backup og meta

ကလေးတွေ ဘက်စုံထူးချွန်အောင် ဘယ်လိုကူညီကြမလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေ ဘက်စုံထူးချွန်အောင် ဘယ်လိုကူညီကြမလဲ။

    ကလေးတွေ ရဲ့ အနာဂတ်က သင့်အပေါ်မှာ အများကြီး မူတည်နေတယ်ဆိုတာကို သတိထားမိရဲ့လား။ ခုခေတ်က ကလေးတွေကို စောင့်ရှောက်တဲ့ နေရာမှာ အရင်လို ငါ့ကလေးတွေ ကောင်းကောင်းကြီးလာရင် ရပြီ။ ကျန်းမာနေရင် ရပြီဆိုတာနဲ့ ကျေနပ်နေလို့ မရပါတော့ဘူး။ ကိုယ့်ကျန်းမာရေးသာမကဘဲ စိတ်ကျန်းမာရေးကိုပါ ဂရုစိုက်ရမယ့် ခေတ်ရောက်နေပါပြီ။

    အရင်ကတော့ ကိုယ်ကျန်းမာရင် ပြီးရောဆိုပြီး ကျေနပ်ကြပေမယ့် ခုချိန်မှတော့ သူတို့လေးတွေရဲ့ စိတ်ကျန်းမာရေးကိုပါ ဂရုစိုက်ရမှာပါ။ ဒါမှ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ လူငယ်တွေ အဖြစ် ကြီးပြင်းလာမှာပါ။ ဒါဆိုရင် ကလေးတွေရဲ့ ကိုယ်ရော စိတ်ပါ ကျန်းမာနေစေဖို့ မိဘတွေ အနေနဲ့ ဘာတွေ လုပ်ပေးနိုင်လဲ ဆိုတာ ဆက်ကြည့်ရအောင်။

    ကလေးတွေ ရဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်

    ကလေးများရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အဓိက လုပ်ပေးရမှာက ကိုယ်လက်လှုပ်ရှားမှုပါ။ ကိုယ်လက်လှုပ်ရှားမှု မလုပ်ရင် ဘာဖြစ်မှာလဲ။ လုပ်ရင်ရော ဘယ်လို ကောင်းကျိုးရမှာလဲ။ ကလေးတွေကို ကိုယ်လက်လှုပ်ရှားမှု လုပ်ဖြစ်အောင် ဘယ်လိုနည်းလမ်းတွေ သုံးမှာလဲ ဆိုတာ ဆက်ပြောပေးပါ့မယ်။

    ကလေးတွေ လှုပ်ရှားမှုနည်းရင် ဘာဖြစ်မှာလဲ။

    ဒီခေတ်က နည်းပညာခေတ်ဖြစ်တော့ ဖုန်းတွေက အလွယ်တကူ လက်လှမ်းမီ လာပါပြီ။ ကလေးကမငြိမ် မေမေကလည်း အလုပ်များဆိုတော့ မေမေတွေရဲ့ ခေတ်သစ်ကလေးထိန်းနည်းကတော့ ကလေးကို ဖုန်းပြတာပါပဲ။ ဖုန်းထဲကနေ ကာတွန်းကားပဲ ဖြစ်ဖြစ်၊ သီချင်းပဲ ဖြစ်ဖြစ် ဖွင့်ပြထားလိုက်ရင် အငြိမ်ပါပဲ။ မေမေလည်း အေးရာအေးကြောင်း အလုပ်လုပ်လုပ်လို့ ရပါပြီ။

    ဒါက သိပ်ကောင်းတဲ့ နည်းလမ်းလို့ ထင်ရပေမယ့် ရေရှည်မှ ပြဿနာက ကလေးက ဖုန်းစွဲသွားတာပဲ။ ပြီးတော့ ဘယ်မှမသွား၊ ဆော့လည်း မဆော့ဘဲ ဖုန်းတစ်လုံးနဲ့ ငြိမ်နေပါတော့တယ်။ ဒီထက်ပိုဆိုးရင် ဂိမ်းစွဲသွားနိုင်ပါတယ်။ တောက်တောက် တောက်တောက်နဲ့ ဟိုပြေးဒီပြေးလုပ်ရမယ့် အရွယ်မှာ ဒီလိုငြိမ်နေတာက သဘာဝမကျပါဘူး။ ဒီလိုသာ ဆက်သွားမယ်ဆိုရင် ကြာလာရင် ကလေးတွေက

    အဝလွန်တာ

    • အရွယ်မတိုင်ခင် ဆီးချိုဖြစ်တာ

    • ငယ်ငယ်ရွယ်ရွယ်နဲ့ သွေးတိုးတာ

    နှလုံးရောဂါဖြစ်တာ

    • စိတ်ကျတာ စတာတွေ ဖြစ်လာနိုင်ပါတယ်။

    လှုပ်ရှားမှုများရင်ရော ဘာအကျိုးကျေးဇူးတွေ ရမှာလဲ။

    လှုပ်လှုပ်ရှားရှားနေတဲ့ ကလေးတွေက

    • ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိတယ်။

    • အရိုးတွေ ကြွက်သားတွေ သန်မာတယ်။

    • နှလုံးနဲ့ ဦးနှောက် ကျန်းမာရေး ကောင်းတယ်။

    မှတ်ဉာဏ်စွမ်းရည် တိုးတက်တဲ့ အတွက် ဉာဏ်ကောင်းတယ်၊ အာရုံစူးစိုက်နိုင်တယ်၊ ပြဿနာ ဖြေရှင်းနိုင်စွမ်း ကောင်းတယ်။

    • ကျောင်းစာလည်း တော်တယ်။ အထူးသဖြင့် စာရေး စာဖတ်နဲ့ သင်္ချာဘာသာရပ်တွေမှာပါ။

    • အသက်ကြီးလာရင်လည်း နှလုံးရောဂါ၊ ဆီးချိုနဲ့ ကင်ဆာတချို့ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

    စိတ်ဖိစီးမှုနည်းပြီး စိတ်ရှုပ်ထွေးတာ၊ စိတ်ကျတာ ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

    • ကျောင်းခန်းထဲမှာ ဆက်ဆံရေး ပိုကောင်းလာပါတယ်။

    ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ရှိလာတယ်။ ကိုယ့်ကိုယ်ကိုလည်း တန်ဖိုးထားတတ်လာတယ် စတဲ့ အကျိုးကျေးဇူးတွေ ရလာပါတယ်။

    ဘက်စုံထူးချွန် ကလေး ဖြစ်ဖို့ ရုပ်ပိုင်းစိတ်ပိုင်း ဘယ်လိုကူညီကြမလဲ။

    ကလေးတွေ ကိုယ်လက်လှုပ်ရှားမှု လုပ်ဖို့ ဘယ်လိုလုပ်ကြမလဲ။

    • ကလေးအတွက် ကိုယ်က စံပြဖြစ်နေပါစေ။ ကလေးတွေက ထုတ်တာ မပြောတာ မိဘတွေ ဘာလုပ်လဲ ဆိုတာ လိုက်ကြည့်ပြီး လိုက်လုပ်နေတာပါ။ ဒါကြောင့် ကလေးကို လှုပ်လှုပ်ရှားရှား နေခိုင်းပြီး ကိုယ်က တီဗွီရှေ့မှာ ငုတ်တုတ်ထိုင်နေလို့ မဖြစ်ပါဘူး။ ကိုယ်ကစပြီး လှုပ်လှုပ်ရှားရှား နေပြပြီး ကလေးကို စိတ်ဝင်စားလာအောင် ဆွဲဆောင်ရမှာပါ။

    • လုပ်တဲ့ လေ့ကျင့်ခန်းတွေကလည်း ကလေးတွေ စိတ်ဝင်စားတဲ့ဟာမျိုး ဖြစ်ရပါမယ်။ သူတို့ ဘာကို ပိုစိတ်ဝင်စားလဲဆိုတာကို စောင့်ကြည့်ပါ။ ဥပမာ ပြောရရင် သူတို့အတွက် Baby shark သီချင်းနဲ့ ကတာက အေရိုးဗစ်ထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမှာပါ။ နောက်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို ပြစ်ဒဏ်အနေနဲ့ မသုံးပါနဲ့။ (ဥပမာ အိမ်စာမပြီးလို့ ခြံကို ၃ပတ်ပတ်ပြေး ဆိုတာမျိုး)

    Screen time လို့ခေါ်တဲ့ တီဗွီကြည့်တာ၊ ဂိမ်းဆော့တာ၊ ဖုန်းသုံးတာကို တတ်နိုင်သမျှ လျှော့ပါ။ တီဗွီတို့ ဖုန်းတို့ဆိုတာက ကလေးထိန်းစက် မဟုတ်ပါဘူးနော်။

    • ကလေးတွေ လှုပ်လှုပ်ရှားရှား နေနိုင်ဖို့ အခွင့်အရေး ပေးပါ။ ဥပမာ ကစားကွင်းတို့ ပန်းခြံတို့ ခေါ်သွားတာတို့၊ စက်ဘီးတို့၊ ဘောလုံးတို့ ဝယ်ပေးတာတို့ လုပ်ပြီး အားပေးပါ။

    • ကျောင်းကလုပ်တဲ့ အားကစားပွဲတွေ၊ အကပွဲတွေမှာ ပါဝင်ခွင့် ပေးလိုက်ပါ။ အရင်ကလို စာကလွဲပြီး ဘာမှမလုပ်ရဘူးလို့ မတားပါနဲ့တော့။

    • နီးနီးနားနား သွားစရာရှိရင် ကားစီးဖို့ထက် တူတူလမ်းလျှောက်သွားတာမျိုး၊ စက်ဘီးစီးတာမျိုး လုပ်ပေးပါ။

    • ကလေးက လှုပ်လှုပ်ရှားရှား မနေတတ်တဲ့ သူဆိုရင်လည်း အတင်း ဖိအားမပေးပါနဲ့။ ဖြည်းဖြည်းချင်း စပါ။ ကလေး ထိခိုက်ဒဏ်ရာ မရဖို့နဲ့ စိတ်ဖိစီးမှု မရှိဖို့က အဓိကပါ။

    • ကလေး လှုပ်လှုပ်ရှားရှား နေတဲ့နေ့ဆိုရင် ချီးကျူးစကားပြောပါ။ ဆုချပါ။

    ကိုယ့်ကလေးက ဂျီကျနေတယ်၊ အဝလွန်နေတယ်၊ မသန်စွမ်းဖြစ်နေတယ်ဆိုရင်ရော

    ဘယ်လိုကလေးမျိုးပဲဖြစ်ဖြစ် လှုပ်လှုပ်ရှားရှား နေဖို့ လိုပါတယ်။ လှုပ်ရှားနေတဲ့ ကလေးကသာ ကိုယ်ရော စိတ်ပါ ကျန်းမာတာပါ။ သူတို့ လှုပ်ရှားသလောက်ကို ချီးကျူးပြီး အားပေးစကား ပြောပေးပါ။ သူများကလေးတွေနဲ့ နှိုင်းယှဉ်တာမျိုး၊ အရှက်ခွဲတာမျိုး လုံးဝမလုပ်ပါနဲ့။ အရေးကြီးတာက ဘေးကင်းဖို့နဲ့ ပျော်စရာကောင်းဖို့ပါပဲ။

    ကလေးတွေ ရဲ့စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်

    ရုပ်ပိုင်းဆိုင်ရာပြီးပြီဆိုတော့ စိတ်ပိုင်းဆိုင်ရာကို ဆက်သွားရအောင်။ မိဘတွေ သတိမထားမိတာကလည်း ဒီစိတ်ပိုင်းဆိုင်ရာပါပဲ။ ဒီခေတ်က IQ (ဉာဏ်ရည်ဉာဏ်သွေး)ထက် EQ (ကိုယ်ရည်ကိုယ်သွေး တစ်နည်းအားဖြင့် ပေါင်းသင်းဆက်ဆံရေး)က ပိုအရေးကြီးလာပါပြီ။ ဒါကြောင့် မိဘတွေ အနေနဲ့ ကလေးတွေ ကျောင်းစာတစ်ခုတည်း တော်နေတာကို ကျေနပ်နေလို့ မရတော့ပါဘူး။ ကိုယ့်ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေး၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုပါ ထည့်ပြီး စဉ်းစားရတော့မှာပါ။ အောက်မှာ ကလေးတွေ EQ ကောင်းဖို့ ဘယ်လို ထိန်းကျောင်းမလဲဆိုတာ ပြောပြပေးသွားပါမယ်။

    EQကောင်းတဲ့ ကလေးတွေရဲ့ အားသာချက်က ဘာလဲ။

    • EQ ကောင်းတဲ့ ကလေးတွေက IQ လည်းကောင်းတဲ့ အတွက် ကျောင်းစာမှာလည်း အခက်အခဲမရှိ သင်ယူနိုင်ကြပါတယ်။

    • ဒါပြင့် ဒီကလေးတွေက ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းကြပါတယ်။

    • ငယ်တုန်းက EQ ကောင်းတဲ့ ကလေးတွေက အရွယ်ရောက်လာတဲ့အခါ အောင်မြင်တဲ့သူတွေ ဖြစ်လာကြပါတယ်။ လေ့လာချက်တွေအရ အသက်၅နှစ်မှာ အများနဲ့ မျှဝေတတ်တယ်။ အလုပ်ကို အသင်းအဖွဲ့နဲ့ လုပ်တတ်တဲ့ ကလေးတွေက အသက်၂၅နှစ်မှာ ဘွဲ့ရဖို့ပဲဖြစ်ဖြစ် အလုပ်ရဖို့ပဲဖြစ်ဖြစ် မခဲယဉ်းတတ်ကြပါဘူး။

    စိတ်ကျန်းမာရေးကို ကောင်းစေပါတယ်။ EQ ကောင်းတဲ့ ကလေးတွေက စိတ်ကျရောဂါနဲ့ တခြားစိတ်ရောဂါတွေဖြစ်ဖို့ အခွင့်အလမ်းနည်းပါတယ်။

    EQ က တကယ်ပဲ လိုအပ်ပါတယ်။ ဥပမာပြောရရင် ကလေးက ဒေါသထွက်ပေမယ့် သူ့ကိုယ်သူ ထိန်းနိုင်မယ်ဆိုရင် နောက်ဆက်တွဲပြဿနာတွေ မဖြစ်တော့ဘူးပေါ့။ ပိုကောင်းတဲ့ အချက်က ဘယ်ကလေးကို မဆို EQ ကောင်းအောင် လုပ်ပေးလို့ ရပါတယ်။ သူတို့သေချာသင်ပေးနိုင်မယ့် မိဘနဲ့ သင်ပေးမယ့် နည်းလမ်းတွေပဲ လိုတာပါ။

    ကလေးတွေ EQ ကောင်းစေမယ့် နည်းလမ်းများ

    စိတ်ခံစားချက်တွေကို သိပါစေ။

    ကလေးတွေက ကိုယ့်ခံစားရတာကို သိဖို့ လိုပါတယ်။ ဘယ်လိုခံစားရတာကို ဘယ်လိုခေါ်တဲ့ အကြောင်း သင်ပေးပါ။ မကောင်းတဲ့ ခံစားချက်တွေဖြစ်တဲ့ စိတ်ဆိုးတာ၊ ရှက်တာ၊ နာကျင်ရတာ ကိုလည်း သင်ပေးဖို့ လိုသလို ကောင်းတဲ့ ခံစားချက်တွေဖြစ်တဲ့ ပျော်ရွှင်တာ၊ မျှော်လင့်ချက်ရှိတာ၊ စိတ်လှုပ်ရှားတာ စတဲ့ ခံစားချက်တွေကိုလည်း သင်ပေးဖို့ လိုပါတယ်။

    ကိုယ်ချင်းစာစိတ်ပြပါ။

    ကလေးမှာ တစ်ခုခု စိတ်မကောင်းဖြစ်စရာ ရှိတယ်ဆိုရင် သူ့ကို ကိုယ်ချင်းစာစိတ်နဲ့ ဆက်ဆံပေးပါ။ သူခံစားနေရတာကို နားထောင်ပေးပါ။ ဥပမာ ပြောရရင် သူက ကစားကွင်းမသွားရလို့ စိတ်ညစ်နေတာဆိုရင် ကိုယ့်မှာလည်း ကိုယ့်လုပ်ချင်တာ မလုပ်ရတာမျိုးတွေ ရှိတယ်။ သူ့လိုပဲ စိတ်ညစ်ဖူးတယ် ဆိုတာကို ကိုယ်ချင်းစာတဲ့ ပုံစံမျိုး ပြောပေးပါ။ တစ်ခုခုဆိုတာနဲ့ အပြစ်တင် အော်ဟစ်ဆူပူနေမယ့်အစား သူ့ကို နားလည်ကြောင်းပြလိုက်တာက ပိုပြီး အဆင်ပြေမှာပါ။

    • စိတ်ခံစားချက်တွေကို သင့်တော်တဲ့ နည်းလမ်းနဲ့ ဖော်ပြခိုင်းပါ။

    ကလေးတွေက သူတို့ခံစားနေရတာကို ဖော်ပြဖို့ သင့်တော်တဲ့ နည်းလမ်းလိုပါတယ်။ ဥပမာ ပြောရရင် သူစိတ်ဆိုးတဲ့အခါ အော်ဟစ်သောင်းကျန်းမယ့်အစား “သူနေလို့မကောင်းဘူး” လို့ ပြောတာမျိုး၊ ဒေါသဖြစ်တဲ့ပုံကို ပုံဆွဲပြတာမျိုး လုပ်လို့ရကြောင်း သင်ပေးပါ။ ဒီလိုမျိုး ခံစားချက်တွေကို ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းက သင်နဲ့ သင့်ကလေးကြားမှာ နားလည်နိုင်တဲ့ သင်္ကေတတွေ ထားတာပါပဲ။

    ဘက်စုံထူးချွန် ကလေး ဖြစ်ဖို့ ရုပ်ပိုင်းစိတ်ပိုင်း ဘယ်လိုကူညီကြမလဲ။

    • စိတ်ခံစားချက်တွေ ဖြေရှင်းဖို့ ကူညီပေးပါ။

    ကလေးတွေက သူတို့ရဲ့ ခံစားချက်ကို သိပြီဆိုရင် ဒီခံစားချက်တွေကို ဘယ်လို လက်ခံမလဲ ဆိုတာ သင်ပေးလို့ရပါပြီ။ သူတို့ကိုယ်သူတို့ ဘယ်လို ဒေါသထိန်းမလဲ၊ ဘယ်လို ပျော်အောင်နေမလဲ၊ သူတို့ကြောက်တာတွေကို ဘယ်လို ကျော်ဖြတ်မလဲ စသဖြင့် သင်ပေးလို့ ရပါပြီ။

    ဥပမာပြောရရင် ဒေါသထွက်လာတဲ့အခါ အသက်ပြင်းပြင်းရှူတာ၊ စိတ်ရှုပ်ထွေးနေရင် ပုံဆွဲစာအုပ်မှာ အရောင်ခြယ်တာ၊ ဟာသစာအုပ်ဖတ်တာ၊ သီချင်းနားထောင်တာ စတာတွေကို သင်ပေးပါ။ အလွယ်ပြောရရင် ဒီစာအုပ်တို့၊ ပုံဆွဲတဲ့ဟာတို့၊ သီချင်းနားထောင်တဲ့ ပစ္စည်းတွေကို ပုံးတစ်ခုထဲ စုထည့်ထားလိုက်ပါ။ သူစိတ်မကြည်ရင် အဲ့ပုံးနားကို သွားပြီး စိတ်ဖြေဖျောက်ပါလိမ့်မယ်။

    • ပြဿနာဖြေရှင်းတဲ့ နည်းတွေလည်း သင်ပေးပါ။

    EQ ကောင်းအောင် လေ့ကျင့်ပေးရတဲ့ နောက်ထပ်ရည်ရွယ်ချက်ကတော့ ပြဿနာတွေ ဖြေရှင်းနည်း မှန်အောင်လို့ပါ။ ခံစားချက်ကို သိတယ်။ ကောင်းကောင်းလည်း ဖော်ပြတတ်ပြီဆိုရင် ခု ပြဿနာဖြေရှင်းချိန် ရောက်ပါပြီ။

    ဥပမာ ကလေးက ဆော့နေတာကို တစ်ယောက်ယောက်က နှောင့်ယှက်လို့ စိတ်ဆိုးနေတယ်ဆိုပါစို့။ သူ့ကို စိတ်မဆိုးဘဲ ဖြေရှင်းဖို့ နည်းလမ်း ၅ခု စဉ်းစားခိုင်းလိုက်ပါ။ မှန်မှန်မှားမှား အနည်းဆုံးတော့ အလေ့အကျင့် ဖြစ်တာပေါ့။ ဖြေရှင်းနည် ၅ခု ရပြီဆိုရင် တစ်ခုချင်းဆီရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ပြောပြခိုင်းပါ။ အဲ့ထဲက အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ခိုင်းပါ။

    အမှားလုပ်မိတယ်ဆိုရင်လည်း မဆူဘဲ တခြား ဘာလုပ်လို့ရမလဲဆိုတာ စဉ်းစားခိုင်းပါ။ ကိုယ်က ပြဿနာကို ဖြေရှင်းပေးတာထက် သူ့ကို လမ်းညွှန်ပြီး စဉ်းစားခိုင်းပါ။

    • EQ နဲ့ပတ်သတ်ပြီး အမြဲတမ်း သင်ပေးပါ။

    ဘယ်လောက်ပဲ ကလေးက EQ ကောင်းတယ်ဆိုဆို ထပ်သင်ပေးရင် ထပ်တိုးတက်ပါတယ်။ ဘဝဆိုတာ အတက်အကျရှိတဲ့အတွက် အရွယ်ရောက်လာတဲ့အခါ ကလေးတုန်းကနဲ့ မတူဘဲ ပိုပြီး ခက်ခဲတဲ့ အရာတွေနဲ့ ကြုံရဦးမှာပါ။ ဒါကြောင့် အမြဲတမ်း သင်ယူနေဖို့ လိုပါတယ်။

    ကလေးငယ်တုန်းမှာတည်းက သူတစ်နေ့တာ ခံစားရသမျှကို ရင်ဖွင့်တတ်ဖို့ သင်ပေးပါ။ ရုပ်ရှင်ကြည့်ရင်ပဲ ဖြစ်ဖြစ်၊ စာအုပ်ဖတ်ရင်ပဲ ဖြစ်ဖြစ် ဇာတ်ကောင်နေရာက ဝင်ခံစားခိုင်းပါ။ သူတို့နေရာမှာ ကိုယ်ဆိုရင် ဘယ်လို ဖြေရှင်းမလဲဆိုတာ မေးကြည့်ပါ။ ဒါမှ နောင်အခါမှာ ပိုပြီး ပြဿနာဖြေရှင်းတတ်မှာပါ။

    ကလေးရဲ့အမှားကနေ သင်ခန်းစာယူပြီး တိုးတက်အောင် သင်ပေးပါ။ သူက ကိစ္စ တစ်ခုခုနဲ့ ပတ်သတ်ပြီး အပြင်းအထန် ဒေါသထွက်တဲ့အခါမှာ နောက်တစ်ခါဆိုရင် ဒီလိုမဟုတ်ဘဲ ပိုကောင်းတဲ့ နည်းလမ်းနဲ့ ဖြေရှင်းဖို့ ဆွေးနွေးပါ။ ဒီလိုနည်းနဲ့ပဲ ကလေးရဲ့ EQ က ပိုပြီး တိုးတက်လာမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement