ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ ဟာ အာရုံကြောချို့ယွင်းတဲ့ရောဂါ Multiple Sclerosis (MS) ဖြစ်နိုင်တယ်လို့ နိုင်ငံစုံကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။
ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ ဟာ အာရုံကြောချို့ယွင်းတဲ့ရောဂါ Multiple Sclerosis (MS) ဖြစ်နိုင်တယ်လို့ နိုင်ငံစုံကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ခုခေတ်မှာ ကလေးတွေရဲ့ ကိုယ်အလေးချိန်တွေဟာ ယခင်ဆယ်စုနှစ်တွေကထက် ပိုပြီးမြင့်မားလာနေကြပါတယ်။ ပတ်ဝန်းကျင်နဲ့ အစာအာဟာရကျွေးမွေးမှုပုံစံတွေကြောင့်ပေါ့။
ဒီတော့ကလေးတွေမှာလဲ အဝလွန်တဲ့ပြဿနာနဲ့ရင်ဆိုင်လာရပါတယ်။ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ ဟာ အသက်ကြီးလာချိန်မှာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ လေဖြတ်နိုင်ခြေတွေပဲ မြင့်မားတာမဟုတ်ပါဘူးတဲ့။ အရွယ်မတိုင်ခင်မှာပဲ Multiple Sclerosis ဝေဒနာခံစားလာရနိုင်တယ်လို့ ဆိုပါတယ်။
လာမယ့် ၂၀၃၅ ရောက်ရင် တစ်ကမ္ဘာလုံးက ကလေးငယ်တွေရဲ့ ၁၄% လောက်ဟာ အဝလွန်နေနိုင်တယ်လို့ ဗြိတိန်အခြေစိုက် ကွင်းမေရီတက္ကသိုလ်ရဲ့ လေ့လာချက်တွေကဆိုထားပါတယ်။ ဒီကလေးတွေထဲက တချို့တစ်ဝက်ဟာ MS ရောဂါဝေဒနာခံစားနေရနိုင်ပါတယ်။
ပုံမှန်အားဖြင့် MS ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဆေးလိပ်သောက်သုံးမှုတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာချက်အသစ်တွေအရ အဝလွန်ခြင်းဟာလည်း အရေးပါတဲ့ အကြောင်းတရားတစ်ခုဖြစ်လာနေကြောင်း သိလာရပါပြီ။
အဝလွန်ခြင်းအပြင် ကလေးတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကနေ ဆေးလိပ်ငွေ့တွေကို တဆင့်ခံရှူရှိူက်နေရတဲ့နှုန်းကလည်း ပိုမိုမြင့်မားလာနေတာကြောင့် MS ဖြစ်နိုင်ခြေ ပိုများလာတာဖြစ်ပါတယ်။
ကွင်းမေရီတက္ကသိုလ်၊ အောက်စဖို့ဒ်တက္ကသိုလ်၊ ဘာ့တ်စ်ကျန်းမာရေးအဖွဲ့တို့အပါအဝင် ဗြိတိန်၊ အမေရိကန်၊ သြစတြေးလျနဲ့ ရုရှားနိုင်ငံတို့က ထိပ်တန်းတက္ကသိုလ်တွေနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေ ပူးပေါင်းလေ့လာခဲ့မှုအရ အနာဂတ်မှာ ကလေး ၁၀% လောက်အထိ ဒီဝေဒနာကို ခံစားရနိုင်တယ်လို့ ဆိုထားပါတယ်။
Multiple Sclerosis ဆိုတာကတော့ အာရုံကြောစနစ် ယိုယွင်းမှုကြောင့် ကိုယ်လက်လှုပ်ရှားမှုနဲ့ စကားပြောဆိုမှုကို ထိန်းချုပ်လို့မရတော့တဲ့ ရောဂါတစ်မျိုးပါ။
Multiple sclerosis ဆိုတာ ပုံမှန်အားဖြင့် အရွယ်ရောက်ပြီးသူတွေမှာသာ အဖြစ်များတဲရောဂါတစ်မျိုး ဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ ကလေးတွေမှာလည်း ဖြစ်လာကြပါတယ်။ ဒီလိုဖြစ်လာတာဟာ ကလေးတွေ အဝလွန်လာနေတာနဲ့ ဆက်စပ်နေတယ်လို့ ဆေးပညာရှင်တွေက ဆိုထားကြပါတယ်။
လေ့လာမှုတွေအရဆိုရင် ဒီဘက်ခေတ်မှာ Multiple Sclerosis ရောဂါခံစားနေရသူတွေရဲ့ ၅% ကနေ ၁၀% လောက်ဟာ သူတို့ရဲ့အသက် ၁၆ နှစ်မပြည့်ခင်တည်းက ရောဂါလက္ခဏာတွေ စတင်ပြသလာတတ်ကြပါတယ်။
Multiple Sclerosis ဟာ ဦးနှောက်နဲ့ တခြားအစိတ်အပိုင်းတွေဆီ ဆက်သွယ်ထားတဲ့ အာရုံကြောကို နှောင့်ယှက်တာကြောင့် ခန္ဓာကိုယ်ကို အားပျော့ကာ မသန်မစွမ်းဖြစ်သွားစေလေ့ရှိပါတယ်။ ဒီရောဂါကိုခံစားရပြီဆိုရင် ကြွက်သားတွေလည်း မသန်မစွမ်းဖြစ်သွားမှာပါ။
ဒီကနေ့ ကမ္ဘာပေါ်မှာ MS ဝေဒနာခံစားနေရသူပေါင်း ၃ သန်းလောက်ရှိထားပြီးတော့ အဲ့ဒီထဲကမှ ၅ သိန်းဝန်းကျင်ဟာ အသက် ၁၈ နှစ်အောက် လူငယ်တွေဖြစ်ကြပါတယ်။
ကလေးတစ်ယောက် ဝနေတာမြင်ရင် ချစ်ဖို့ကောင်းတယ်လို့ လူတချို့က ပြောကြတယ်။ တကယ်တော့ ဝနေတာဟာ တကယ်ချစ်စရာကောင်းတာ ဖြစ်ချင်ဖြစ်နိုင်ပေမယ့် သူ့ရဲ့အနာဂတ်ကတော့ ချစ်စဖွယ်ဖြစ်နေမှာမဟုတ်ပါဘူး။
ကိုယ့်ရဲ့ရင်သွေးက ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်ပိုပြီး မြင့်မားနေသလားဆိုတာကို သိနိုင်ဖို့ BMI တို့ Growth Chart တို့နဲ့ တွက်ချက်ကြည့်လို့ရပါတယ်။ ဒီလိုတွက်ချက်ကြည့်ပြီး ကိုယ့်ကလေးက အဝလွန်နေတယ်ဆိုရင်တော့ ဝိတ်ချပေးဖို့ လိုအပ်လာမှာပါ။
ကလေးတွေကို ဝိတ်ချရတာက လူကြီးတွေကို ဝိတ်ချရတာလောက်တော့ မလွယ်ကူပါဘူး။ ကလေးဖြစ်နေတော့ အစားတွေ ဇွတ်ရှောင်ခိုင်းဖို့ကလည်း မဖြစ်နိုင်ဘူးလေ။ ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်ဖို့ အာဟာရမျှတအောင် ကျွေးဖို့ကလည်း လိုသေးတယ်မဟုတ်လား။
အောက်ပါနည်းလမ်းတွေနဲ့ ကလေးတွေကို ကျန်းကျန်းမာမာ ဝိတ်ချပေးနိုင်ပါတယ်။