backup og meta

ကလေးက ပိန်ပြီး ညှက်နေလို့ မေမေတွေ စိတ်ညစ်နေရပြီလား


Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးက ပိန်ပြီး ညှက်နေလို့ မေမေတွေ စိတ်ညစ်နေရပြီလား

    ကလေးဆိုတာ စားချိန်တန် စား၊ ကစားချိန်တန် ကစား၊ စာလုပ်ချိန်တန် စာလုပ်ရမယ့် ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်ကောင်းဖြစ်ပါတယ်။ ဒီလိုအရွယ်မှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ လုံလောက်စွာ မရတဲ့အခါ ကြီးထွားဖွံ့ဖြိုးမှု နှေးပြီး ရောဂါတွေ အလွယ်တကူဖြစ်လာနိုင်တာ သဘာဝပါပဲ။

    ကလေးတွေအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓါတ်တွေကို အဓိက အစားအသောက်ကနေ ရရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကလေးတွေဟာ နေ့စဉ် လုံလောက်တဲ့ အာဟာရဓါတ်တွေ မရရှိကြပါဘူး။ အဆီ၊ အငန်၊ အချို စားသုံးမှုများပြီး အဝလွန်ကြတယ်။ အာဟာရဓါတ်တွေ ချို့တဲ့နေတဲ့ ကလေးတွေမှာ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ကိုယ်ခန္ဓါအရွယ်အစား သေးငယ်နေတယ်။ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်ဖို့ အလားအလာ ပိုများလာပါတယ်။

    ကလေးအာဟာရမှာ ဘာတွေ ပါဝင်ရမလဲ။

    ကလေးအရွယ်မှာ ကျန်းမာကြံ့ခိုင်ပြီး ရောဂါဘယ ကင်းဝေးစေဖို့ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် A, B, C, D, E, K အပြင် ပရိုတင်းဓါတ်၊ ကယ်လ်စီယမ်ဓါတ်၊ သံဓါတ်၊ အိုင်အိုဒင်းဓါတ်၊ ဇင့်ဓါတ်အစရှိတဲ့ သတ္တုဓါတ်တွေကို နေ့စဉ် လုံလောက်စွာ ရရှိရပါမယ်။

    အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ ပဲနဲ့ အစေ့အဆန် အမျိုးမျိုး၊ သစ်သီးဝလံတွေ၊ ဥနဲ့ နို့ထွက်ပစ္စည်းတွေကို နေ့စဉ် ပုံမှန်ကျွေးပေးရပါမယ်။ အလွယ်တကူ ဝယ်စားလို့ရတဲ့ အသင့်စား Fast Food တွေ၊ တာရှည်ခံအောင် ဓါတုဗေဒနည်းလမ်းတွေနဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေ၊ အချိုပါဝင်မှုများတဲ့ အစားအစာတွေ၊ အကြော်အလှော်တွေကို တတ်နိုင်သလောက် ရှောင်ပေးပါ။

    ကလေးအာဟာရမပြည့်ဝဘူးဆိုတာ သိနိုင်မယ့် လက္ခဏာတွေ

    ၁။ မကြာခဏ ဖျားနာခြင်း၊ နေမကောင်းဖြစ်ခြင်း

    ၂။ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်း၊ ပျော်ရွှင်မှုမရှိခြင်း

    ၃။ အဝလွန်ခြင်း

    ၄။ ကိုယ်ခန္ဓါအရွယ်အစား သေးငယ်ခြင်း၊ ပိန်နေခြင်း

    ၅။ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း

    ၆။ မကြာခဏ ခေါင်းမူးခေါင်းကိုက်ဖြစ်ခြင်း

    ၇။ ကိုယ်လက်မအီမသာဖြစ်ခြင်း

    ၈။ စာကို သေချာအာရုံစိုက် မလေ့လာနိုင်ခြင်းတွေ ဖြစ်ပါတယ်။

    ကလေးတွေအတွက် ဘာကြောင့် ပရိုတင်းဓါတ် လိုအပ်တာလဲ။

    ပရိုတင်းလို့ ခေါ်တဲ့ အသားဓါတ်ဟာ ကြီးထွားဖွံ့ဖြိုးနေဆဲ အရွယ်ဖြစ်တဲ့ ကလေးတွေအတွက်တော့ အလွန်အရေးကြီးတဲ့ သတ္တုဓါတ်တစ်မျိုးဖြစ်ပါတယ်။ ကြွက်သားတွေကို ကြီးထွားစေပြီး အရိုးအဆစ်တွေကို သန်မာစေတယ်။ တစ်နေ့တာအတွက် ခွန်အားတွေကို ပေးစွမ်းနိုင်တယ်။ အရေပြားကို ကြည်လင်တောက်ပစေတယ်။ အသားအရေနဲ့ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပါတယ်။

    ပရိုတင်းဓါတ် မလုံလောက်တဲ့အခါ ဘာတွေဖြစ်နိုင်လဲ။

    အသားသိပ်မစားတဲ့ ကလေးတွေ၊ အစာအာဟာရမမျှတမှုကြောင့် ပရိုတင်းဓါတ်ချို့တဲ့တဲ့ ကလေးတွေ၊ နေ့စဉ်လိုအပ်တဲ့ ပရိုတင်းဓါတ် ပမာဏ လုံလောက်စွာ မရရှိတဲ့ ကလေးတွေမှာ ဒီလိုကျန်းမာရေးပြဿနာတွေ ကြုံလာရနိုင်ပါတယ်။

    ၁။ အသားအရေနဲ့ ဝမ်းဗိုက် ဖောရောင်တာ

    ၂။ အသည်းအဆီဖုံးတာ

    ၃။ ဆံသားပါးတာ၊ ပျက်စီးလွယ်တာ၊ ဆံပင်မကြာခဏ ကျွတ်တာ

    ၄။ လက်သည်း၊ ခြေသည်းကျိုးလွယ်တာ

    ၅။ တခြားကလေးတွေနဲ့ ယှဉ်လိုက်ရင် ပိန်လှီနေတာ

    ၆။ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတာ

    ၇။ အရိုးအဆစ်တွေ ထိခိုက်ကျိုးပဲ့လွယ်တာ

    ၈။ ကြီးထွားမှု ရပ်တန့်သွားတာ၊ အရပ်မထွက်တော့တာ

    ၉။ ရောဂါ၊ နာမကျန်းတဲ့အခါ ဝေဒနာပိုပြင်းထန်တာတွေ ဖြစ်နိုင်ပါတယ်။

    ပရိုတင်းဓါတ်များစေဖို့ ဘယ်လိုအစားအစာတွေ စားပေးသင့်လဲ။

    အသားဓါတ် (ပရိုတင်းဓါတ်) ကြွယ်ဝတဲ့ အသား၊ ကြက်သား၊ ငါးအမျိုးမျိုး စားပေးပါ။ အသားမကြိုက်တဲ့ ကလေးတွေအတွက် နွားနို့၊ ဒိန်ချဉ် အစရှိတဲ့ နို့ထွက်ပစ္စည်းတွေကို ပုံမှန်ကျွေးပါ။ အသားဓါတ်အပြင် အာဟာရဓါတ် ပါဝင်မှုများတဲ့ ပဲအမျိုးမျိုးနဲ့ ကြက်ဥတွေ ကျွေးလို့လည်း ရပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ ကျွေးဖို့လည်း မေ့ထားလို့ မဖြစ်ပါဘူး။

    အသက်အရွယ်အလိုက် ပရိုတင်းဓါတ် လိုအပ်မှုပမာဏ ကွာခြားသွားနိုင်တဲ့အတွက် ကိုယ့်ကလေးက တခြားကလေးတွေနဲ့ ယှဉ်လို့ ပိန်နေတယ်။ ပရိုတင်းနည်းနေတယ်လို့ မိဘတွေအနေနဲ့ သံသယရှိရင်တော့ ဆရာဝန်နဲ့ သေချာပြသတိုင်ပင်ပြီး ဖြည့်စွက်အားဆေးတွေ တိုက်ပေးလို့ ရသလို စားသောက်နေထိုင်မှု ပုံစံကိုလည်း ပြင်ပေးဖို့ လိုအပ်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement