brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဘေဘီဂဲလ်လေးတွေကို နှုတ်ခမ်းနီ မဆိုးပေးပါနဲ့ မေမေ

အပြင်သွားဖို့ ဖြစ်ဖြစ် အလုပ်သွားဖို့ ဖြစ်ဖြစ် မိတ်ကပ်လူး၊ နှုတ်ခမ်းနီ ဆိုးနေတုန်း မေမေ မီးမီးလည်း နှုတ်ခမ်းနီ ဆိုးချင်တယ်ဆိုပြီး နှုတ်ခမ်းကို စူလို့ လာဆိုးခိုင်းတဲ့ ဘေဘီဂဲလ်လေးတွေကို ပိုင်ဆိုင်ထားတဲ့ မေမေတွေ ရှိလား …… ဒီလို လာမေးတဲ့အချိန်မှာ ခေါင်းထဲရောက်လာနိုင်တဲ့ အတွေးက ဘေဘီလေးတွေကို နှုတ်ခမ်းနီ ဆိုးပေးလို့ ရမလား ဆိုတာဖြစ်မယ် ထင်ပါတယ်။

ဘေဘီဂဲလ်လေးတွေကို နှုတ်ခမ်းနီ မဆိုးပေးပါနဲ့ မေမေ

ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ သိချင်နေမယ့် မေးခွန်းလေးကို ဖြေပေးနိုင်မှာပါ။ ကဲ ….. ဆိုးပေးလို့ ဖြစ်၊ မဖြစ် ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

ဘေဘီလေးကို နှုတ်ခမ်းနီဆိုးပေးလို့ ရလား …..

ဘေဘီလေးက အရမ်းငယ်သေးမယ်ဆိုရင် နှုတ်ခမ်းနီမဆိုးပေးသင့်ပါဘူး။ အကြောင်းကတော့ နှုတ်ခမ်းနီမှာ ဘေဘီလေးတွေရဲ့ အရေပြားက အလွယ်တကူ စုပ်ယူနိုင်တဲ့ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေလို့ပါ။

ဒါကြောင့် လူကြီးတွေကိုတောင် အနည်းငယ် ထိခိုက်စေနိုင်တဲ့ နှုတ်ခမ်းနီကို ဘေဘီလေးကို မဆိုးပေးတာ အကောင်းဆုံးပါ။ နှုတ်ခမ်းနီမှာပါတဲ့ အဆိပ်အတောက်တွေကြောင့် ထိခိုက်မှုက ဘေဘီလေးတွေမှာ ပြင်းပြင်းထန်ထန် ခံစားရနိုင်ပါတယ်။

နှုတ်ခမ်းနီက အဆိပ်အတောက် ဖြစ်စေနိုင်လား …….

တချို့နှုတ်ခမ်းနီတွေမှာ တားမြစ်ထားတဲ့ ဓာတုပစ္စည်းတွေ ပါနေတတ်ပါတယ်။ ဒါတွေက လူကြီးတွေရဲ့ နှုတ်ခမ်းသားတွေကို ပျက်စီးစေပါတယ်။ ကလေးငယ်လေးတွေ ဆိုရင်တော့ ကျန်းမာရေးထိခိုက်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

ဘေဘီဂဲလ်လေးကို ဘယ်အရွယ်ဆို နှုတ်ခမ်းနီ ဆိုးပေးလို့ ရပြီလဲ …….

ဘေဘီဂဲလ်လေးက အသက် ၁၀ နှစ် ပြည့်ပြီဆိုရင် သဘာဝ ပစ္စည်းလေးတွေကို အခြေခံပြီး ထုတ်ထားတဲ့ နှုတ်ခမ်းနီလေးကို စဆိုးလို့ ရပါပြီ။ အရောင် မပါလေ အဆင်ပြေလေလေပါ။

အကောင်းဆုံးကတော့ အသက် ၁၃ နှစ် နဲ့ ၁၃ နှစ် အထက်ဖြစ်မှ စဆိုးပေးတာပါ။ အရောင်ပါတဲ့ နှုတ်ခမ်းနီကို ၁၃ နှစ်ကျော်မှ စဆိုး သင့်ပါတယ်။ ၁၅ နှစ်ဆိုရင်တော့ matte lipstick ကစလို့ ဆိုးလို့ရပါပြီ။

ဘေဘီလေးက နှုတ်ခမ်းနီ စားမိရင် ဘာဖြစ်မလဲ …….

ဘေဘီဂဲလ်လေးတွေကို နှုတ်ခမ်းနီ မဆိုးပေးပါနဲ့ မေမေ

အပေါ်မှာ ပြောခဲ့သလို အလှကုန်တိုင်းက အဆိပ်အတောက်ပါပါတယ်။ အနည်းအများပဲ ကွာတာပါ။ မျက်လုံးတွေ၊ အရေပြားတွေကို ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်သလို စားလိုက်မိမယ်ဆိုရင် ဗိုက်အောင့်ဗိုက်နာ ဖြစ်တာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ အော့အန်တာတွေ ခံစားနိုင်ရပါတယ်။

ဘေဘီလေးက ဘယ်လောက်တောင် စားမိလဲဆိုတာနဲ့၊ ဘယ်လိုပစ္စည်းတွေ ပါဝင်နေလဲဆိုတာ အပေါ်မူတည်ပြီး ခံစားရနိုင်တဲ့ လက္ခဏာတွေတော့ ကွာခြားနိုင်ပါတယ်။

ဘေဘီဂဲလ်တို့အတွက် နှုတ်ခမ်းနီ ဘယ်လို လုပ်ပေးမလဲ …….

ဘေဘီဂဲလ်လေးကို ထိခိုက်မှု မရှိစေဘဲ လှလှလေး ဖြစ်သွားစေမယ့် နှုတ်ခမ်းနီလေးကို အခုလိုလေး ဖန်တီးပေးလို့ ရပါတယ်။ လိုအပ်မှာလေးတွေကတော့ ဖယောင်းရောင်စုံ ခဲတံလေးပါ။

Crayons (ဖယောင်းရောင်စုံလေးတွေ) က ဘေဘီလေးတွေအတွက် စိတ်ချရပါတယ်။ ဖယောင်းရောင်စုံ ခဲတံလေးတွေကို သေချာလေး ကြိတ်ခြေ လိုက်ပါ။ ပြီးရင်တော့ အိုးသန့်သန့်လေးထဲမှာ shea butter ဒါမှမဟုတ် အုန်းဆီ စစ်စစ်လေးကို ထည့်ကျိုပြီး ကြိတ်ထားတဲ့ ဖယောင်းရောင်စုံလေးတွေကို ထည့်ပါ။

ပြီးရင် တော်တော်လေး ပျစ်လာတဲ့အထိ ကျိုပေးပါ။ ပြီးရင်တော့ ဘူးသန့်သန့်လေးထဲ ထည့်ထားပေးပါ။ ဒီလို လုပ်ပေးတာက နှုတ်ခမ်းကွဲတာကို သက်သာစေနိုင်သလို ဘေဘီဂဲလ်လေး စိတ်ကျေနပ်လောက်တဲ့ လှပမှုလေးကိုလည်း ပေးစွမ်းနိုင်မှာပါ။

ကဲ ….. ခုပဲ ဘေဘီဂဲလ်လေးနဲ့ သင့်တော်မယ့် နှုတ်ခမ်းနီလေး လုပ်ပေးပြီး ဘေဘီလေးက နှုတ်ခမ်းလေး လာစူပြီး ဆိုးပေးပါ မေမေဆိုရင် ဆိုးပေးလိုက်ရအောင်နော်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 16/08/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။