backup og meta

အချိုစားများတဲ့ကလေး ဘာပြဿနာတွေဖြစ်မလဲ

အချိုစားများတဲ့ကလေး ဘာပြဿနာတွေဖြစ်မလဲ

ကလေးတွေအချိုကြိုက်တာဟာ ထူးဆန်းတဲ့ ကိစ္စမဟုတ်ပေမယ့် မိဘတွေအတွက်တော့ အမြဲ စိုးရိမ်စရာ ဖြစ်နေတတ်ပါတယ်။ အချိုအရမ်းစားတဲ့အခါ ကိုယ့်ရဲ့ ကလေးကျန်းမာရေးကို ဘယ်လို ထိခိုက်စေနိုင်လဲ၊ ကလေးက အချိုတွေ အရမ်းစားနေလား၊ ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ သွားနဲ့ ခံတွင်းကျန်းမာရေးပြဿနာတွေ၊ ကလေးကို တစ်နေ့ကို အချိုဘယ်လောက်နှုန်းကျွေးသင့်လဲ အစရှိသဖြင့် မိဘတွေကြားမှာ အမြဲ မေးခွန်းထုတ်နေရတဲ့ ပြဿနာကြီး တစ်ခုလိုပါပဲ။

ကလေးတွေရဲ့ အချိုကြိုက်တဲ့ သဘာဝ

ကလေးအများစုက အချိုကြိုက်တာ သဘာဝပါ။ ကျန်းမာရေးအတွက် အာဟာရဓါတ် မပေးစွမ်းနိုင်ပေမယ့် ကလေးတွေရဲ့ လျှာက အချိုတွေ၊ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို ပိုပြီးတောင့်တပါတယ်။ မိဘတွေအနေနဲ့ ဒီအမူအကျင့်ကို အတင်းဖျောက်ဖျက်ဖို့ ကြိုးစားတာထက်စာရင် နေ့စဉ် နည်းနည်းစီ ထိန်းပြီးကျွေးပေးမယ်ဆိုရင် ကလေးတွေ အချိုအလွန်အကျွံစားတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။ ကလေးတွေ အမာစာ စတင်စားနိုင်တဲ့အရွယ်ထဲက အချိုတွေကို တန်ဆေးလွန်ဘေးဆိုသလို ပမာဏနည်းနည်းသာ ကျွေးသင့်ပါတယ်။

အချိုဓါတ်နဲ့ ကလေးတွေရဲ့ ကျန်းမာရေး

အချိုလွန်ကဲတဲ့ သကြားလုံး၊ ဆိုဒါအအေး၊ ကိတ်မုန့် အစရှိတဲ့အစားအစာတွေဟာ ကလေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အပြင် ရေရှည်မှာလည်း စားသောက်နေထိုင်မှုပုံစံကို ထိခိုက်စေနိုင်ပါတယ်။ ကောင်းစွာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကလေးတွေ နေ့စဉ်အစာအာဟာရမှာ ဆီ၊ ဆားသကြားကို တတ်နိုင်သလောက် လျှော့ထည့်ဖို့ လူကြီးမိဘတွေအနေနဲ့ အကျင့်လုပ်ထားပေးပါ။

သကြားဓါတ်ဟာ ကလေးတွေရဲ့ သွားနဲ့ ခံတွင်းကျန်းမာရေး၊ ကိုယ်ခံအားစနစ်ကို ထိခိုက်စေနိုင်ပြီး အရွယ်မတိုင်ခင် အဝလွန်တာ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ အစရှိတဲ့ နောက်ဆက်တွဲရောဂါဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။ ဒါကြောင့် အချိုစားသုံးမှုများတဲ့ ကလေးတွေမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆိုးကျိုးတွေ ဖြစ်လာနိုင်လဲဆိုတာကို ပြောပြပေးမယ်နော်။

၁။ အဝလွန်လာမယ်။

အချိုစားသုံးမှုများတာကြောင့် သွေးတွင်းသကြားဓါတ်များနေတဲ့ ကလေးတွေမှာ သာမန်ကလေးတွေထက် အဝလွန်ရောဂါ ဖြစ်နိုင်ခြေများလာပါတယ်။ နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကလေးတွေမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါ ဖြစ်လာဖို့ အခွင့်အလမ်းပိုများပါတယ်။

၂။ ကိုယ်ခံအားနည်းလာမယ်။

အချိုစားလွန်းတဲ့ ကလေးတွေဟာ တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကို လုံလောက်စွာ မရရှိတာကြောင့် ကိုယ်ခံအားနည်းလာမယ်။ ကြာလာရင် အမောမခံနိုင်တာ၊ မကြာခဏဖျားနာတာတွေ ဖြစ်လာနိုင်ပါတယ်။

၃။ အာဟာရချို့တဲ့လာမယ်။

ကလေးတွေဟာ ချိုလွန်းတဲ့ မုန့်တွေ၊ အအေးတွေကို မကြာခဏစားသောက်တဲ့အခါမှာ အာဟာရဖြစ်စေတဲ့ အစားအစာတွေကို စားဖို့ စိတ်မပါတော့ပါဘူး။ ဒီအခါမှာ ကိုယ်ခန္ဓါကြီးထွားမှုအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ၊ ကျန်းမာစေဖို့နဲ့ ကိုယ်ခံအား ကောင်းစေဖို့ ဗီတာမင်ဓါတ်တွေ မလုံလောက်တဲ့အတွက် ရောဂါတွေ အလွယ်တကူ ဝင်လာနိုင်ပါတယ်။

၄။ သွားတွေ ပျက်စီးလာမယ်။

သကြားဓါတ်ဟာ သွားနဲ့ ခံတွင်းကို ဆိုးရွားစွာ ထိခိုက်စေတဲ့ တရားခံတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ အချိုဓါတ်များတဲ့ ဆိုဒါလို အအေးတွေ၊ ဖျော်ရည်တွေ သောက်တဲ့ ကလေးတွေ၊ သကြားလုံး၊ အချိုမုန့်မကြာခဏစားတတ်တဲ့ ကလေးတွေမှာ သွားပိုးပေါက်တွေ ဖြစ်လာတာ၊ သွားကြားထဲမှာ ဘက်တီးရီးယားပိုးမွှားတွေ ပိုမိုပေါက်ဖွားလာနိုင်လို့ သွားဟာ ကျိုးပဲ့ပျက်စီးလာနိုင်ပါတယ်။

၅။ မှတ်ဉာဏ်ကို ထိခိုက်စေတယ်။

သကြားဓါတ်ဟာ ကလေးတွေရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ထိခိုက်စေပါတယ်။ အချိုဓါတ်စားသုံးမှုများတဲ့ ကလေးတွေဟာ စာမလိုက်နိုင်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ မကြာခဏသတိမေ့တာတွေ ဖြစ်လာနိုင်တဲ့အတွက် တစ်နေ့တာ အချိုစားသုံးမှုပမာဏကို ကန့်သတ်ထားဖို့ လိုအပ်ပါတယ်။

၆။ ချောင်းဆိုး၊ ရင်ကျပ်စေတယ်။

သကြားဓါတ်များတဲ့ အစားအစာတွေ မကြာခဏစားတဲ့ ကလေးတွေမှာ ချောင်းဆိုးတာ၊ ရင်ကျပ်တာ၊ ချွဲကျပ်တာတွေ အဖြစ်များပါတယ်။ စိုးရိမ်ရတဲ့အခြေအနေလောက်ထိ မဟုတ်ပေမယ့် ချောင်းဆိုးနေတဲ့အခါကျ ကိုယ်တိုင်ရော ဘေးလူတွေပါ စိတ်ကသိကအောင့် ဖြစ်စေတာပေါ့။

၇။ စိတ်ဓါတ်ကျရောဂါ ဖြစ်လာနိုင်တယ်။

ကိတ်မုန့်၊ ဆိုဒါဖျော်ရည် အစရှိတဲ့ အချိုဓါတ်များတဲ့ အစားအစာတွေဟာ စိတ်ဓါတ်ကျရောဂါကို ဖြစ်စေတဲ့ အကြောင်းရင်းတွေထဲက တစ်မျိုးပါပဲ။ အချိုအရမ်းစားလွန်းတဲ့ ကလေးတွေမှာ စိတ်အတက်အကျမြန်တာအပြင် မောပန်းလွယ်တဲ့ လက္ခဏာတွေကိုပါ တွေ့ရပါတယ်။

၈။ စိတ်ကိုစွဲလန်းစေတယ်။

အချိုဓါတ်ဟာ မစားရရင် မနေနိုင်အောင် ကလေးတွေရဲ့ စိတ်ကိုစွဲလန်းစေနိုင်တဲ့ ဓါတ်တစ်မျိုးပဲဖြစ်ပါတယ်။ ချိုလွန်းတဲ့ အရသာကြောင့် ကလေးအများစု နှစ်ခြိုက်ကြတယ်။ အချိုတွေ စားပြီးတိုင်း ထပ်စားချင်လာတယ်။ အာဟာရရှိတဲ့ အစားအစာတွေကို စားချင်စိတ်တွေနည်းလာတယ်။ ခန္ဓါကိုယ်ကလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ မရတဲ့အခါမှာ ကလေးတွေရဲ့ ကိုယ်ခံအားနဲ့ ကျန်းမာရေးကို ထိခိုက်လာပါတယ်။

ကလေးတွေအတွက် မရှိမဖြစ်အာဟာရ

ကလေးတွေကို ကျွေးတဲ့ အစားသောက်တွေမှာ အစာခြေစနစ်ကို ကျန်းမာစေတဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ(Probiotics) တွေပါသင့်ပါတယ်။ ဒါမှ အူလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ အကျိုးပြု ဘက်တီးရီးယားတွေ အားကောင်းလာပြီး အပြင်ကဝင်လာတဲ့ ရောဂါပိုးတွေကို မြန်မြန်တိုက်ထုတ်နိုင်မှာပါ။ ဒါ့အပြင် ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးစေဖို့အတွက် အရေးပါတဲ့ ဓါတ်တွေဖြစ်တဲ့ DHA၊Omega-3နဲ့Omega-6 ပါဝင်တဲ့ အစားအသောက်တွေကိုလည်း ကျွေးသင့်ပါတယ်။ ကလေးတွေကိုကြီးထွားဖွံဖြိုးစေတဲ့ နို့တွေထဲမှာDHA၊ Omega-3၊ Omega-6 နဲ့ အကျိုးပြုဘက်တီးရီးယားအာဟာရ (Probiotics) တို့ ကြွယ်ဝစွာ ပါဝင်လို့ ကိုယ့်ရဲ့ ကလေးကို ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာစေလိုတဲ့ မေမေတွေအနေနဲ့ သေချာတိုက်ကျွေးသင့်ပါတယ်။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reasons Why Sugar Is Bad For Health –https://www.atkins.com/how-it-works/library/articles/10-ways-sugar-harms-your-health (Accessed Date – Nov 16, 2018)

Why Is Sugar Bad For Children –http://mylifebook.com/blog/20-reasons-sugar-is-bad-for-children/ (Accessed Date – Nov 16, 2018)

Problems Of Having Too Much Sugar –https://www.healthline.com/nutrition/too-much-sugar (Accessed Date – Nov 16, 2018)

ယခုပုံစံ

19/08/2022

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မုယောစပါးအာဟာရအချိုရည်တွေက ကလေးအတွက် ဘာအန္တရာယ်ရှိနိုင်သလဲ

ကိုယ့်ရဲ့ကလေးကို အချိုလျှော့စားအောင် ဘယ်လိုကူညီမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement