backup og meta

ကလေးမှာဖြစ်တဲ့ ပန်းနာရင်ကျပ်ဝေဒနာ


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမှာဖြစ်တဲ့ ပန်းနာရင်ကျပ်ဝေဒနာ

    ကလေးချောင်းဆိုးနေတယ်။ ဘာလို့လဲ။ အချိုစားလို့ဖြစ်မှာပေါ့၊ သကြားလုံးတွေသိပ်မကျွေးနဲ့။ ဒါမှမဟုတ်ရင် အအေးမိတာလား။ချောင်းဆိုးပျောက်ဆေးဝယ်တိုက်လိုက်ရင်ကောင်းသွားမှာ။ ချောင်းဆိုးမပြတ်တာဟာ ပန်းနာရင်ကျပ် လည်းဖြစ်နိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။

    ကျန်းမာရေးဗဟုသုတနည်းတဲ့ မိဘတွေနဲ့ ပတ်ဝန်းကျင်တွေမှာ ဒီလိုပြောတတ်ကြပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်လာရင် ဘယ်လက္ခဏာကိုမှပေါ့ပေါ့ဆဆမမြင်သင့်သလို ရောဂါလက္ခဏာတွေကို ကိုယ့်သဘောနဲ့ကိုယ် အမည်တပ်မဆုံးဖြတ်သင့်ပါဘူး။ ကိုယ်အမည်တပ်လိုက်တဲ့ရောဂါနဲ့ ကလေးရဲ့ဝေဒနာက လွဲမှားနေရင် ရမ်းကုခြင်းရဲ့အကျိုးဆက်ဆိုးတွေကြောင့် ရင်နာရနိုင်တယ်နော်။ ကလေးကိုချောင်းဆိုးစေတဲ့ အကြောင်းရင်းတွေက အများကြီးဖြစ်နိုင်ပါတယ်။ ဥပမာ – ရောဂါပိုးကြောင့် (အအေးမိ၊တုပ်ကွေး သို့မဟုတ် အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း)၊ ဓာတ်မတည့်မှုတစ်ခုခုကြောင့် (ပန်းဝတ်မှုန်၊ ဖုန်မှုန့်၊ အနံ့၊အငွေ့ စသည်)၊ ကြက်ညှာချောင်းဆိုးရောဂါ ဒါမှမဟုတ် ပန်းနာရင်ကျပ်ရောဂါကြောင့်ဖြစ်နေနိုင်ပါတယ်။

    အဲဒီအကြောင်းရင်းတွေထဲကမှ အဖြစ်များတဲ့ ပန်းနာရင်ကျပ် ရောဂါနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေ ဆက်ပြီးပြောပြပါရစေ။ ကလေးတစ်ယောက်နဲ့တစ်ယောက်မှာဖြစ်လာတဲ့လက္ခဏာချင်းမတူကြပါဘူး။

    ဒါပေမယ့် အဖြစ်များတဲ့ ပန်းနာရင်ကျပ်လက္ခဏာ တွေကတော့ ကလေးမှာ ပန်းနာရင်ကျပ်ရှိနေရင် –

  • မကြာခဏ ချောင်းထဆိုးတာ( ကစားရင်း၊ ရယ်နေရင်း၊ ငိုနေရင်း သို့မဟုတ် ညအိပ်နေရင်း )
  • ချောင်းဆိုးတာရှည်နေတာ (ကလေးတိုင်းမှာတူညီတဲ့တစ်ခုတည်းသောလက္ခဏာဖြစ်ပါတယ်)
  • ဆော့ကစားနေစဉ်အတွင်း အားကုန်လွယ်တာ၊
  • အသက်ရှူမြန်တာ (ရံဖန်ရံခါဖြစ်တတ်)
  • ရင်ဘတ်ထဲ ကျပ်နေတာ၊ အောင့်လာတာ (ဝေဒနာကိုပြန်ပြောပြနိုင်တဲ့အရွယ်မှ မိဘကသိနိုင်မှာပါ)
  • အသက်ရှူသွင်း၊ရှူထုတ်တဲ့အခါ တရွှီရွှီအသံပါနေတာ၊
  • အသက်ရှူရပြတ်တောင်းပြတ်တောင်းဖြစ်နေတာ(အသက်ရှူမဝသလို)
  • အားနည်း၊ မောပန်းနေတာတွေဖြစ်နေနိုင်တယ်ဆိုတော့ ဒီလက္ခဏာတွေ ကိုယ့်ကလေးမှာရှိနေလား သတိထားပြီး ကြည့်ပါနော်။
  • ပန်းနာရင်ကျပ်ရှိတဲ့ကလေးမှာ အောက်ပါအခြေအနေတွေကြောင့် ရောဂါပိုဆိုးနိုင်ပါတယ်။

    • အအေးမိခြင်းနဲ့ တခြားအသက်ရှူလမ်းကြောင်းရောဂါတွေကူးစက်ခံရတဲ့အခါ
    • ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေ(ဖုန်မှုန့်၊ခွေးနဲ့ကြောင်အမွေးတွေ၊ ပန်းဝတ်မှုန် တို့လို)
    • မောပန်းစေအောင် အရမ်းလှုပ်ရှားမိတဲ့အခါ
    • ဆေးလိပ်ငွေ့ သို့မဟုတ်လေထုထဲက အခိုးအငွေ့နဲ့ အမှုန်အမွှားတွေရှူရှိုက်မိတဲ့အခါ
    • အရမ်းငိုလိုက်၊ အရမ်းရယ်လိုက်တဲ့အခါ
    • စားချဉ့်ရည်ပြန်တက်တဲ့အခါ
    • ရာသီဥတုအပြောင်းအလဲ သို့မဟုတ် ရာသီဥတုဖောက်ပြန်ခြင်း။

    ပန်းနာရင်ကျပ်ဆိုတာ အမြစ်ပြတ်ကုသပျောက်ကင်းနိုင်တဲ့ရောဂါမဟုတ်တဲ့အတွက်နာတာရှည်ဝေဒနာမဖြစ်ဖို့၊ အရေးပေါ်အခြေအနေဖြစ်မလာဖို့ ကြိုတင်ကာကွယ်တာရယ်၊ ရောဂါကိုထိန်းချုပ်တာရယ်ပဲ လုပ်လို့ရနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို ပန်းနာရင်ကျပ်ကုသပေးတဲ့ ဦးတည်ချက်က –

    • ရောဂါလက္ခဏာတွေကို ထိန်းချုပ်နိုင်ဖို့
    • နောက်ပိုင်းမှာရောဂါပိုဆိုးမလာစေဖို့
    • အဆုတ်ရဲ့လုပ်ဆောင်ချက်ပုံမှန်ဖြစ်အောင်ထိန်းဖို့
    • ခန္ဓာကိုယ်ကို ပုံမှန်လှုပ်ရှားလုပ်ဆောင်နိုင်စေဖို့
    • ဘေးထွက်ဆိုးကျိုးတွေနည်းနိုင်သမျှနည်းအောင်လို့ တတ်နိုင်သမျှဆေးသောက်နည်းအောင်ထိန်းဖို့ဖြစ်ပါတယ်။

    ပန်းနာရင်ကျပ်ကိုကုသရာမှာ ရောဂါထိန်းချုပ်တဲ့သောက်ဆေးတွေနဲ့ အရေးပေါ်အမြန်ကုသဖို့သုံးတဲ့ ရှူဆေး(inhaler)တွေရှိပါတယ်။ သောက်ဆေးကိုတော့ ကလေးရဲ့အသက်နဲ့ကိုယ်အလေးချိန်ကိုမူတည်ပြီးဆေးပမာဏကိုဆရာဝန်တွေက ချင့်ချိန်ညွှန်းပေးကြတာဖြစ်ပါတယ်။ Inhalerတွေကတော့ဈေးကွက်မှာ အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ကလေးက ရှူသွင်းနိုင်တဲ့အရွယ်ကိုရောက်ပြီဆိုတာနဲ့ အသုံးပြုလို့ရပါတယ်။ လက္ခဏာသိပ်မပြင်းထန်ဘဲ ကြိုးကြားကြိုးကြားပဲ ပန်းနာရင်ကျပ်ထတတ်တဲ့ကလေးတွေအတွက်ဆို အမြန်သက်သာစေတဲ့ inhalerတွေနဲ့တင် လုံလောက်ပါတယ်။ ကလေးရဲ့အသက်အရွယ်နဲ့ခံနိုင်ရည်ကိုမူတည်ပြီး inhaler ပေးတဲ့နည်းလမ်းကိုရွေးချယ်ဖို့လိုပါတယ်။

    ကလေးက အသက်ကို တအားရှိုက်ရှူနေရတာ၊ ရင်ညွန့်အလယ်မှာချိုင့်ဝင်တဲ့အထိ အသက်ကိုမနည်းရှူနေရတာ၊ အသက်ရှူကျပ်လာလို့ စကားမပြောနိုင်တော့တာ၊ မောကျပ်ပြီး ပြာလာတာလိုမျိုး အရေးပေါ်အခြေအနေလက္ခဏာတွေဖြစ်လာရင် အမြန်မကုသရင် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့ကြောင့် ဒီအခြေအနေမရောက်ခင် အမြန်သက်သာအောင် ဟန့်တားနိုင်တဲ့ inhaler ဟာ ဆရာဝန်တွေရဲ့ ကုသမှုဆေးညွှန်းမှာ ပါဝင်နေတာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement