အစာအာဟာရဆိုတာ ကလေး တစ်ယောက်အတွက် အရေးအကြီးဆုံးဆိုတာ အားလုံးသိပြီးကြမှာပါ။ ဒီလို အရေးကြီးတဲ့ အာဟာရတွေရဖို့ဆိုတာ ကလေးစားမှပဲ ရတာမဟုတ်လား။ ခက်တာက ကလေးတွေဆိုတာ အစားထက် အဆော့ ပိုမက်ကြတယ်လေ။ ဒီတော့ ကလေးအစားစားချင်စိတ်ကို မြင့်တက်စေတဲ့ အစားအသောက်တွေ ရွေးကျွေးဖို့တော့ လိုတာပေါ့။ ဒါကြောင့် ကလေးတွေရဲ့ တစ်နေ့တာ အစားအသောက်တွေထဲမှာ ဒီ ၇ မျိုး မဖြစ်မနေပါရမယ့်အကြောင်း မေမေတို့ သိထားဖို့ လိုတယ်နော်။ ။
  
 
    ကလေးတိုင်း စားသင့်တဲ့ စူပါ အစားအစာ ၇ မျိုး။ ။
  ၁။ အုတ်ဂျုံ။ ။
  အုတ်ဂျုံဆိုတာ အစားသင့်ဆုံး မနက်စာတစ်ခုပါ။ တခြား ပါကင်ဘူးတွေနဲ့လာတဲ့ အသင့်စား cereals တွေထက်စာရင် အုတ်ဂျုံမှာ သကြားဓာတ်ပါဝင်မှု နည်းပါတယ်။ ဒါ့အပြင် အုတ်ဂျုံက အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အုတ်ဂျုံမှာပါဝင်တဲ့ ဗီတာမင် B ဟာသွေးတွင်းအဆီဓာတ်ကို လျော့နည်းစေလို့ ကလေးတွေကို နှလုံးရောဂါဖြစ်ခြင်းကနေ ကာကွယ်ပေးပါတယ်။
     အုတ်ဂျုံက တစ်ခါစားထားရင် အကြာကြီး အဆာခံတာမို့ အဝလွန်နေတဲ့ ကလေးတွေ ကိုယ် အလေးချိန်လျော့ကျဖို့အတွက် အကောင်းဆုံးသော ရွေးချယ်သင့်တဲ့ အစားအစာပါ။ အုတ်ဂျုံကို နို့နဲ့ ဖြစ်ဖြစ်၊ တခြားသစ်သီးတွေနဲ့ ဖြစ်ဖြစ် ကလေးစားချင်အောင် ပြင်ဆင်ပြီး မနက်စာ အဖြစ်ကျွေးသင့်ပါတယ်။
 ၂။ ပဲ အမျိုးမျိုး။ ။
  ပရိုတင်းဓာတ်ရော ၊ အမျှင်ဓာတ်ရော နှစ်မျိုးလုံး ကြွယ်ဝစွာပါဝင်တဲ့ အစားအစာကိုပြပါဆိုရင် ပဲ လို့ သာပြောရပါလိမ့်မယ်။ ပရိုတင်းဓာတ်က ကလေးတွေရဲ့ ကြီးထွားမှုကို အားပေးပြီး ခုခံအား စနစ်ကို အားကောင်းစေပါတယ်။
 ပဲ မှာပါတဲ့ အမျှင်ဓာတ်က အူမကြီးလှုပ်ရှားမှုကိုကောင်းစေပြီး ဝမ်းကိုမှန်စေပါတယ်။ ဒါကြောင့် အသီးအရွက်ဆို စားဖို့ကြေးများကြတဲ့ ကလေးတွေအတွက် ပဲတစ်မျိုးမျိုးတော့ ပါဖို့ လိုလိမ့်မယ်နော်။
    ၃။ ဥ အမျိုးမျိုး။ ။
  ကြက်ဥ၊ ဘဲဥဆိုတာ ကလေးတွေရဲ့ တစ်နေ့တာ အစားအသောက်ထဲမှာ ပါကိုပါရမယ့် အစားအစာတစ်ခုပါ။ သူ့မှာ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို အားပေးတဲ့ ကိုလင်းဓာတ် ( Choline) ပါဝင်ပြီး ခုခံအားကိုအထောက်အကူပြုတဲ့ အမိုင်နိုအက်ဆစ်တွေ များစွာ ပါဝင်တဲ့အပြင် ကြက်ဥအကာမှာ ပရိုတင်းနဲ့ ဇင့်ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ် ။
 တစ်ခုသတိထားရမှာတော့ ရှိပါတယ်။ အသက် ၁ နှစ်အောက် ကလေးတွေက ကြက်ဥ အကာနဲ့ ဓာတ်မတည့်တာမျိုးတွေ ဖြစ်တတ်တဲ့ အတွက် အသက် ၁ နှစ်အောက် ကလေးတွေကို ကြက်ဥကျွေးတဲ့ အခါ သတိထားကျွေးစေချင်ပါတယ်။
 ၄။ အသား၊ငါး။ ။
  အသားငါးဆိုတာ ကလေးတွေရဲ့ ကိုယ်ခန္ဓာကြီးထွားဖို့အတွက်၊ အင်အားရှိစေဖို့အတွက် အဓိက နေရာကနေ ပါဝင်လုပ်ဆောင်ပေးနေတာပါ။ ကြက်သားတို့၊ အမဲသားတို့ဆိုတာ ကလေးတွေကြိုက်တဲ့ အသားတွေဆိုတော့ ကျွေးရတာမခက်ပါဘူး။ ငါးဆိုရင်တော့ ကလေးတွေ နည်းနည်းကြေးများပါလိမ့်မယ်။ ညှီနေတာကတစ်ကြောင်း၊ အရိုးများလို့ အရိုးစူးမှာစိုးတာတစ်ကြောင်းနဲ့ အမေတွေက ကလေးတွေကိုငါးတွေသိပ်မကျွေးဖြစ်ကြပါဘူး။
 ဒါက မလုပ်သင့်တဲ့ အရာတစ်ခုပါ။ ငါးတွေမှာ ကြက်သားတို့ ဝက်သားတို့ထဲမပါတဲ့ omega 3 fatty acid တွေကြွယ်ဝစွာပါပါတယ်။ omega 3 fatty acid ဆိုတာကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ မျက်လုံးအားကောင်းဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုပါ။
 ၅။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ။
  မွေးခါစကတော့ မိခင်နို့ကနေ အာဟာရတွေရပေမယ့် ကြီးလာရင်တော့ တခြားနို့တွေကနေပါ အာဟာရရယူရမှာပါ။ ဥပမာ နွားားနို့မှာ ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်လို့ အရိုးနဲ့ သွားတွေကို ကျန်းမာကြံ့ခိုင်စေပါတယ်။
 နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ဒိန်ချဉ်ဟာဆိုရင် အူထဲက အကျိုးပြု ဘက်တီးရီးယားတွေကို အားကောင်းစေလို့ ဗိုက်အောင့် လေထတာတွေကို သက်သာစေပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ တစ်နေ့တာ အစားအသောက်ထဲမှာ နို့နဲ့ ဒိန်ချဉ်က မပါမဖြစ်ပါ။
   ခုပြောမယ့်အပိုင်းကတော့ ကလေးတွေ စားဖို့ မေမေတို့ တော်တော် အားထုတ်ရမယ့် အပိုင်းပါ။ ကလေးဆိုတာ အသီးအရွက်ဆို မစားချင်ကြဘူးမလား။ ကလေးတွေ မစားချင်လို့ဆိုပြီး သူတို့ကို အလိုလိုက်လို့မရပါဘူး။ အသီးအနှံတွေက ကျန်းမာရေးအတွက် အရမ်းအထောက်အကူပြုတာကြောင့် ခုပြောပြမယ့် အသီးအနှံတွေကို မေမေတို့ အနေနဲ့ ကလေးတွေရဲ့ ထမင်းဘူးထဲ ပါအောင်ထည့်ကိုထည့်ပေးရမှာပါ။ ။
 ၆။ အသီးအရွက်တွေ။ ။ 
  အမျှင်ဓာတ်အပြင် တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါတဲ့ အသီးအရွက်တွေက ကလေးတွေရဲ့ ထမင်းဘူးထဲ ပါကိုပါသင့်တဲ့ အရာတွေပါ။ ဒါကြောင့် ကလေးတွေ အသီးအနှံဆို ကြေးမများဘဲစားချင်အောင် မေမေတို့ အကြံထုတ်ရလိမ့်မယ်။
   ကလေးတွေဆိုတာ အရောင်တွေကို ကြိုက်တတ်ကြတဲ့ အတွက် အရောင်စုံပါတဲ့ ထမင်းဘူးတစ်ခုက ကလေးတွေရဲ့ စားချင်စိတ်ကို ဆွဲဆောင်နေတတ်ပါတယ်။
  - အစိမ်းရောင် အတွက်ဆို ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ ကန်စွန်းရွက် ၊
- လိမ္မော်ရောင် ဆို မုန်လာဥနီ၊ ကန်စွန်းဥ ၊ လိမ္မော်သီး
- အနီရောင်ဆို ပန်းသီး၊ စတော်ဘယ်ရီသီး ၊ ခရမ်းချဉ်သီး၊ ဖရဲသီး
- အဝါရောင်ဆို ရွှေဖရုံသီး ၊ပိန္နဲသီး
- အပြာရောင်ဆို blueberry သီး၊ စသဖြင့်ပေါ့လေ။
အသီးတိုင်း အရွက်တိုင်းက သူ့ဟာနဲ့သူ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓာတ်တွေ ပါဝင်လို့ ကလေးတွေစားချင်အောင် ကြော်၊ ချက်၊ ပြုတ်၊ သုပ် အမျိုးစုံ လုပ်ကျွေးပါ။ ။
 ၇။ ထမင်း။ ။
  ထမင်းဆိုတာကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့ လူတိုင်း နေ့စဉ်မပါမဖြစ်စားနေတဲ့ အကြိုက်ဆုံးအရာတစ်ခုပါ။ ထမင်းမှာ ကစီဓာတ်များစွာပါပြီး ကိုယ်ခန္ဓာကြီးထွားဖို့ အားအင်ပြည့်ဝစေဖို့ အတွက် သူမပါရင် မပြီးပါဘူး။
 ကလေး ဆိုတာကလည်း အခက်သား။ ထမင်းအစား အခြားသရေစာတွေကို ပိုကြိုက်တတ်ကြတယ်လေ။ ဒါပေမယ့် သရေစာတွေထက်စာရင် ထမင်းမှာသာ ကလေးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးမကြိုက်လည်း ထမင်းကျွေးကိုကျွေးရမှာပါ။ ။
 ဒါတွေကတော့ ကလေးတိုင်း နေ့စဉ်စားဖို့ လိုအပ်တဲ့ အစားအစာ ၇ မျိုးပါ။ ကိုယ့်ကလေးတွေ အာဟာရပြည့်ဝပြီး ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးဖို့အတွက် မေမေတို့မှာ တာဝန် အပြည့်အဝရှိတယ်နော်။ ။
  [embed-health-tool-vaccination-tool]