နည်းပညာတိုးတက်လာတဲ့ ခေတ်ကြီးထဲမှာ အစားအစာတွေကို ရက်ရှည်လများ ကြာရှည်ခံ၊ အထားခံအောင် ဓါတုဗေဒနည်းပညာတွေ အသုံးပြုတာတွေ အရင်ကထက် ပိုများလာပါတယ်။ တာရှည်ခံအစားအစာတွေမှာ ပုံမှန် အစားအစာတွေထက် ဆီ၊ ဆား၊ သကြား ပါဝင်မှုပိုများလာတဲ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်စေပါဘူး။ ဒါပေမယ့်လည်း ဒီလို ကြာရှည်ခံအောင် စီမံထားတဲ့ အစားအစာတွေကို ကလေးတွေက ပိုပြီး သဘောကျနှစ်ခြိုက်တတ်ကြပါတယ်။
တာရှည်ခံအစားအစာလို့ ဆိုရမှာ ကြက်အူချောင်း၊ ဝက်သားလုံး အစရှိသဖြင့် အေးခဲထားတဲ့ အစားအစာတွေ၊ စည်သွပ်ဘူးထဲ ထည့်ပြီး သိုလှောင်ထားတာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဓါတုဗေဒနည်းလမ်းတွေကို အသုံးပြုပြီး အခြောက်ခံ၊ ကြော်လှော်ပြီး ထုတ်ပိုးထားတဲ့ စားစရာတွေ၊ နို့ဘူး၊ ဖျော်ရည်ဘူး အစရှိသည်တို့ ပါဝင်ပါတယ်။
ကြက်အူချောင်းလိုမျိုး တာရှည်ခံအစားအစာတွေကိုတော့ ယမ်းစိမ်းပါတဲ့ အစားအစာအနေနဲ့လည်း သိထားကြပါတယ်။ ဒီလိုစားစရာတိုင်းကတော့ ကျန်းမာရေးနဲ့ မညီညွတ်တာ မဟုတ်ပေမဲ့ ဆီ၊ ဆား၊ သကြားတွေကို အများဆုံးပါဝင်ထည့်သွင်းထားပြီး ကြာရှည်ခံစေဖို့ ဓါတုဗေဒနည်းပညာတွေနဲ့ ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် မစားတာ အကောင်းဆုံးပါပဲ။
ကလေးတွေက ယမ်းစိမ်းပါတဲ့ တာရှည်ခံအစားအစာတွေကို ဘာလို့ ကြိုက်ကြတာလဲ။
ကလေးအများစုက အာဟာရရှိတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေထက် အရသာပိုထူးကဲတဲ့ ကြက်အူချောင်း၊ အာလူးကြော်တွေကို ပိုပြီး ကြိုက်ကြတာ သဘာဝပါပဲ။ ဆီ၊ ဆား၊ သကြားပိုထည့်ထားတဲ့ အရသာပိုကောင်းမွန်တယ်။ အချိန်သိပ်မကုန်ပဲ ချက်ပြုတ်ရတာ လွယ်ကူတော့ ဟင်းချက်ရတဲ့ မေမေတွေအနေနဲ့လည်း ထမင်းဘူးထဲ အလွယ်တကူပဲ ကြော်ပြီး ထည့်ပေးလိုက်ကြတယ်။
ကလေးတွေက ဒီလိုတာရှည်ခံအစားအစာတွေကို စွဲလမ်းစိတ် ဖြစ်သွားတဲ့အခါမှာ လူကြီးတွေအနေနဲ့လည်း အာဟာရြဖစ်စေတဲ့ အစားအစာတွေကို ကျွေးရတာ ပိုပြီး အခက်အခဲဖြစ်သွားစေနိုင်ပါတယ်။ မှားယွင်းတဲ့ နေထိုင်စားသောက်မှုပုံစံကြောင့် အာဟာရမပြည့်ဝပဲ ကြီးပြင်းလာရတဲ့ ကလေးတွေမှာ တခြားကလေးတွေထက် ရောဂါပိုပြီး ဖြစ်နိုင်တဲ့အပြင် စာမလိုက်နိုင်တာ၊ အရိုးအားနည်းတာ၊ ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာအလုပ်မလုပ်နိုင်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒီလိုအစားအစာတွေဟာ ကလေးတွေကို နောက်ထပ်ပိုစားချင်စိတ် ဖြစ်လာစေအောင် ဆွဲဆောင်နိုင်တဲ့အတွက် ကလေးတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အဝလွန်ရောဂါ ဖြစ်လာတယ်။ အာဟာရချို့တဲ့လာတယ်။ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးတွေအနေနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ကင်ဆာ အစရှိတဲ့ ရောဂါတွေပါ ဝင်လာနိုင်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။
တာရှည်ခံအစားအစာတိုင်း ကျန်းမာရေးနဲ့ မညီညွတ်တော့ဘူးလား
ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတိုင်းကတော့ ကျန်းမာရေးကို ထိခိုက်စေတာ မဟုတ်ပါဘူး။ နို့ဘူးတွေမှာဆိုရင် နို့ထဲမှာ ပါဝင်တဲ့ ဘေးဥပါဒ်ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေကို သတ်မှတ်ထားတဲ့ အပူချိန်တစ်ခုအထိ အပူပေးပြီး ပိုးသတ်ပြီးမှ သိုလှောင်ထားတာ ဖြစ်လို့ စိတ်ချစွာ သောက်သုံးလို့ ရပါတယ်။
အစားအစာတိုင်းကတော့ “တန်ဆေး လွန်ဘေး” ပါပဲ။ တတ်နိုင်ရင်တော့ ကလေးတွေကို တာရှည်ခံအစားအစာမျိုးတွေ မကျွေးပဲ အာဟာရလည်းဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီညွတ်စေတဲ့ အစားအစာတွေကို ကိုယ်တိုင် အိမ်မှာ ချက်ပြုတ်ပြီး ကျွေးတာအကောင်းဆုံးပါပဲ။
[embed-health-tool-vaccination-tool]