ကိုယ်ဝန်ဆောင်ချိန်တိုင်းကတော့ အန္တရာယ် ကင်းတယ်ဆိုတာ မရှိသလောက်ပါ။ တစ်ဦးတည်းကို ကိုယ်ဝန်ဆောင်ထားရတာကတောင် အတော်လေး အန္တရာယ်များတာပါ။ အမြွှာ ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်က ပိုဂရုစိုက်ဖို့ လိုသလို ပိုအန္တရာယ် များမယ်ဆိုတာလည်း အသေအချာပါပဲ။ ဒီတစ်ခေါက်တော့ အမြွှာကိုယ်ဝန်ဆောင် မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကို ဗဟုသုတရအောင် ဖော်ပြပေးလိုက်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်က အန္တရာယ်များတယ်ဆိုပေမယ့် သေချာလေး ဂရုစိုက်ပေးမယ်ဆိုရင်တော့ ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလလေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်သလို မေမေရာ ဘေဘီလေးပါ ကျန်းမာမှာ အသေအချာပါပဲ။
အမြွှာကိုယ်ဝန်ဆောင်တဲ့ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
အမြွှာကိုယ်ဝန်ဆောင်တဲ့ မေမေတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ကတော့
လမစေ့ဘဲ ကလေး မွေးဖွားတာ
အမြွှာ ကိုယ်ဝန်ဆောင်မေမေတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ကိုယ်ဝန်ဆောင်ကာလ ၃၇ ပတ် မတိုင်ခင်မှာ မွေးဖွားကြတာ များပါတယ်။ တစ်ဦးမကတဲ့ ဘေဘီလေးတွေကို ကိုယ်ဝန်ဆောင်ထားရတာကြောင့် ကိုယ်ဝန်က လမစေ့ဘဲ မွေးဖွားနိုင်ခြေက တော်တော်လေး များနေတာပါ။
ကလေးက လမစေ့ဘဲ မွေးဖွားတာကြောင့် ကောင်းကောင်း မဖွံ့ဖြိးသေးတာမျိုး ရှိနိုင်သလို ပေါင်မပြည့်တာမျိုးလည်း ရှိနိုင်ပါတယ်။ ကလေးတစ်ယောက်က ကျန်းမာတဲ့ ကလေးတစ်ယောက်အနေနဲ့ မွေးဖွားဖို့ မွေးစမှာ ကိုယ်အလေးချိန် ၅.၅ ပေါင်ထက်မနည်း ရှိဖို့ လိုပါတယ်။
ကိုယ်ဝန်ဆောင် သွေးတိုးဖြစ်တာ
အမြွှာ ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေက ပုံမှန် ဘေဘီလေး တစ်ယောက်တည်းကို ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေထက် သွေးတိုးရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ကာလ စောစောပိုင်းမှာတင် သွေးတိုးတာကို ခံစားရတတ်ပြီး ဘေဘီလေး တစ်ယောက်တည်းကို ကိုယ်ဝန်ဆောင်ထားရတဲ့ မေမေတွေထက်လည်း ပြင်းထန်နိုင်ပါတယ်။ စောစာစီးစီး အချင်းကွာတာကိုလည်း ခံစားရနိုင်ပါသေးတယ်။