backup og meta

ဆီးချိုဖြစ်နေတဲ့ လူတစ်ယောက်က ခြေထောက်ကို အခြားသူတွေထက်ပိုဂရုစိုက်သင့်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုဖြစ်နေတဲ့ လူတစ်ယောက်က ခြေထောက်ကို အခြားသူတွေထက်ပိုဂရုစိုက်သင့်ပါတယ်။

    ဆီးချိုဆိုတာ ဖြစ်တဲ့သူတွေ အင်မတန်များပြီး နာမည်ကြီးလွန်းတဲ့ ရောဂါတစ်ခုပါ။ ခုနောက်ပိုင်းမှာ အသက်ကြီးပြီဆိုတာနဲ့ ဆီးချို မဖြစ်တဲ့သူ မရှိသလောက်ကို ရှားနေပါပြီ။ ဖြစ်တဲ့သူတွေများသလို ဆီးချိုမထိန်းနိုင်ရင် သူ့ကြောင့် ထပ်ဖြစ်ရတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကလည်းများပါတယ်။

    ဆီးချိုရဲ့နောက်ဆကိတွဲဆိုးကျိုးတွေက ဘာတွေလဲ။ ။

    ဆီးချိုကိုသေချာ မကုရင်တော့

    ဆီးချိုကနေ ဆက်ဖြစ်တဲ့ နှလုံး၊ကျောက်ကပ်ထိခိုက်ရတဲ့ အကြောင်းတွေ၊ ဘယ်လိုကာကွယ်ရမယ်ဆိုတဲ့အကြောင်း တွေကို တော်တော်များများသိပြီးကြပြီးဖြစ်လို့ ခုတစ်ခေါက်မှာတော့ ဆီးချိုဖြစ်ရင် ခြေထောက်ကို ဂရုစိုက်ဖို့ ဘာကြောင့် ပိုလိုအပ်လဲဆိုတဲ့ အကြောင်းပြောပြချင်ပါတယ်။

    ဆီးချိုက ခြေထောက်ကို ဘယ်လိုဒုက္ခပေးသလဲ။ ။

    ဆီးချိုကြောင့် ဖြစ်ရတဲ့ ခြေထောက်ပြဿနာ ၂ ခုရှိပါတယ်။

    ၁။ ခြေထောက်က အကြောတွေထုံပြီး အာရုံမခံစားနိုင်တော့တာ။

    ဆီးချိုသမားတွေ လမ်းလျှောက်နေရင်းနဲ့ ဖိနပ်ကျွတ်သွားတာကို မသိတာ၊ ခြေထောက်မှာ တစ်ခုခုထိခိုက်မိတာတွေကို မသိတော့တာမျိုးကြားဖူးကြမှာပါ။ ဒါတွေက ဆီးချိုကို မထိန်းနိုင်လို့ အရမ်းများလာတဲ့ သွေးတွင်းသကြားဓါတ်ေတွကြောင့် ခြေထောက်က အာရုံကြောလေးတွေ ထိခိုက်သွားလို့ ဖြစ်ရတာပါ။ အချိန်ကြာလာတာနဲ့ ထိခိုက်တာတွေက ပိုဆိုးလာပြီး ခြေထောက်အောက်ပိုင်းအာရုံခံစားနိုင်မှုတွေ လျော့ကျလာပါတော့တယ်။

    ၂။ ခြေထောက်တွေမှာ သွေးလည်ပတ်မှုမကောင်းတော့တာ။

    ဆီးချိုကြောင့် သွေးကြောလေးတွေလည်း ထိခိုက်လာပြီး ခြေထောက်နုဲ့ လက်တွေဆီကို သွေးကောင်းကောင်း မရောက်တော့ပါဘူး။ သွေးတွေ လုံလုံလောက်လောက်မရလို့ ခြေထောက်နာနိုင်ပြီး အောက်ဆီဂျင်လည်းကောင်းကောင်းမရတော့လို့ အနာပိုးဝင်တာ၊ အနာကျက်နှေးတာတွေ ဆက်ဖြစ်နိုင်ပါတယ်။

    ခြေထောက်မှာ ထိခိုက်မိပြီး အနာဖြစ်တာကိုလည်းမသိ၊ သွေးလည်ပတ်မှုမကောင်းလို့ အနာကျက်လည်းနှေး။ ဒီလိုနဲ့ ခြေထောက်အနာ ပိုးဝင်တာကို မထိန်းနိုင်တော့ဘဲ နောက်ဆုံး ခြေထောက်ဖြတ်ပစ်ရတဲ့ အထိ ဆိုးရွားသွားနိုင်ပါတယ်။ ခုလောက်ဆိုရင်တော့ ဆီးချိုသမားတွေ ခြေထောက်ကို ဂရုစိုက်ဖို့ ဘာကြောင့် လိုအပ်လဲဆိုတာ သိလောက်ပြီလို့ထင်ပါတယ်။ အဲဒီတော့ ခြေထောက်ကို ဘယ်လို ဂရုစိုက်ပေးရမလဲဆိုတာ ဆက်ကြည့်ရအောင်။ ။

    ဆီးချိုကို ထိန်းပါ။ ။

    ဆီးချိုကြောင့်ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေက ဆီးချို မထိန်းနိုင်လို့သာဖြစ်ရတာပါ။ ဒါကြောင့် သွေးတွင်းသကြားဓါတ်ကို အမြဲ ထိန်းနေဖို့ လိုအပ်ပါတယ်။

    ဆီးချိုသမားတစ်ယောက် အနေနဲ့ အနာဖြစ်လို့ကို မရပါဘူး။ အနာဖြစ်ရင် သူများတွေထက် အနာကျက်နှေးတတ်ပြီး အနာပိုးဝင်တာတွေလည်း ပိုဖြစ်နိုင်တဲ့ အတွက် ခြေထောက်ကို ဒီလိုမျိုးလေး ဂရုစိုက်ပေးဖို့လိုပါတယ်။

    • အပြင်ကပြန်လာပြီဆိုတာနဲ့ ခြေထောက်ကို စစ်ကြည့်ပါ။ ထိခိုက်လာတာတွေရှိမရှိ၊ နီရဲပြီး အရည်ကြည်တွေဖြစ်နေတာတွေရှိမရှိစစ်ကြည့်ပါ။ ကိုယ့်ဘာသာ ငုံ့မကြည့်နိုင်ရင် မှန်ကနေတစ်ဆင့်ကြည်ပါ။
    • ခြေထောက်ဆေးရင် ဆပ်ပြာအပြင်းစားမသုံးပါနဲ့။ အရေပြားလောင်သွားမှာ စိုးလို့ပါ။
    • ရေဆေးပြီး ခြေထောက်ကို အခြောက်ခံပါ။ ခြေဖနောင့်တွေ ကွဲနေရင်တော့အစိုဓါတ်ထိန်းခရင်မ် တစ်မျိုးမျိုးလိမ်းပါ။
    • ဖိနပ်မပါဘဲ ခြေပြောင်ကြီးလမ်းမလျှောက်ပါနဲ့။ အိမ်မှာနေရင်တောင် ဖိနပ်စီးထားပါ။
    • ခြေသည်း လက်သည်းတွေကို သေချာဂရုတစိုက် ညှပ်ပါ။ ခြေထောက်အသားမာတွေ၊ ကြွက်နို့်တွေကို ကိုယ့်ဘာသာ ဖယ်ဖို့မကြိုးစားပါနဲ့။
    • မတ်တပ်အကြာကြီးရပ်နေတာ၊ အချိန်ကြာကြာ ခြေထောက်ချိတ်ထိုင်တာ မျိုးတွေက ခြေထောက်ကို သွေးစီးဆင်းမှု မကောင်းစေတဲ့ အတွက် မလုပ်သင့်ပါဘူး။
    • ချောင်ချိပြီး စီးရတာ သက်တောင့်သက်သာရှိတဲ့ ဖိနပ်မျိုးကို ရွေးစီးပါ။ မာကြောတဲ့ ကွင်းသိုင်းဖိနပ်၊ ခြေညှပ်ဖိနပ်၊ ကွင်းထိုးဖိနပ်တွေနဲ့၊ ထိပ်ပိတ်ဒေါက်ဖိနပ်တွေ ကို ရှောင်ပါ။ အမွေးပွ ဖိနပ်တွေ၊ နူးညံ့တဲ့ ရှူးဖိနပ်တွေကို ရွေးဝတ်ပါ။
    • ခြေအိတ်ဝတ်ပါ။ ခြေအိတ်က အလွှာတစ်ခုအနေနဲ့ ခြေထောက် မထိခိုက်မိအောင် ကာကွယ်ပေးမှာပါ။ ဒါ့အပြင် ခြေထောက်ဆီကောင်းကောင်းသွေးမရောက်လို့ ခြေဖျားအေးတာကိုလည်း ခြေအိတ်က ကာကွယ်ပေးမှာပါ။
    • ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့ရင်လည်း ပိုးမဝင်အောင် သေချာဂရုစိုက်တဲ့အနေနဲ့ အပြင်သွားတိုင်း အနာကပ်ပလာစတာ ကပ်သွားပါ။
    • တစ်နှစ်တစ်ခါ ဆရာဝန်ဆီသွားပြီး ခြေထောက်စစ်ဆေးပါ။

    ဆီးချိုဖြစ်တဲ့သူတစ်ယောက် အနေနဲ့ ထိခိုက်ဒဏ်ရာတွေ မရဖို့က သိပ်ကို အရေးကြီးပါတယ်။ ထိခိုက်ဒဏ်ရာထဲမှာတောင် ဆီးချိုကြောင့် ခြေထောက်မှာရတဲ့ ဒဏ်ရာတွေက မြန်မြန်ဆန်ဆန် ဆိုးလာတတ်ပြီး ကုရတာလည်း ခက်တဲ့အတွက် မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ရအောင် အပေါ်မှာပြောထားတဲ့ နည်းလေးတွေကို လိုက်နာဖို့တော့လိုလိမ့်မယ်နော်။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 01/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement