ်ယောက်ရဲ့ တစ်နေ့တာ လိုအပ်တဲ့ပမာဏထက် ကျော်လွန်သွားတာနဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တာ သိထားသင့်ပါတယ်။

    ဒီဆေးတွေ၊ အာဟာရတွေ အကုန်လုံးမှာ ပါဝင်နေတာက ဗီတာမင်၊ သတ္တုဓာတ်နဲ့ အကျိုးပြုအာဟာရဓာတ်တွေပါ။ ဒါပေမယ့် ခန္ဓာကိုယ်က အမှန်တကယ်လိုအပ်တဲ့ ပမာဏထက် လွန်ကဲတဲ့အခါ  အာဟာရဓာတ်တွေ တပွေ့တပိုက်နဲ့ အဆိပ်သင့်ရပါတော့တယ်။ တစ်ခါတလေ ကိုယ့်မှာဖြစ်နေတဲ့ ရောဂါဝေဒနာတွေက ဒီလိုလွန်ကဲမှုတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာ တွေးရောတွေးမိကြပါ့မလား…

    အားဆေး တွေ၊ ဖြည့်စွက်စာတွေ အသုံးများတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေရယ်၊ သူတို့ကို သောက်သုံးမှု လွန်ကဲရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး…

    ဗီတာမင် A

    မျက်စိကျန်းမာရေး ၊ ဆဲလ်များ ဖွံ့ဖြိုးမှုနဲ့ ကိုယ်ခံအားစနစ် လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ ဗီတာမင် A ကို သောက်သုံးမှု လွန်ကဲသွားရင် ခေါင်းမူးတာ၊ မအီမသာဖြစ်တာ၊ အနီစက်ထွက်တာ၊  ခေါင်းကိုက်တာ၊ အရိုးအဆစ်တွေ နာကျင်တာ ဖြစ်နိုင်တယ်။

    လွန်ကဲမှု ကြာရှည်လာရင် အသည်း ပျက်စီးတာ၊ ကိုမာ ဖြစ်တာ အပြင် အသက်ဆုံးရှုံးရတဲ့ အထိ ဖြစ်နိုင်ပါတယ်။

    ဗီတာမင် B အုပ်စု

    ဗီတာမင် B3 (niacin) လွန်ကဲရင် သွေးတိုးခြင်း၊ ဗိုက်အောင့်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ အသည်းပျက်စီးခြင်း တို့ဖြစ်လာနိုင်တယ်။

    ဗီတာမင် B6 လွန်ကဲတာ ကြာလာရင် ပြင်းထန်တဲ့ အာရုံကြောပြဿနာတွေ၊ အရေပြားအနာတွေဖြစ်တာ၊ အလင်းရောင်မခံနိုင်တာ၊ ရင်ပူတာ စတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်။

    ဖောလိတ် လို့သိကြတဲ့ ဗီတာမင် B9 သို့မဟုတ် ဖောလစ်အက်စစ် ကတော့ ပမာဏလွန်ကဲရင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်တယ် ၊ ပြင်းထန်တဲ့ ဗီတာမင် B12  ချို့တဲ့မှုကို ဖြစ်စေနိုင်တယ်။

    ဗီတာမင် D

    ခုနောက်ပိုင်း ရောဂါကာကွယ်ရေးအတွက် ဗီတာမင် D ကို လူစိတ်ဝင်စားလာကြပြီး သီးသန့်သောက်သုံးသူ များလာပါတယ်။ ဒါပေမယ့် တခြား အားဆေး ထဲမှာလည်း သူပါလာတဲ့အခါ ဗီတာမင် D အဆိပ်သင့်ခြင်း အန္တရာယ် စိုးရိမ်စရာ ဖြစ်လာပါတယ်။

    ဗီတာမင် D အဆိပ်သင့်တဲ့အခါ ဖြစ်လာတဲ့ လက္ခဏာတွေထဲမှာ ကိုယ်အလေးချိန် ကျဆင်းခြင်း ၊ အစာစားချင်စိတ် နည်းခြင်း ၊ နှလုံးခုန်မမှန်ခြင်း တို့ပါဝင်တဲ့ အပြင် သွေးတွင်းကယ်လ်စီယမ် ပမာဏကိုပါ မြင့်တက်စေတာမို့ ကိုယ်တွင်းကလီစာ ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။

    ဗီတာမင် E

    ဗီတာမင် E ရဲ့ အကျိုးကျေးဇူးက များတာမို့ အလှအပအတွက်တောင် မိန်းကလေးတွေ ပိုပြီး သောက်သုံးလေ့ရှိပါတယ်။ ဒါပေမယ့် သူဟာလည်း လွန်ကဲရင် သွေးခဲပိတ်ဆို့မှု၊ သွေးယိုစိမ့်ခြင်း နဲ့ ဦးနှောက်သွေးကြောပေါက် လေဖြတ်ခြင်းတို့ အထိ ဖြစ်လာနိုင်ပါတယ်။

    ဗီတာမင် C

    ကျန်းမာရေးအတွက် သိပ်အရေးပါပြီး တော်ရုံတန်ရုံ အဆိပ်အတောက် မဖြစ်တတ်တဲ့ ဗီတာမင် C တောင်မှ ဆေးသောက်ရာက လွန်ကဲသွားတဲ့အခါ အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ၊ မအီမသာဖြစ်တာ ၊ ပျို့အန်တာ တွေ ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ နည်းတဲ့ သူ့ရဲ့ဘေးထွက်ဆိုးကျိုးတွေထဲမှာ အိပ်မပျော်ခြင်း နဲ့ ကျောက်ကပ်ကျောက်တည်ခြင်း တို့လည်း ပါဝင်ပါတယ်။

    ဆီလီနီယမ်

    ဆီလီနီယမ် လွန်ကဲတဲ့အခါ ဆံပင်ကျွတ်ခြင်း ၊ အစာအိမ် နဲ့ အူလမ်းကြောင်း ပြဿနာတွေ ၊ မောပန်းနွမ်းနယ်ခြင်း ၊ အပျော့စား အာရုံကြော ထိခိုက်မှု တို့ ဖြစ်လာနိုင်တယ်။

    ကယ်လ်စီယမ်

    ကယ်လ်စီယမ်ဓာတ် လွန်ကဲရင် ဝမ်းချုပ်စေနိုင်တယ်။ ပိုပြင်းထန်တဲ့ ဖြစ်နိုင်ခြေအန္တရာယ်က ဆီးကျောက်တည်နိုင်ပါတယ်။

    သံဓာတ်

    သံဓာတ် လွန်ကဲပြီး အဆိပ်သင့်တဲ့ အခါ ပထမ ၆နာရီ အတွင်း ပျို့အန်တာ၊ ဝမ်းပျက်တာ၊ ဗိုက်အောင့်တာ၊ တက်တာ ၊ ကိုမာဖြစ်တာ အထိ ဖြစ်လာနိုင်ပါတယ်။ နောက်ပိုင်းမှာတော့ လွန်ကဲတဲ့ ပမာဏကို မူတည်ပြီး ရုတ်တရက် သတိလစ်တာ၊ သွေးတွင်းသကြားဓာတ်ကျတာ၊ အသည်းထိတာ၊ အသက်ဆုံးရှုံးတာအထိ ဖြစ်နိုင်ပါတယ်။

    ပိုတက်စီယမ်

    ဦးနှောက် ၊ နှလုံး နဲ့ ကြွက်သား တို့ အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများစွာအတွက် လိုအပ်တဲ့ ပိုတက်စီယမ်ဓာတ်ကို လွန်ကဲတဲ့အခါ နှလုံးခုန်မမှန်ခြင်းကနေ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်နိုင်ပါတယ်။

    ဒါတွေအပြင် တခြား ဓာတ်တွေနဲ့ပတ်သက်တဲ့ ဖြစ်နိုင်ခြေတွေလည်း ရှိနိုင်ပါသေးတယ်။

    ဒါ့ကြောင့် အားဆေး သောက်ရင် တစ်မျိုးထက် ပိုသောက်ဖို့ကြံတိုင်း ပါဝင်မှုပမာဏတွေကို သတိထားပါ။

    Label ကို ဖတ်ပါ ၊ ဒါမှမဟုတ်ရင် ဆရာဝန်ညွှန်တာပဲ သောက်ပါ။ ဆရာဝန်ညွှန်ကြားချက် သို့မဟုတ် ဆေးဘူးမှာ ပါတဲ့ အညွှန်းအတိုင်းပဲ သောက်ပါ။

    ကိုယ့်သဘောနဲ့ကိုယ် သို့မဟုတ် သူများကောင်းတယ်ညွှန်းတိုင်း အားဆေးအစုံ မသောက်ကြဖို့ သတိပေးချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement