မိဘတွေရဲ့ တာဝန်ဝတ္တရားတွေထဲမှာ သားသမီးတွေကို အာဟာရပြည့်ဝစွာ ကျွေးမွေးပေးဖို့ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ကြီးထွားဖွံ့ဖြိုးဆဲအရွယ်ြဖစ်တဲ့ ကလေးတွေမှာ နေ့စဉ် အာဟာရဓါတ်တွေ လုံလောက်စွာ ရရှိပါမှ ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်မှာပါ။ ဒီဆောင်းပါးလေးမှာ ကလေးအာဟာရနဲ့ ပတ်သက်ပြီး မေမေတို့ သိဖို့ လိုအပ်တဲ့ အကြောင်းအရာတွေ၊ ကလေးရဲ့ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုအတွက် ဘယ်လိုအာဟာရဓါတ်တွေ များများကျွေးပေးဖို့ လိုအပ်လဲဆိုတာ ပြောပြပေးမယ်နော်။
မွေးကင်းစမှ ၆လအရွယ် ကလေးတွေ
မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးတာ အကောင်းဆုံးပါပဲ။ မိခင်နို့မှာ ကလေးကျန်းမာရေးနဲ့ ဦးနှောက်ဉာဏ်ရည်ထက်မြက်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ၊ ကလေးကြီးထွားမှုအတွက် ပရိုတင်းဓါတ်ေတွ အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေလို့ ကလေးမဖျားနာစေဖို့၊ ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ဖို့ မိခင်နို့က ကူညီပေးပါတယ်။
မိခင်နို့ဟာ နို့မှုန့်ထက်ပိုပြီး အစာကြေလွယ်စေတဲ့အတွက် ကလေးကို နို့များများတိုက်ပေးရင် ပိုကောင်းပါတယ်။ ပုံမှန်အားဖြင့် တစ်နာရီခွဲမှ ၃နာရီကြား တစ်ခါ အချိန်ခြားပြီး နို့တိုက်ပေးရပါမယ်။ ကလေးဗိုက်ဆာမှ မိခင်နို့တိုက်တာထက် တစ်နေ့ကို ၇ကြိမ်မှ ၉ကြိမ်ထိ နို့တိုက်ပေးနိုင်ရင် ကလေးအာဟာရအတွက် လုံလောက်ပါတယ်။
ကလေး ၆လပြည့်ပြီးနောက်
မိခင်နို့အပြင် အာဟာရပြည့်နို့နဲ့ အစားအစာတချို့ကို စတင်ကျွေးဖို့ အချိန်တန်ပါပြီ။ ကလေးဆိုတာ အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓါက လိုအပ်တဲ့ အာဟာရဓါတ်ပမာဏဟာ ပိုများလာမှာပါ။ စစချင်းမှာ ကလေးအတွက် သိပ်မမာတဲ့ အစားအစာတွေ၊ ဒါမှမဟုတ် အစားအစာတွေကို ကြိတ်ချေပြီး ကျွေးလို့ ရပါတယ်။ အစားအစာကို ကလေးနဲ့ စတင်မိတ်ဆက်တဲ့အခါ အစာတစ်မျိုးတည်းကို ၃ရက်စီကျွေးပြီးမှ ကလေးအတွက် ခံတွင်းတွေ့မလား၊ တည့်ရဲ့လားဆိုတာကို သိနိုင်မှာပါ။ မိခင်နို့ကိုလည်း ကလေးအသက် ၂နှစ်ထိ တိုက်ကျွေးပေးနိုင်ရင် ပိုကောင်းပါတယ်။
၅နှစ်ပြည့်ပြီးတဲ့ ကလေးတွေ
ဒီလိုအသက်အရွယ်မှာ ကလေးတွေရဲ့ အစာအိမ်မှာ ပိုကြီးလာပြီဖြစ်တဲ့အတွက် နေ့စဉ် အစာတွေ များများ စားဖို့ လိုအပ်လာပါပြီ။ ဒီလိုအရွယ်မှာ ကလေးတွေအတွက် ပရိုတင်းဓါတ်များတဲ့ အသားနဲ့ ငါးတွေ၊ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်တဲ့ ဟင်းသီးဟင်းရွက်ေတွနဲ့ သစ်သီးဝလံတွေ အဓိက ကျွေးပေးရပါမယ်။ ကလေးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ပဲ၊ ဥ၊ အစေ့အဆန်တွေကိုလည်း နေ့စဉ်စုံလင်စွာ ကျွေးပေးဖို့ လိုအပ်ပါတယ်။
ကလေးကြီးထွားမှုအတွက် မရှိမဖြစ် အာဟာရဓါတ်တွေကတော့
၁။ ပရိုတင်းဓါတ် – ကလေး ကြီးထွားဖွံ့ဖြိုးမှု၊ အရိုးအဆစ်တွေ သန်စွမ်းစေဖို့၊ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အလွယ်တကူ မဖျားစေဖို့ ကူညီပေးနိုင်တယ်။ အားအင်တွေကိုဖြည့်တင်ပေးဖို့ ကူညီပေးပါတယ်။ ပရိုတင်းဓါတ်ကို အသား၊ ဥ၊ နွားနို့၊ ပဲအမျိုးမျိုးကနေ အဓိက ရရှိနိုင်ပါတယ်။
၂။ သံဓါတ် -အောက်စီဂျင်ကို ကိုယ်ခန္ဓါအနှံ့ သယ်ယူပို့ဆောင်ပေးတယ်။ အမောခံနိုင်ပြီး သက်လုံကောင်းစေတယ်။သွေးအားနည်းရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ သံဓါတ်ကို ကြက်သား၊ ပင်လယ်စာ၊ ပဲ၊ ကြက်ဥအနှစ်တွေမှာ အများဆုံးတွေ့ရပါတယ်။
၃။ ကယ်လ်စီယမ်ဓါတ် – အရိုးနဲ့ သွား ကျန်းမာစေဖို့၊ အရိုးပါးပြီး အလွယ်တကူ ကျိုးပဲ့ခြင်း မဖြစ်စေဖို့ အဓိက လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်ပါတယ်။ နွားနို့၊ ငါး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကနေ ကယ်လ်စီယမ်ဓါတ်ကို ရရှိနိုင်ပါတယ်။
၄။ အိုင်အိုဒင်းဓါတ် – ကလေးတွေရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ကို ထက်မြက်စေပြီး အစာစားချင်စိတ်ကိုဖြစ်စေတယ်။ ကလေးကြီးထွားမှုကိုလည်း အထောက်အကူဖြစ်စေပါတယ်။ ငါးနဲ့ ပင်လယ်စာအပြင် အိုင်အိုဒင်းဆားကနေတစ်ဆင့် ရရှိနိုင်ပါတယ်။
၅။ ဗီတာမင်တွေ – ကိုယ်တွင်းအင်္ဂါတွေကောင်းစွာ အလုပ်လုပ်နိုင်စေဖို့၊ ကလေး ကျန်းမာဖွံ့ဖြိုးပြီး ဉာဏ်ရည်ထက်မြက်စေဖို့၊ ကိုယ်ခန္ဓါအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်ပါတယ်။ အသားငါး၊ ဟင်းသီးဟင်းရွက်၊ နို့၊ ဥ၊ အစေ့အဆန်နဲ့ ပဲတွေကနေ ကလေးကျန်းမာရေးအတွက် မရှိမဖြစ် ဗီတာမင်အာဟာရ အစုံအလင်ကို ရရှိနိုင်ပါတယ်။
ဟင်းချက်ပြုတ်ရမှာ ဆီ၊ ဆား၊ သကြားလျှော့သုံးပေးဖို့ သတိထားပေးသင့်တဲ့အပြင် ကလေးတွေအတွက် အာဟာရမဖြစ်စေတဲ့ အစားအစာတွေကို တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ ကလေးဗိုက်ဝရင်ပြီးရောဆိုပြီး သူတို့ ကြိုက်တာလေးတွေပဲ ကျွေးတာထက် အစာအာဟာရစုံလင်စွာ ကျွေးမွေးမှ ကလေးကျန်းမာရေးနဲ့ အနာဂတ်အတွက် အကျိုးကျေးဇူးများစွာ ရှိစေမှာပါ။
ကိုယ့်ရဲ့ ကလေးက တခြားကလေးတွေနဲ့ ယှဉ်လိုက်လို့ ပိန်လွန်းနေတယ်၊ ဝလွန်းနေတယ်လို့ ခံစားမိရင် ဆရာဝန်နဲ့ ပြသပြီး သေချာတိုင်ပင်ကြည့်သင့်ပါတယ်။ မွေးရာပါ ချို့ယွင်းချက်တွေ၊ ရောဂါအခံတစ်ခုခု ရှိနေတာလား၊ ကလေးက အာဟာရချို့တဲ့မှုကို ခံစားနေရလားဆိုတာ သေချာသိနိုင်မှ ပြဿနာကို အဖြေရှာနိုင်မှာ ဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-vaccination-tool]