brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နို့တိုက်မေမေတွေ သိချင်နေမယ့် ဖြစ်ပါ့မလား..... များစွာ

နို့တိုက်မေမေတွေ မှာ မေးချင်နေမယ့် မေးခွန်းတွေက တစ်ခုမက အများကြီးရှိနေမယ်ဆိုတာ အသေအချာပါ။ ဘယ်လိုတွေနေထိုင်မှ ဘေဘီလေးကျန်းမာမလဲဆိုပြီး သိချင်နေတဲ့ မေးခွန်းလေးတွေရှိနေမယ်ဆိုတာက ပြောနေစရာတောင်မလိုအောင်ပါ။ ဒီမေးခွန်းလေးတွေကို အဖြေထုတ်ရခက်နေတယ်ဆိုရင် ဒီဆောင်းပါးလေးထဲမှာကြည့်လိုက်နော် မေမေတို့ရေ…..

နို့တိုက်မေမေတွေ သိချင်နေမယ့် ဖြစ်ပါ့မလား..... များစွာ

နို့တိုက်မေမေတွေ မေးချင်နေမယ့် မေးခွန်းတွေရဲ့ အဖြေတွေ

နို့တိုက်နေရတယ်။

အားဆေးသောက်လို့ ဖြစ်ပါ့မလား….

ရပါတယ်။ ဒါပေမယ့် ဆရာဝန် ညွှန်ကြားတဲ့အတိုင်းသောက်ဖို့တော့ လိုမှာပေါ့။ အားဆေးလည်းသောက် အာဟာရလည်း ပြည့်ဝမျှတအောင်စားပေးတာက မေမေရော ဘေဘီလေးကိုပါ ကျန်းမာစေနိုင်မှာပါ။

ဖြည့်စွက်အားဆေးတွေ စားလို့ဖြစ်ပါ့မလား……

စားလို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန်က သောက်သုံးခဲ့တဲ့ ဖြည့်စွက်အားဆေးတွေကို ကလေးမွေးပြီး ၆ လကြာတဲ့အထိ သောက်သုံးပေးလို့ရပါတယ်။

အသားအရေ၊ ဆံသား နဲ့ လက်သည်းခြေသည်းတွေအတွက် ဗီတာမင်အားဆေးသောက်လို့ ဖြစ်ပါ့မလား…..

ဒါကတော့ မဖြစ်ဘူးလို့ပြောပါရစေ။ အကြောင်းကတော့ ဒီအားဆေးတွေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင် B အမျိုးအစားဖြစ်တဲ့ biotin ပါဝင်နေပါတယ်။ ဒီ biotin ပမာဏ အရမ်းများတာက ဘေဘီလေးကို ထိခိုက်စေနိုင်ပါတယ်။

ရေများများသောက်လို့ ဖြစ်ပါ့မလား….

ဖြစ်ပါတယ်။ ရေဓာတ်ပြည့်ဝမှုက လူတိုင်းအတွက်လိုအပ်သလို နို့တိုက်မေမေ အတွက် ပိုလိုအပ်ပါမယ်။ ရေကို ဆာတိုင်းသောက်ပေးပါ။ ဒါက မေမေ့ကို ရေဓာတ်ပြည့်ဝစေပြီး ဘေဘီလေးကို နို့ဝစေမှာပါ။

ကယ်လ်လိုရီများများစားဖို့ လိုမလား……

နို့တိုက်နေရတယ်ဆိုတာနဲ့ ကယ်လ်လိုရီကို အများကြီးပိုစားဖို့တော့ မလိုပါဘူး။ တစ်နေ့ကို ကယ်လ်လိုရီပမာဏ ၂၅၀၀ ကနေ ၃၀၀၀ လောက်စားပေးရင်ကို လုံလောက်တဲ့ ကယ်လ်လိုရီပမာဏကို ရပြီဖြစ်တာကြောင့် အများကြီးပိုစားဖို့ မလိုအပ်ပါဘူး။

လက်ဖက်ရည်၊ ကော်ဖီသောက်လို့ ဖြစ်ပါ့မလား…..

မဖြစ်ပါဘူး။ ကဖင်းက မေမေ့ကိုရော ဘေဘီလေးကိုပါထိခိုက်စေနိုင်တဲ့အချက်တွေက အများကြီးပါ။ ကလေးရဲ့ အိပ်စက်မှုကစလို့ ဦးနှောက် နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လက်ဖက်ရည်၊ကော်ဖီ၊ လက်ဖက်သုပ်တို့ကို မစားတာအကောင်းဆုံးပါ။

အယ်လ်ကိုဟော သောက်လို့ ဖြစ်ပါ့မလား……

မရပါဘူး။ အယ်လ်ကိုဟောက သွေးထဲမှာ အချိန်အတော်ကြာနေနိုင်တာကြောင့် ဘေဘီလေးကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက ဖွံ့ဖြိုးစ ဘေဘီလေးရဲ့ အသည်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်မေမေတစ်ယောက်အနေနဲ့ ဘေဘီလေးနို့မပြတ်မချင်း အယ်လ်ကိုဟောနဲ့ ကင်းကင်းနေပါတယ်။

အချိုရည်သောက်လို့ ဖြစ်ပါ့မလား……

အချိုရည်တွေက နို့တိုက်မေမေရှောင်ရမယ့် အရာတွေထဲကတစ်ခုပါ။ အချိုရည်သောက်ချင်တယ်ဆိုရင် သစ်သီးတွေကို ဖျော်ပြီးသောက်ပေးတာ အကောင်းဆုံးပါ။ အချိုရည်တွေက ဘေဘီလေးရဲ့ အစာခြေစနစ်အပေါ်သက်ရောက်မှုရှိနိုင်လို့ပါ။

ဆံပင်ပြုပြင်မှုတွေလုပ်လို့ ဖြစ်ပါ့မလား…..

ဆံပင်ညှပ်တာကတော့ ရပေမယ့်၊ ဆံပင်ဆေးဆိုးတာ။ ဆံပင်ဖြောင့်တာ၊ ကောက်တာတွေတော့ မလုပ်သင့်ပါဘူး။ ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ဘေဘီလေးနဲ့ မသင့်တော်ပါဘူး။

ရေမွှေးသုံးလို့ ဖြစ်ပါ့မလား……..

ရေမွှေးတွေက သဘာဝအနံ့တွေဆိုရင်တောင် ဓာတုပစ္စည်းပါဝင်နေပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ မသုံးတာအကောင်းဆုံးပါ။ ရေမွှေးတင်မဟုတ်ပါဘူး ချိုင်းချွေးနံပျောက်ဆေးတွေကလည်း အဆင်မပြေပါဘူး။

အပူအစပ်တွေစားလို့ ဖြစ်ပါ့မလား….

အူအစပ်မပါဘဲ အစားစားရတာ အဆင်မပြေရင်တောင် နို့တိုက်နေချိန်မှာ ဘေဘီလေးကို ငဲ့ပြီး မစားပါနဲ့။ ဘေဘီလေးကို လေနာတာအပါအဝင် အစာခြစနစ် ပြဿနာတွေဖြစ်စေနိုင်လို့ပါ။

ဒါကြောင့် နို့တိုက်မေမေတစ်ယောက်အနေနဲ့ ဒီအချက်လေးတွေကို သတိထားလို့ ကိုယ်တိုင်ရော ဘေဘီလေးပါ ကျန်းမာပျော်ရွှင်နေစေဖို့ ဂရုစိုက်ကြဖို့ တိုက်တွန်းပါရစေ။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 04/10/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။