backup og meta

နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်အတိုင်းအတာအထိ အသက်ဆုံးရှုံးနေရသလဲ .......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 26/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်အတိုင်းအတာအထိ အသက်ဆုံးရှုံးနေရသလဲ .......

    တုပ်ကွေးကြောင့် အသက်ဆုံးရှုံးမှုလို့ ပြောလိုက်လို့ တုပ်ကွေးဖြစ်ရင် သေလို့လား …… တုပ်ကွေးက အဲ့လောက် ကြောက်စရာကောင်းလို့လား…. လို့ ထင်နေစရာ ရှိပါတယ်။ တုပ်ကွေးကလည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ပြင်းထန်ပါတယ်။ သေဆုံးနိုင်ခြေလည်း ရှိပါတယ်။

    ပြီးခဲ့တဲ့ နှစ်တွေမှာ လူတွေက တုပ်ကွေးထက် COVID-19 ကို စိုးထိတ်နေခဲ့ကြပါတယ်။ ဒီလို စိုးထိတ်မှုတွေကြောင့် အပြင်ထွက်တဲ့အခါ ပါးစပ်နဲ့ နှာခေါင်းစည်း တပ်ဆင်တာ၊ လက်ကို သေချာ ဂရုတစိုက်ဆေးကြောတာ၊ ကျန်းမာစေတဲ့ အလေ့အထတွေကို လိုက်နာတာကြောင့် တုပ်ကွေး ဖြစ်ပွားမှုက ရှေ့နှစ်တွေကထက် ကျဆင်းခဲ့ပါတယ်။

    နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်ထိ သေဆုံးမှုတွေရှိနေလဲ ……

    ဒီအဖြေကို တိတိကျကျ ပြောပြဖို့က ခက်ပါမယ်။ နှစ်စဉ် တုပ်ကွေးကြောင့် ကမ္ဘာတလွှားမှာ လူဦးရေ များစွာ သေဆုံးနေကြပါတယ်။ တုပ်ကွေးက ဖြစ်တိုင်း သေဆုံးတာလားဆိုတော့ မဟုတ်ပါဘူး။

    သေချာ ကုသမှု ခံယူမယ် ကိုယ်တိုင်ကလည်း ကျန်းမာမယ် ရောဂါအခံမရှိဘူးဆိုရင် သေဆုံးနိုင်ခြေ နည်းပါတယ်။ ကိုဗစ် ဖြစ်ပွားခဲ့တဲ့ နှစ်တွေမှာတော့ တုပ်ကွေးကြောင့် သေဆုံးမှု အရေအတွက်က နည်းနည်းလောက် ကျဆင်းခဲ့ပါတယ်။ ဒါကလည်း ခုနကပြောသလို နှာခေါင်းစည်းတွေ တပ်တာ၊ တုပ်ကွေးကာကွယ်ဆေးတွေ ထိုးတဲ့သူများလာတာကြောင့်ပါ။

    CDC ရဲ့ စစ်တမ်းအရကတော့ ၂၀၁၉ ခုနှစ် နဲ့ ၂၀၂၀ ခုနှစ်အတွင်း တုပ်ကွေးကြောင့် ဖျားနာသူ ဦးရေ ၃၈ သန်း ရှိခဲ့ပြီး ၄၀၀၀၀၀ လောက်က ကုသမှု ခံယူပြီး သက်သာခဲ့ပါတယ်။ သေဆုံးသူဦးရေက ၂၂၀၀၀ ရှိခဲ့ပါတယ်လို့ သိရပါတယ်။

    တုပ်ကွေးက ဘာကြောင့် သေဆုံးသည်အထိ ပြင်းထန်ရတာလဲ……..

    တုပ်ကွေးက ကူးစက်လွယ်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဖျားနာမှု တစ်မျိုးပါ။ တုပ်ကွေး ဗိုင်းရပ်စ်က နှာခေါင်း၊ လည်ချောင်း၊ အဆုတ်တွေကို ဝင်ရောက်ကူးစက်ပါတယ်။

    တုပ်ကွေးဆိုတဲ့နေရာမှာ influenza A နဲ့ influenza B ဆိုပြီးရှိပါတယ်။ တစ်နှစ်နဲ့ တစ်နှစ်ဖြစ်တာလည်း မတူပါဘူး။ တုပ်ကွေးက လူတွေအများကြီးကို ကူးစက်နိုင်ပြီး ဖျားနာတဲ့အခါ တော်တော် ပြင်းပြင်းထန်ထန် ခံစားရပါတယ်။ သေချာကုသမှု ခံယူရပြီး ပြန်လည် သက်သာလာတာတွေ ရှိပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေလည်း ရှိပါတယ်။

    တုပ်ကွေးက လူကို သေစေနိုင်တဲ့အထိ ပြင်းထန်သလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ တုပ်ကွေးက အရမ်းပြင်းထန်မယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ အဆုတ်ရောင်တာကို ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် တုပ်ကွေးကြောင့်

    • နှလုံးရောင်တာ
    • ဦးနှောက်ရောင်တာ
    • ကြွက်သားတစ်ရှူးတွေ ရောင်တာ
    • အင်္ဂါအစိတ်အပိုင်းတွေ ပျက်စီးတာ ( အသက်ရှူလမ်းကြောင်း၊ ကျောက်ကပ် ပျက်စီးတာ)
    • မေးခိုင်ပိုး ဝင်တာလိုမျိုး အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

    တုပ်ကွေးကြောင့် ဘယ်သူတွေက သေဆုံးနိုင်ခြေ အမြင့်ဆုံးလဲ ……

    နှစ်စဉ် တုပ်ကွေးကြောင့် ဘယ်လောက်အတိုင်းအတာအထိ အသက်ဆုံးရှုံးနေရသလဲ .......

    အခုပြောပြမယ့်သူတွေက တုပ်ကွေးဖြစ်တဲ့အခါ ပြင်းပြင်းထန်ထန် ခံစားရနိုင်သလို သေဆုံးနိုင်ခြေလည်း မြင့်ပါတယ်။

    • အသက် ၆၅ နှစ်အထက် ဖြစ်မယ်
    • ကိုယ်ဝန်ဆောင် ဖြစ်မယ်
    • ၅နှစ်အောက် ကလေးငယ်လေး ဖြစ်မယ်
    • အာရုံကြောရောဂါ ခံစားနေရတဲ့ ကလေးငယ်လေး ဖြစ်မယ်ဆိုရင် တုပ်ကွေးကြောင့် သေဆုံးနိုင်ခြေများပါတယ်။

    ဒါတွေအပြင် အခုလို ရောဂါအခံတွေ ရှိမယ်ဆိုရင်လည်း တုပ်ကွေးကြောင့် သေဆုံးနိုင်ခြေ များပါတယ်။

    • ပန်းနာရင်ကျပ်
    • နှလုံးရောဂါ
    • လေဖြတ်ထားတာ
    • ဆီးချို
    • HIV/AIDS
    • ကင်ဆာ
    • နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေရမယ်။

    တုပ်ကွေးက အသက်အရွယ်တိုင်းမှာ ပြင်းထန်စွာ ခံစားရနိုင်သလို သေဆုံးနိုင်ခြေလည်း ရှိပါတယ်။ ဒါပေမယ့် အသက်အရမ်းကြီးလွန်းမယ်။ ငယ်လွန်းမယ်။ ရောဂါအခံ ရှိမယ်ဆိုရင်တော့ တုပ်ကွေးကြောင့် သေဆုံးနိုင်ခြေက ပိုများပါတယ်။

    တုပ်ကွေးကို ဘယ်လို ကာကွယ်မလဲ …..

    တုပ်ကွေးက ကာကွယ်လို့ ရတဲ့ ရောဂါတစ်မျိုးပါ။ နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးတာက တုပ်ကွေးကို ကာကွယ်ဖို့အတွက် ကိုယ်ခံအားကို ကြံ့ခိုင်နေအောင် အားဖြည့်ရာ ရောက်ပါတယ်။ တုပ်ကွေးကာကွယ်ဆေး ထိုးတာအပြင် အခုလို နည်းလမ်းလေးတွေကို လိုက်နာ လုပ်ဆောင်တာက တုပ်ကွေးကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာပါ။

    • ဖျားနာနေတဲ့လူနဲ့ နီးနီးကပ်ကပ် ထိတွေ့မှုကို ရှောင်ပါ
    • လက်ကို မကြာခဏ ရေနဲ့ ဆပ်ပြာသုံးပြီး စက္ကန့် ၂၀ ကြာ ဆေးကြောပါ
    • ရေနဲ့ဆပ်ပြာ မရနိုင်တဲ့ နေရာမျိုးမှာ အယ်လ်ကိုဟောပါတဲ့ လက်ဆေးဆပ်ပြာရည်သုံးပြီး လက်ကို ဆေးကြောပါ
    • မျက်လုံး၊ နှာခေါင်း၊ ပါးစပ်တွေကို ကိုင်တွယ်ထိတွေ့တာမျိုး ရှောင်ပါ။
    • အိပ်ရေး ဝဝအိပ်ပါ။
    • အာဟာရ ပြည့်ဝအောင် စားပါ။
    • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

    နှစ်စဉ် တုပ်ကွေးကြောင့် ကမ္ဘာတလွှားမှာ လူဦးရေများစွာ ကျန်းမာရေး ထိခိုက်တာ အသက်ဆုံးရှုံးတာတွေ ရှိနေတာကြောင့် သေချာလေး ဂရုစိုက်တာက အကောင်းဆုံး ဖြစ်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 26/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement