backup og meta

ကလေးကို အသက်အရွယ်အလိုက် ဘယ်လိုအစားအစာပြင်ဆင်ပေးမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို အသက်အရွယ်အလိုက် ဘယ်လိုအစားအစာပြင်ဆင်ပေးမလဲ

    ကလေးအာဟာရမှာ မိခင်နို့နဲ့ အာဟာရနို့မှုန့်တွေကိုပဲ အားကိုးနေရပေမယ့် အရည်တွေချည်းမဟုတ်ဘဲ အစာအမာလေးတွေ စကျွေးချင်ပြီဆို စဉ်းစားရမယ့်အချက်တွေရှိပါတယ်။ ကိုယ်ကကျွေးချင်ပေမယ့်၊ ကလေးကလည်း စားချင်နေပြီဆိုပေမယ့် ကလေးရဲ့ခန္ဓာကိုယ်က အသင့်ဖြစ်ပြီလားဆိုတာ အရင်ကြည့်ရပါမယ်။ အသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးရမယ်လို့ အကြံပြုထားပေမယ့် အသက်လေးလနဲ့ ခြောက်လကြားမှာတည်းက အစာစားဖို့ အသင့်ဖြစ်နေတဲ့ကလေးတွေရှိပါတယ်။

    ဒါ့ကြောင့်ပြက္ခဒိန်ခုနှစ်၊ အသက်တွေကို ပုံသေကြီးမှတ်မထားဘဲ ကလေးရဲ့အနေအထား၊ ကျန်းမာဖွံ့ဖြိုးမှုတို့ကိုမူတည်ပြီး စကျွေးဖို့ကို ဆရာဝန်နဲ့တိုင်ပင်ပါ။ ကလေးရဲ့အနေအထားက အစာအမာစစားဖို့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ အသင့်ဖြစ်နေဖို့လိုပါတယ်။ ကလေးကို အစာအမာစကျွေးဖို့ကို မလောဖို့တော့လိုပါတယ်။ ကလေးကအသင့်မဖြစ်ခင်ကျွေးမိရင် အစာကြေဖို့ခက်ခဲပြီးလေနာဝေဒနာဖြစ်စေနိုင်ပါတယ်။

    ကလေးကို အစားအစာပြင်ဆင်ပေးတဲ့အခါ လူကြီးစားသလိုလည်း တန်းမကျွေးသင့်သေးပါဘူးနော်။ ကလေးကိုကျွေးဖို့ ဘယ်ကဘယ်လိုစရမှန်းမသိတဲ့မေမေတို့အတွက် ဒီအဆင့်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

    အဆင့် (၁) ၆ လ – ၇ လ

    • ပျော့အိတာလေးကျွေးပါ။
    • စစချင်းမိတ်ဆက်တဲ့စားစရာဟာ ကလေးရဲ့အစာအိမ်မှာ ကျင့်သားရနေတဲ့ နို့နဲ့ နီးစပ်ပြီးချေဖျက်ရလွယ်၊ နူးညံ့နေသင့်ပါတယ်။ ကြိတ်ချေထားတဲ့ထမင်း သို့မဟုတ်ကွေကာကို နို့နဲ့ရောကျွေးပါ။ ကလေးကစားတယ်ဆိုမှ တဖြည်းဖြည်းနဲ့ အသားငါး၊အသီးအရွက်ပါတဲ့ ကြိတ်ချေထမင်းကိုကျွေးပါ။

    ဘယ်လောက်ပမာဏကို ဘယ်နှကြိမ်ကျွေးရမလဲ

  • တစ်ခါကျွေး နှစ်ဇွန်းစာလောက် တစ်နေ့ နှစ်ကြိမ်အထိ စကျွေးနိုင်ပါတယ်။
  • နှစ်ပတ်လောက်ကြာတော့မှ သုံးကြိမ်အထိတိုးကျွေးပါ။
  • နောက်ပိုင်းမှာ ထမင်းအနှစ်ကို ပိုပျစ်ပျစ်နဲ့ ပမာဏတိုးထည့်ပါ။ ပန်းကန်လုံးတစ်ဝက်လောက်အထိ တိုးကျွေးပါ။
  • ဘယ်လောက်ထိ စားဝင်သလဲ၊ ကုန်သလဲဆိုတာ ကလေးအပေါ်ပဲမူတည်သင့်ပါတယ်။ ဒီလောက်ကုန်အောင်စားရမယ်ဆိုတဲ့ အတင်းအကျပ်ကျွေးခြင်းက ကလေးရဲ့စားချင်စိတ်ကို ဖိနှိမ်ပစ်လိုက်နိုင်ပါတယ်။
  • အဆင့် (၂) အသီးအနှံနဲ့ အသီးအရွက်

    ထမင်းကို လက်ခံပြီဆို အသီးအနှံနဲ့အသီးအရွက်တွေ စကျွေးဖို့ အချိန်ရောက်ပါပြီ။

    • အသီးအနှံနဲ့အသီးအရွက်တွေကို တစ်မျိုးတည်းထည့်သွင်းတဲ့အစားအစာကို စမိတ်ဆက်ပါ။ ဒါမှ တစ်မျိုးချင်းစီကို ကလေးက ကျင့်သားရမှာဖြစ်ပါတယ်။ အရေပြားအနီကွက်ထွက်တာ၊ အန်တာ၊ ဝမ်းပျက်တာလိုမျိုး ဓာတ်မတည့်လက္ခဏာရှိမရှိစောင့်ကြည့်ပါ။
    • တစ်မျိုးချင်းစီကိုစားကြည့်ဖူးပြီးမှ အသီးအနှံအရောတွေကိုကျွေးတာကောင်းပါတယ်။
    • ကလေးရဲ့အစားအစာဘေးကင်းရေးအတွက် အပြင်က ဝယ်တဲ့ သစ်သီးယိုတွေ၊ အချိုပွဲတွေကိုရှောင်ပါ။ အချိုဓာတ်နဲ့ ကယ်လိုရီတွေ လိုအပ်တာထက်ပိုများနေနိုင်ပါတယ်။

    အဆင့် (၃) အသားနဲ့ ပရိုတင်း

    • ကြက်သား၊ ကြက်ဥ၊ ပဲတွေ(ပဲနီလေး) တွေပါဝင်တဲ့ အသားနဲ့ ပရိုတင်းကြွယ်ဝတဲ့အစားအစာတွေစကျွေးပါ။ ကလေးရဲ့ထမင်းနဲ့ဟင်းထဲ ဆားနဲ့ အရသာမှုန့်တွေ မထည့်ပါနဲ့။

    အဆင့် (၄) ၆လ-၈လ အသီးဖျော်ရည်

    အသက် ၈ လဝန်းကျင်ဆို အသီးဖျော်ရည်တိုက်လို့ရပါပြီ။ အသီးစစ်စစ်ကနေ ကြိတ်ထားပြီး အချိုထပ်မကဲထားဖို့တော့လိုပါတယ်။

    • ပန်းသီး၊ သစ်တော်သီး၊ စပျစ်သီး တို့လို ဖျော်ရည်တိုက်လို့ရပါတယ်။ တိုက်ကျွေးမှုပမာဏက အနည်းငယ်သာဖြစ်သင့်ပါတယ်။ ပမာဏမများပါစေနဲ့။
    • အချိုကဲပြီး အရောင်တု၊ အနံ့တု၊ သကြားအတုတွေပါတဲ့ ဖျော်ရည်၊ အချိုရည်တွေ ဝယ်မတိုက်သင့်ပါဘူး။

    အဆင့် (၅) အပြောင်းအလဲ

    ကလေး သွားပေါက်လာတဲ့အခါ ကြိတ်ချေပြီးကျွေးရာကနေ အစာပျော့ပျော့အဆင့်ကိုပြောင်းကျွေးသင့်ပါတယ်။ သူကိုယ်တိုင်ဝါးလို့ရလောက်တဲ့ နူးညံ့တဲ့အဖတ်အဆင့်တော့ကျွေးလို့ရပါတယ်။ ဟင်းသီးဟင်းရွက်၊ အသား စတာတွေကို နူးအောင်ချက်ပြီး စားစေဖို့အချိန်ရောက်ပါပြီ။ ဒါမှ သူဝါးတတ်ဖို့ စသင်တော့မှာပါ။

    ၈လ – ၁၂ လ

    လက်တစ်ချောင်းစာfinger foods လို့ခေါ်တဲ့အဆင့်ကိုကျွေးလို့ရပါပြီ။ တစ်ကိုက်စာအရွယ်အစားလေးတွေကို စားကြည့်ပြီး ကိုယ်တိုင် စားရတဲ့ဖီလင်ကို သင်ယူကြပါစေ။ အာဟာရပြည့်ပြီး စားရ၊ ဝါးရလွယ်ကူမယ့် အစားအစာတော့ဖြစ်ရပါမယ်။ ကြက်ဥကြော်၊ ပေါင်းထားတဲ့အသား၊ ဆန်းဒဝစ်အပိုင်းသေးလေးတွေ လို နူးညံ့ပြီး စားရလွယ်တာတွေ ပါဝင်နိုင်ပါတယ်။

    ကန်စွန်းဥအာလူးတို့ကို မျိုးစုံလုပ်ကျွေးပါ။ ဟင်းရည်စွပ်ပြုတ်လေးတွေချက်ပြီး ဇွန်းတပ်ပြီး ကိုယ်တိုင်သောက်ခိုင်းပါ။ နည်းနည်းတော့ပေပွနိုင်ပေမယ့် ကလေးကိုအစာစားတဲ့ အလေ့အကျင့်လေးလုပ်ပေးတာကောင်းပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement