backup og meta

အပူလောင်နာကို အိမ်မှာပြုစုကုသနည်း


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပူလောင်နာကို အိမ်မှာပြုစုကုသနည်း

    ချက်ရင်းပြုတ်ရင်းဖြစ်ဖြစ် သွားရင်းလာရင်းဖြစ်ဖြစ် မတော်တဆ အပူလောင်တာမျိုးဖြစ်နိုင်ပါတယ်။ မီးဖိုချောင်ဝင်မှ အပူလောင်နိုင်တာ မဟုတ်ပါဘူး။ မီးပူတိုက်ရင်း အပူကပ်မိနိုင်သလိုကော်ဖီသောက်ရင်းမှောက်ကျရာကနေလည်းရေနွေးပူလောင်တာမျိုးလည်းရှိနိုင်ပါတယ်။ အပူလောင်တာက အဖြစ်များတဲ့ ထိခိုက်မိမှုတစ်ခုလို့ပြောရပါမယ်။ ဒီလိုမျိုးအဖြစ်များတဲ့ အပူလောင်ဒဏ်ရာကိုနေအိမ်မှာပဲ ဘယ်လိုကုသရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။

    အပူလောင်ဒဏ်ရာအကြောင်း တစေ့တစောင်း

    ထိခိုက်ဒဏ်ရာတွေကပြင်းထန်တဲ့အတိုင်းအတာကိုလိုက်ပြီး အပူလောင်ဒဏ်ရာတွေကို အမျိုးအစားခွဲခြားနိုင်ပါတယ်။ အပူလောင်နာကို

    • First-degree burn – အရေပြားအပေါ်ယံလွှာထိခိုက်မိတာပါ။ အနည်းငယ်နာကျင်နိုင်ပြီး နီမြန်းရောင်ရမ်းတာမျိုးဖြစ်နိုင်ပါတယ်။
    • Second-degree burn – အရေပြားအတွင်းပိုင်းလွှာအထိရောက်တဲ့ အပူလောင်ဒဏ်ရာမျိုးပါ။ အရေကြည်ဖုလေးတွေဖြစ်နိုင်သလို အရေပြားမှာ အဖြူရောင်အကွက်မျိုးဖြစ်တာ အရေပြားအပေါ်ယံလွှာပြောင်ပြီး တင်းသွားတာမျိုးဖြစ်နိုင်ပါတယ်။
    • Third-degree burn – အရေပြားအလွှာတွေအားလုံးကို ထိခိုက်ပျက်စီးသွားတဲ့အနေအထားမျိုးပါ။ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်ပါတယ်။
    • Fourth-degree burn – အရေပြားအလွှာအားလုံးထိခိုက်ပျက်စီးသွားတဲ့အပြင် အဆစ်တွေနဲ့ အရိုးတွေအထိပါ ထိခိုက်ပျက်စီးသွားတဲ့ အခြေအနေမျိုးပါ။ အရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်ပါမယ်။

    ထိခိုက်ဒဏ်ရာတွေကိုနေအိမ်မှာပဲ ဘယ်လိုကုသမလဲ

    အပူလောင်သွားတဲ့အခါ အရမ်းမပြင်းထန်ဘူးဆိုရင်နေအိမ်မှာပဲ ကုသစောင့်ရှောက်လို့ရပါတယ်။ အပူလောင်ဒဏ်ရာတွေထဲမှာမှ first degree burn နဲ့ second-degree burn ကိုနေအိမ်မှာပဲ ကုသရုံနဲ့ပျောက်ကင်းနိုင်ပါတယ်။သေချာစောင့်ရှောက်ဖို့တော့လိုအပ်ပါမယ်။

    ရေအေးနဲ့ဆေးချပေးပါ

    အပူလောင်သွားတဲ့နေရာကိုရေအေးအေးလေးနဲ့ဆေးချပေးပါ။ အပူလောင်တဲ့အခါတိုင်းရေအေးအေးလေးနဲ့ဆေးချရတာကိုတော့ အားလုံးသိပြီးသားဖြစ်မှာပါ။

    အနာကို သန့်စင်ဆေးကြောပါ

    အနာကိုရေအေးအေးလေးနဲ့ဆေးချပြီးသွားတဲ့အခါမှာတော့ အနာကိုသေသေချာချာဆေးကြောဖို့လိုပါမယ်။ အပျော့စားantibacterial soap နဲ့ဆေးကြောပေးပါ ကြမ်းကြမ်းတမ်းတမ်းမပွတ်တိုက်ပါနဲ့။

    အနာကိုဆေးကြောတာက ကူးစက်ရောဂါပိုးမဖြစ်အောင်ကာကွယ်ပေးနိုင်သလိုနောက်ဆက်တွဲရောဂါတွေမဖြစ်အောင်ကာကွယ်ပေးနိုင် ပါတယ်။

    ပတ်တီးအသုံးပြုပေးပါ

    အသေးစား အပူလောင်နာကို ပတ်တီးအသုံးပြုဖို့မလိုပါဘူး။ တကယ်လို့ ထိခိုက်မိတဲ့ အပူလောင်နာကsecond-degree burn က အရေကြည်ဖုလေးတွေဖြစ်နေမယ်ဆိုရင်တော့ ပတ်တီးမလိုပါဘူး။ တကယ်လို့ အနာက အပေါ်ယံအရေပြားထိခိုက်ပွန်းပဲ့ထားတာမျိုးဖြစ်မယ်ဆိုရင်တော့ အနာထဲကို ပိုးမွှားတွေနဲ့ ပတ်ဝန်းကျင်က ဖုန်မှုန့်တွေမဝင်စေဖို့အတွက် အနာပေါ်ကို ပတ်တီးအုပ်ထားပေးတာ ဒါမှမဟုတ် အဝတ်စသန့်သန့်လေးကို အသုံးပြုပြီး အုပ်ပေးတာမျိုးလုပ်ပေးပါ။ အနာကို ပလာစတာကပ်တာမျိုး မလုပ်ပါနဲ့။ ပတ်တီးလေးတစ်ခုခုကို အနာပေါ်ကနေ ကပ်ပေးပြီးမှာ ပလာစတာကပ်ပေးပါ။

    Antibiotics တစ်ခုခုသုံးပေးပါ

    အနာပေါ်ကရေကြည်ဖုတွေပေါက်သွားပြီဆိုရင်တော့ အပေါ်ယံအရေပြားလွှာမရှိတော့တဲ့ အနေအထားဖြစ်သွားပြီဖြစ်တာကြောင့် အနာထဲကိုရောဂါပိုးတွေအလွယ်တကူဝင်ရောက်နိုင်တာကြောင့် အနာပေါ်ကနေAntibiotic cream တစ်ခုခုလူးပေးလိုက်ပါ။ ဒီလိုလူးပေးတာက အနာထဲကို ပိုးမဝင်အောင် ကာကွယ်ပေးနိုင်သလို အနာကျက်တာကိုမြန်စေမှာဖြစ်ပါတယ်။

    နေရောင်နဲ့ မထိတွေ့အောင်ထားပေးပါ

    အပူလောင်နာကိုနေရောင်တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။ အနာကို ပိုဆိုးစေနိုင်တာကြောင့်ပါ။ တကယ်လို့နေရောင်ထဲထွက်မယ်ဆိုရင်လည်း အနာကို ပတ်တီးစလေးနဲ့ဖြစ်ဖြစ် အုပ်သွားပေးပါ။

    ရှားစောင်းလက်ပပ်

    မီးပူလောင်၊ ဆီပူလောင်၊ရေနွေးပူလောင်တဲ့အနာတွေပေါ်မှာ အစိုဓါတ်ထိန်းပေးတဲ့အနေနဲ့ ရှားစောင်းလက်ပပ်အနှစ်ကို ကပ်ပေးလို့ရပါတယ်။ ရှားစောင်းလက်ပပ်အတွင်းသားက အပူလောင်တာတွေကို သက်သာစေနိုင်ပါတယ်။ ရှားစောင်းလက်ပပ်ကရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်သလိုသွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး ဘက်တီးရီးယားတွေ မပေါက်ဖွားနိုင်အောင် ကာကွယ်ပေးပါတယ်။

    ပျားရည်

    လေ့လာမှုတွေအရ ပျားရည်ကရောင်ရမ်းမှုကိုလျော့ပါးသက်သာစေပြီးရောဂါပိုးတွေကိုသေစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အပူလောင်တဲ့နေရာကို ပျားရည်ခပ်ပါးပါးလေးလူးပေးမယ်ဆိုရင် အနာထဲပိုးမဝင်အောင်ကာကွယ်ပေးနိုင်မှာဖြစ်သလို နာကျင်မှုကိုလျော့ပါးသက်သာစေနိုင်မှာဖြစ်ပါတယ်။

    ဘယ်လိုအခြေအနေမှာ ဆရာဝန်နဲ့ပြသဖို့လိုမလဲ

    အပူလောင်နာက အရမ်းဆိုးရင်တော့ အိမ်မှာကုသတာမျိုးမလုပ်ဘဲ ဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။

    • အပူလောင်နာက အချင်းဝက် ၃ လက်မထက်ပိုတယ်ဆိုရင်
    • အပူလောင်တာက မျက်နှာ၊လက်၊ တင်ပါး နဲ့ ခန္ဓါကိုယ်အောက်ပိုင်းတွေမှာဖြစ်မယ်ဆိုရင်
    • အနာက အရမ်းနာနေတာ၊ အနံ့ရှိနေတာမျိုးဖြစ်မယ်ဆိုရင်
    • ကိုယ်အပူချိန်မြင့်တက်လာမယ်ဆိုရင်
    • အပူလောင်နာက အရေပြားအလွှာတွေအားလုံးကို ထိခိုက်စေခဲ့တာမျိုးဆိုရင်တော့ နီးစပ်ရာဆေးခန်းကိုသွားရောက်ပြသတာ အကောင်းဆုံးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement