backup og meta

မလှမပတက်တူးတွေ မဖြစ်ရလေအောင်

မလှမပတက်တူးတွေ မဖြစ်ရလေအောင်

တက်တူးကို အရေပြားပေါ်ကအနုပညာတစ်ခုလို့ တင်စားပါရစေ။ အခုနောက်ပိုင်းမှာ အမျိုးသားတွေတင်မဟုတ်ဘဲ အမျိုးသမီးတွေပါ တက်တူးသေးသေးလှလှလေးတွေကို အရေပြားပေါ်မှာ အလှဆင်တဲ့အနေနဲ့ဖြစ်ဖြစ် အမှတ်တရတစ်ခုအနေနဲ့ဖြစ်ဖြစ် ထိုးလာနေကြပါပြီ။ မှတ်မှတ်ရရ လှလှပပလေးလိုချင်ပါတယ်ဆိုမှ မလှမပတက်တူးတွေ ဖြစ်လာမယ်ဆိုရင် တော်တော်လေးစိတ်ပျက်စရာကောင်းမှာနော်။ ထိုးလိုက်တဲ့ တက်တူးတိုင်းလှစေဖို့ လိုက်နာရမယ့်အချက်လေးတွေရှိနေပါတယ်။ တက်တူးလှလှလေးဖြစ်ချင်သူတွေ ဖတ်ကြည့်နော်။

တက်တူးလှလှပပဖြစ်စေဖို့ ဒီအချက်လေးတွေသတိထားပေးပါ

တက်တူးထိုးပြီးတဲ့အခါ အနည်းဆုံး တစ်နာရီလောက် ပတ်တီးခပ်ပါးပါးလေးစည်းထားပေးပါ

တက်တူးထိုးပြီးတဲ့အခါ တက်တူးထိုးထားတဲ့နေရာကို အနည်းဆုံးတစ်နာရီလောက် ပတ်တီးစခပ်ပါးပါးလေးနဲ့ စည်းထားပေးပါ။ အရမ်းတင်းတင်းကျပ်ကျပ်ကြီးတော့ မစည်းပါနဲ့။ တက်တူးထဲကို ပြင်ပက ဖုန်မှုန့်တွေနဲ့ မသန့်ရှင်းတဲ့အရာတွေ မဝင်ရောက်စေဖို့အတွက်ပါ။

ရေနွေးနွေးလေးနဲ့ ဆေးကြောပေးပါ

တစ်နာရီလောက်ပတ်တီးနဲ့စည်းပြီးသွားပြီဆိုရင်တော့ရေနွေးနွေးလေးနဲ့ အနံ့မပါတဲ့ ဆပ်ပြာရည်ခပ်ပျော့ပျော့လေးနဲ့ တက်တူးနေရာကိုဆေးကြောသန့်စင်ပေးပါ။ ဆပ်ပြာအပြင်းစားတွေမသုံးပါနဲ့၊ အရေပြားယားယံတာမျိုးတွေ ဖြစ်နိုင်တာကြောင့်ပါ။

တဘက်စသန့်သန့်လေးနဲ့ ခြောက်အောင်သုတ်ပေးပါ

တက်တူးထိုးထားတဲ့နေရာကို ဆေးကြောသန့်စင်ပြီးတဲ့အခါမှာတော့ တဘက်စသန့်သန့်လေးကို သုံးပြီး ခပ်ဖွဖွလေးသုတ်ပေးပါ။ လေတိုက်ခံပြီး အခြောက်ခံလို့လည်း ရပါတယ်။

Antibacterial Cream လိမ်းပေးပါ

တက်တူးထိုးထားတဲ့နေရာကို တစ်နေ့ကို နှစ်ကြိမ် Antibacterial Cream လူးပေးပြီး ဘက်တီးရီးယားတွေ ဝင်ရောက်ကူးစက်တာမျိုးမရှိအောင် ကာကွယ်ပေးပါ။ တက်တူးပိုးဝင်သွားတဲ့အခါ အနာရောင်ရမ်းပြီး မလှမပတက်တူးတွေ ဖြစ်သွားနိုင်တာကြောင့်ပါ။

အဝတ်အစားခပ်ကျပ်ကျပ်တွေ မဝတ်ပါနဲ့

တက်တူးထိုးထားတယ်ဆိုရင် ချည်သားခပ်ပွပွတွေဝတ်ဆင်တာကအဆင်အပြေဆုံးပါ။ တက်တူးအနာမကျက်မချင်း အဝတ်အစားခပ်ကျပ်ကျပ်တွေမဝတ်ဖို့ သတိထားပါ။

ရေမကူးပါနဲ့

တက်တူးထိုးထားတဲ့အချိန်မှာ ရေကူးတာ၊ ကမ်းခြေသွားပြီး ရေဆော့တာ၊ ရေပူစမ်းစိမ်တာမျိုးတွေမလုပ်ပါနဲ့။ ရေချိုးတဲ့အခါမှာလည်း ရေအေးအေးနဲ့ပဲ ချိုးပေးပါ။ရေနွေးနဲ့ ချိုးတာမျိုး မလုပ်ပါနဲ့။

နေရောင်နဲ့ တိုက်ရိုက်မထိတွေ့ပါစေနဲ့

တက်တူးထိုးထားတဲ့နေရာကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့စေတာမျိုးကို ရှောင်ပါ။ အပြင်ထွက်တဲ့အခါ တက်တူးထိုးထားတဲ့နေရာကို သေချာနေရောင်ကနေ ကာကွယ်ပေးပါ။ တက်တူးနေရာကို ချည်သားပတ်တီးခပ်ပါးပါးလေးစည်းပြီး နေရောင်ကနေ ကာကွယ်လိုက်ပါ။ အနည်းဆုံး ၂ ပတ်လောက်နေမထိအောင်နေပါ။ ထိုးပြီးခါစ တက်တူးကို နေလောင်ကာခရင်မ် မလိမ်းပါနဲ့ဦး။ တစ်လ၊ တစ်လခွဲလောက်နေရင်တော့ လိမ်းနိုင်ပါပြီ။

တက်တူးကို နေ့စဉ်သန့်စင်ဆေးကြောပါ

အနာကို ဂရုစိုက်သလိုပါပဲ။ တက်တူးထိုးထားတဲ့နေရာကို တစ်နေ့ နှစ်ကြိမ်လောက်တော့ အနည်းဆုံးသန့်စင်ဆေးကြောပါ။

မကုတ်ပါနဲ့

တက်တူးက အနာကျက်လာတဲ့အခါ ယားယံတာမျိုးရှိနိုင်ပါတယ်။ ဒီအချိန်မှာ တက်တူးလှလှလေးဖြစ်ချင်ရင် ဒီယားယံမှုကို သည်းခံလိုက်ပါ။ ကုတ်ခြစ်မိရာကနေ တက်တူးထိခိုက်နိုင်တာကြောင့်ပါ။

ရေများများသောက်ပေးပါ

တက်တူးမြန်မြန်ကျက်စေဖို့အတွက်ရော အရေပြားမှာ အစိုဓာတ်ရှိစေဖို့အတွက်ပါ  ရေများများသောက်ပေးပါ။

တက်တူးထိုးပြီးတိုင်းမှာ ဒီအချက်တွေကို သေချာဂရုစိုက် လုပ်ဆောင်ပေးမယ်ဆိုရင် တက်တူးလှလှလေးကို ပိုင်ဆိုင်နိုင်မှာပါ။ တစ်သက်စာအတွက် အမှတ်တရအဖြစ်ထိုးထားတဲ့ တက်တူးလေးတွေ မထိခိုက်စေဖို့ လက်တွေ့လုပ်ကြည့်လိုက်ပါနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

TAKING CARE OF A TATTOOhttp://www.topshelftattoogallery.com/after-care.html Accessed Date 14 November 2018

Tattoo aftercare tipshttps://www.medicalnewstoday.com/articles/319980.php Accessed Date 14 November 2018

How to Take Care of Your Tattoohttps://www.webmd.com/skin-problems-and-treatments/taking-care-of-your-tattoo#2 Accessed Date 14 November 2018

8 things you need to know about taking care of a new tattoohttps://www.cosmopolitan.com/uk/beauty-hair/a7369/tattoos-aftercare-95207/ Accessed Date 14 November 2018

ယခုပုံစံ

24/11/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တက်တူး မထိုးခင်မှာ သင်သိထားသင့်တဲ့ အကြောင်းအရာများ

မျက်ခုံးတက်တူးထိုးခြင်းအကြောင်း သိထားသင့်သမျှ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement