backup og meta

ဘေဘီလေးတွေ လည်ပင်း က အရေပြားလောင်နာတွေကို ဒီလိုသက်သာအောင်လုပ်ပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Aye Thi Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေ လည်ပင်း က အရေပြားလောင်နာတွေကို ဒီလိုသက်သာအောင်လုပ်ပေးပါ

    ကလေး လည်ပင်း တဝိုက်မှာ အနီရောင် အကွက်လေးတွေတွေ့တယ်။ ဘာဖြစ်တာလဲမသိဘူး။ စိုးရိမ်ရလား သိချင်မိတယ်လို့များ ဖြစ်နေပြီလား။ပြောပြမယ်နော်။

    ကလေး လည်ပင်းတဝိုက် အရေပြားနီမြန်းခြင်း

    ကလေး လည်ပင်း အရေပြားအရစ်လေးတွေမှာ အနီရောင်အကွက်လေးတွေဖြစ်နေတယ်၊ အရေပြားလေးတွေလန်နေတယ်။ အဖုအပိမ့်လေးတွေ ဖြစ်နေတယ်။ ခပ်နွေးနွေးဖြစ်နေတယ်ဆိုရင်တော့ အရေပြားလောင်တာပါ။ ကလေးလေးတွေ မွေးစအရွယ်ကနေ ၆ လလောက်အရွယ်တွေမျာ အများဆုံးဖြစ်တတ်ကြပါတယ်။ ကလေးလည်ပင်းတဝိုက် အရေပြားရောင်ရမ်းရတဲ့အကြောင်းအရင်းတွေထဲမှာ မိတ်ပေါက်တာကနေစလို့ မှိုပိုကူးစက်တာအထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။

    ဒီအရေပြားပြဿနာက အရေပြားနီမြန်းရုံတင်မကပါဘူး။ ယားယံတာ၊ အရေပြားအဖတ်လန်တာမျိုးတွေအထိ ဖြစ်နိုင်ပါတယ်။ နို့တွေစို့တဲ့ကလေးလေးက နို့တွေ အရမ်းစို့မိပြီး လည်ပင်းပေါ်စီးကျရာကနေ အရေပြားလောင်နိုင်သလို ချွေးကြောင့် အရေပြားလောင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ မိတ်နဲ့ အခြားအရေပြားထိခိုက်စေတဲ့ အရာတွေကြောင့်လည်း အရေပြားနီမြန်းရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

    လည်ပင်း အရေပြား နီမြန်းမှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ

    ဒီအချက်တွေကြောင့် ကလေးရဲ့ လည်ပင်းတဝိုက်မှာ အရေပြားနီမြန်းတာတွေဖြစ်နိုင်ပါတယ်။

    မိတ် -နွေပူတဲ့အခါ အများဆုံးဖြစ်တတ်ပါတယ်။ အပူချိန်မြင့်တာကြောင့် ခန္ဓာကိုယ်မှာချွေးတွေထွက်လာပြီး လည်ပင်းက တွန့်ခေါက်နေတဲ့ အရေပြားအောက်မှာချွေးဝပ်ရာကနေတဆင့် မိတ်တွေထွက်လာရတာပါ။ ဒီလိုမျိုးဖြစ်တဲ့အခါ လည်ပင်းတဝိုက်မှာ အနီရောင်အကွက်လေးတွေဖြစ်လာပြီး အရေပြားကယားယံလာပါတယ်။

    နို့တွေစီးကျတာကြောင့်ဖြစ်တာ – နို့တိုက်အရွယ် ကလေးတွေမှာ အများဆုံးဖြစ်တာပေါ့နော်။ ကလေးက နို့ကို အငမ်းမရသောက်တဲ့အခါ နို့တွေက ပါးစပ်အပြင်ဘက်ကို စီးကျလာပြီး လည်ပင်းအရေပြားအတွန့်တွေအောက်ကို ရောက်သွားရာကနေ မသုတ်ပေးဘဲ ထားမိတာကြောင့်ဖြစ်ဖြစ်၊ သေချာပြောင်အောင် မသုတ်ပေးမိတာကြောင့်ဖြစ်ဖြစ် အရေပြားလောင်ရတာပါ။

    မှိုပိုးကူးစက်တာ – ပတ်ဝန်းကျင်မျာရှိနေတဲ့ ဖုန်မှုန့်တွေကြောင့် ကလေးရဲ့ လည်ပင်းအရေပြားမှာ မှိုပိုးတွေ ဝင်ရောက်ကူးစက်မှုတွေကြောင့်လည်း ကလေးရဲ့ လည်ပင်းအရေပြားတဝိုက် နီမြန်းရောင်ရမ်းနိုင်ပါတယ်။ ကလေးရဲ့ လည်ပင်းအရေပြားအတွန့်အခေါက်လေးတွေအောက်ကချွေးကြောင့် အစိုဓာတ်အမြဲရှိနေတဲ့အတွက် မှိုပိုးတွေပေါက်ဖွားရှင်သန်ဖို့ အကောင်းဆုံး ခိုလှုံရာဖြစ်နေပါတော့တယ်။

    အရေပြားရောင်ရမ်းမှုဖြစ်တာ – ကလေးလေးတွေက ခေါင်းမထောင်နိုင်တဲ့အခါ လည်ပင်းအရေပြားက အတွန့်အခေါက်လေးတွေက တစ်ခုနဲ့ တစ်ခုပွတ်တိုက်မိနေနိုင်ကြပါတယ်။ နောက်တစ်ခုက အင်္ကျီနဲ့ပွတ်တိုက်မိတာပါ။ ဒီလိုပွတ်တိုက်မှုကနေတဆင့်လည်း ကလေးရဲ့လည်ပင်းအရေပြားနီမြန်းရောင်ရမ်းပြီး အနီရောင်အကွက်လေးတွေဖြစ်လာနိုင်ပါတယ်။

    ဘယ်လိုကာကွယ်မလဲ

    • ကလေးကို ပုံမှန်ရေချိုးပေးပါ
    • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်ပါ။
    • အဝတ်အစားတွေကို ချည်သားနူးနူညံ့ညံ့လေးတွေ ဝယ်ပေးပါ။
    • ကလေး အဝတ်အစားအသုံးအဆောင်တွေကို ပိတ်စကြမ်းကြမ်းကြီးတွေ မသုံးပါနဲ့။
    • ကလေးလည်ပင်းတဝိုက်ကို ခြောက်သွေ့အောင်ထားပါ။
    • ကလေးကို အေးမြပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ထားပေးပါ။
    • ချွေးတွေ၊ နို့တွေရှိနေရင် ချက်ချင်းသုတ်ပေးပါ။

    ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ

    များသောအားဖြင့်ကတော့ ပုံမှန်လုပ်ပေးနေကျ ကလေးရဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ပိုဂရုစိုက်ပေးရုံနဲ့ သက်သာသွားတတ်ကြပါတယ်။

    • ကလေးရဲ့ လည်ပင်းတဝိုက်ကို ပုံမှန်သန့်ရှင်းရေးလုပ်ပေးတာ
    • တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်တာ
    • ကလေးကို ချည်သားနူးနူးညံ့ညံ့လေးတွေ ဝတ်ဆင်ပေးတာ
    • အဝတ်စားတွေလျှော်ပေးတဲ့အခါ အပြင်းစားဆပ်ပြာမှုန့်တွေကို အသုံးမပြုတာ
    • လည်ပင်းတဝိုက်ကို အုန်းဆီလူးပေးတာ
    • ရေနွေးနွေးလေးနဲ့ရေချိုးပေးတာ
    • ကလေးပေါင်ဒါမှုန့် သုံးပေးတာမျိုးက အဆင်ပြေထိရောက်မှာပါ။

    ဒီလိုမဟုတ်ဘဲ ပိုဆိုးလာတယ်ဆိုရင်၊ ပိုးဝင်ကူးစက်တယ်လို့ သံသယရှိတယ်ဆိုရင် ကလေးဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Aye Thi Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement