backup og meta

ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်း

ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းခြင်း

လေပြွန်ရောင်ရမ်းတာက အရွယ်ရောက်ပြီးသူတွေမှာပဲ ဖြစ်တတ်တာမဟုတ်ပါဘူး။ ဘေဘီလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းတဲ့အကြောင်းကို ပြောပြပေးချင်ပါတယ်။

လေပြွန်ရောင်ရမ်းခြင်းဆိုတာ ဘာလဲ……………

လေပြွန်ရောင်ရမ်းခြင်းဆိုတာ လေပြွန်လို့ခေါ်တဲ့ အသက်ရှူလမ်းကြောင်းမှာပါဝင်နေတဲ့ လေပြွန်ရောင်ရမ်းတာပါ။ ဘေဘီလေးမှာဖြစ်တဲ့ လေပြွန်ရောင်ရမ်းတာက ပြင်းထန်တဲ့အမျိုးအစားပါ။

လေပြွန်ရောင်ရမ်းခြင်းကို ဘာကများဖြစ်စေတာလဲ………

ပြင်းထန်တဲ့ လေပြွန်ရောင်ရမ်းခြင်းက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ များသောအားဖြင့်ကတော့ အဖျားဝင်ပြီးနောက်မှဖြစ်တာပါ။ ကလေးတွေကို လေပြွန်ရောင်စေနိုင်တဲ့အရာတွေကတော့

  • ဓာတ်မတည့်မှု
  • ဖုန်မှုန့်တွေ
  • ဆေးလိပ်ငွေ့ တို့လိုမျိုးအရာတွေက လေပြွန်ရောင်ရမ်းမှုတွေကိုဖြစ်စေနိုင်ပါတယ်။ ပန်းနာရင်ကျပ်ကြောင့်လည်း လေပြွန်ရောင်ရမ်းနိုင်ပါတယ်။

ဘယ်လိုလက္ခဏာတွေရှိလဲ…………..

လေပြွန်ရောင်တဲ့လက္ခဏာက တစ်ယောက်နဲ့တစ်ယောက်မှာ မတူနိုင်ပါဘူး။ ဒါပေမယ့် များသောအားဖြင့်ကတော့

  • နှာစေးမယ်
  • အဖျားငွေ့ငွေ့လေးရှိမယ်
  • မအီမလည်ဖြစ်မယ်
  • လည်ချောင်းနာမယ်
  • ကြွက်သားတွေ နာကျင်ကိုက်ခဲမယ်
  • ချောင်းဆိုးမယ် စတဲ့ လက္ခဏာတွေခံစားရနိုင်ပါတယ်။ ချောင်းဆိုးတယ်ဆိုတဲ့နေရာမှာ ချောင်းခြောက်ဆိုးနိုင်သလို အစိမ်းရောင် ဒါမှမဟုတ် အဝါရောင်ချွဲတွေဖြစ်နိုင်ပါတယ်။ လေပြွန်မှာ ချွဲတွေပိတ်နေတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘေဘီလေးက အသက်ရှူရတာခက်နေမယ်။ အဖျားက တစ်ပတ်လောက်ကြာတဲ့အထိ မပျောက်ဘဲဖြစ်နေမယ်ဆိုရင်တော့ ဘေဘီလေးက လေပြွန်ရောင်နေတာပါ။

ဘယ်လိုသက်သာအောင်လုပ်ပေးမလဲ………..

ချောင်းဆိုးရင်းက အချိန်ကြာလာတဲ့အခါ ဘေဘီလေးက အသံတွေ အက်ကွဲနေမယ်၊ အသံတွေဝင်မယ်ဖြစ်လာပြီဆိုရင်တော့ လေပြွန်ရောင်ရမ်းနေပြီဖြစ်တာကြောင့် ဒီနည်းလမ်းလေးတွေကို လုပ်ပေးကြည့်စေချင်ပါတယ်။

အရည်များများတိုက်ပါ – ရေအပါအဝင် အရည်များများသောက်တာက လည်ချောင်းနာတာကို သက်သာစေနိုင်ပြီး ချွဲတွေပျော်စေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးကို ရေနွေးနွေးလေး တိုက်ပေးတာက အဆင်ပြေစေမှာပါ။

ကလေးကို မတ်မတ်လေးထားပေးပါ – ကလေးကို အနားယူစေတာက ခံစားနေရတဲ့ ဝေဒနာကို မြန်မြန်သက်သာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။ နှာခေါင်းပိတ်နေတဲ့အခါ ကလေးက အိပ်ဖို့ခက်ခဲတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့်ကလေးကို သိပ်တဲ့အခါ ခေါင်းကို ခပ်မြင့်မြင့်လေးထားပေးပါ။

ရေနွေးဝတ်ကပ်ပေးပါ – လေပြွန်ရောင်တဲ့အခါ ကလေးကို ရင်ဘတ်ထဲမှာ ခပ်ကျပ်ကျပ်ကြီးခံစားရစေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ချောင်းဆိုးလိုက်တိုင်း ရင်ဘတ်အောင့်တာမျိုးခံစားရစေနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ကလေးကိုသက်တောင့်သက်သာဖြစ်စေဖို့ ရင်ဘတ်ကို ရေနွေးဝတ်လေးကပ်ပေးလို့ရပါတယ်။

အစိုဓာတ်ထိန်းစက်ဖွင့်ထားပေးပါ – ရေနွေးနွေးလေးနဲ့ ရေချိုးပေးတာ ရေနွေးငွေ့ခံပေးတာ၊ အခန်းထဲမှာ အစိုဓာတ်ထိန်းစက်ဖွင့်ထားပေးတာက ကလေးကို လေပြွန်ရောင်ရမ်းတာ သက်သာစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်မှာပါ။

ဓာတ်မတည့်စေတဲ့အရာတွေကို ရှောင်ပါ – လေပြွန်ရောင်နေတဲ့ ကလေးနားမှာ ဆေးလိပ်သောက်တာမျိုး လုံးဝမဖြစ်သင့်ပါဘူး။ ဒါတွေက ကလေးရဲ့ အဆုတ်ကို ဝန်ပိစေပြီး သက်သာဖို့ အချိန်ကြာသွားနိုင်ပါတယ်။ ကလေးနေမယ့်အခန်းမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေ မရှိစေဖို့ ဂရုစိုက်ပါ။

ထိုက်သင့်တဲ့ ကုသမှုခံယူပါ – ကလေးက လေပြွန်ရောင်နေပြီဆိုရင် ဆရာဝန်နဲ့သွားပြပြီး ထိုက်သင့်တဲ့ကုသမှုခံယူဖို့ကလည်း မေ့ထားလို့မဖြစ်ပါဘူး။ ဒါကြောင့်ကလေးက အဖျားက ၂ ရက်လောက်ကြာတဲ့အထိမပျောက်ဘူးဖြစ်နေမယ်။ အသက်ရှူသံပြင်းနေမယ်ဆိုရင် ဆေးခန်းပြကြည့်ဖို့ ပြောပါရစေ။

ဘယ်လိုကာကွယ်မလဲ……..

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုထိရောက်ပါတယ်။ ဒီတော့ ဘေဘီလေးမှာ လေပြွန်ရောင်တာမျိုးမဖြစ်စေဖို့ဆိုရင်

  • ကလေးကို မချီခင်။ မထိတွေ့ခင်မှာ လက်ကိုသေချာလေးဆေးပါ။
  • အအေးမိနေတဲ့သူ၊ ဖျားနေတဲ့သူ၊နှာစေးတဲ့သူတွေကို ကလေးအနားမကပ်စေဖို့ သတိထားပါ။
  • ကလေးရဲ့ သောက်ရေခွက်ကစလို့ အသုံးအဆောင်တွေကို သီးသန့်ထားပါ။
  • အာဟာရပြည့်အောင် ကျွေးပါ။
  • အသက်အရွယ်အလိုက် ကာကွယ်ဆေးတွေ ထိုးပေးပါ။

[embed-health-tool-baby-poop-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Treating Bronchiolitis in Infants https://www.healthychildren.org/English/health-issues/conditions/chest-lungs/Pages/Treating-Bronchiolitis-in-Infants.aspx Accessed Date 13 February 2020

Bronchitis in children: Home remedies for kids https://www.childrens.com/health-wellness/bronchitis-home-remedies Accessed Date 13 February 2020

Home Remedies for Bronchitis: Maybe Your Mother Was Right? https://www.pediatricsconsultantlive.com/pediatric-asthma/home-remedies-bronchitis-maybe-your-mother-was-right Accessed Date 13 February 2020

ယခုပုံစံ

19/08/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

Bronchitis (လေပြွန်ရောင်ခြင်း)

Bronchiolitis (အဆုတ်လေပြွန်ငယ်များရောင်ရမ်းခြင်း )


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement