backup og meta

ကျွဲနို့ ကပေးတဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျွဲနို့ ကပေးတဲ့ ကျန်းမာရေး

    ပုံမှန်တော့ နွားနို့ကို အသောက်များကြပြီး ကျွဲနို့ကို သောက်သုံးမှုက နည်းပါတယ်။ ဒါပေမယ့် လုံးဝမသောက်မိဘူးလားဆိုတော့ မဟုတ်ပါဘူး။ ဒိန်ချဉ်တွေ၊ ဒိန်ခဲတွေစားမိတဲ့အခါမျိုးမှာ ကျွဲနို့ကို စားသုံးမိနိုင်ပါတယ်။ ဒီတော့ မေးချင်နေနိုင်တာက ကျွဲနို့ ကရော နွားနို့လိုပဲ အာဟာရရှိရဲ့လားဆိုတဲ့ ကိစ္စပါ။ ဒီအချက်ကို ဆောင်းပါးလေးထဲမှာ တိတိကျကျပြောပြပေးထားလို့ ဖတ်ကြည့်လိုက်ပါ။

    သောက်လို့ရတဲ့နို့တွေက ဘာတွေလဲ………..

    သောက်လို့ရတဲ့ နို့တွေက အမျိုးအစား တစ်မျိုးတည်းမကပါဘူး။

  • နွားနို့
  • ကျွဲနို့
  • ဆိတ်နို့
  • သိုးနို့
  • ကုလားအုတ်နို့
  • မြင်းနို့ တို့ပါ။
  • ကျွဲနို့ ဆိုတာ ဘာလဲ……….

    ကျွဲနို့ဆိုတာက နို့တိုက် သတ္တဝါဖြစ်တဲ့ ကျွဲကနေရတဲ့ နို့ပါ။ နေ့စဉ်သောက်သုံးမိနေတဲ့ ဒိန်ချဉ်။ နို့ နဲ့ နိ့ထွက်ပစ္စည်းတွေမှာ ကျွဲနို့က အထိုက်အလျောက်တော့ ပါဝင်နေပါတယ်။ မြန်မာနိုင်ငံမှာ ကျွဲနို့ကို နွားနို့လောက် မသောက်သုံးကြပေမယ့် အိန္ဒိယ နဲ့ ပါကစ္စတန်နိုင်ငံတို့မှာတော့ ကျွဲနို့ကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်သောက်သုံးမှုတွေရှိကြသလို တရုတ်၊ အီဂျစ် နဲ့ နီပေါနိုင်ငံတွေမှာလည်း နို့ထွက်ပစ္စည်းအများစုကို ကျွဲနို့ကနေ အဓိကထုတ်လုပ်ကြတာပါ။ အီတလီကနေထုတ်တဲ့ နိ့ထွက်ပစ္စည်းအများစုဟာလည်း ကျွဲနို့ကနေ ထုတ်ထားတာပါ။ ကျွဲနို့မှာ ပရိုတင်း ပါဝင်မှုမြင့်သလို အဆီပါဝင်မှုလည်းများပါတယ်။ ဒီအချက်တွေကပဲ အရသာကိုပိုတိုးသွားစေတာပါ။

    ကျွဲနို့ နဲ့ နွားနို့ကြားက ကွာခြားချက်

    ကျွဲနို့မှာ နွားနို့ထက် ပရိုတင်း၊ အဆီ နဲ့ နို့သကြားဓာတ်တွေပိုမိုပါဝင်နေပါတယ်။ အဆီပြည့်တဲ့ နို့တွေကိုသောက်သုံးတာက စိတ်ကျေနပ်မှုပိုရစေသလို ဗိုက်ပြည့်မှုကို ပိုခံစားရစေနိုင်ပါတယ်။ ဒီလို ပရိုတင်းပြည့်ဝတဲ့နို့သောက်သုံးမှုက တစ်နေ့တာမှာ အစားတသွတ်သွတ်မစားမိစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ ကျွဲနို့က နွားနို့ထက် ဗီတာမင် နဲ့ သတ္တုဓာတ်တွေလည်းပိုမိုပါဝင်နေပါတယ်။ ကျွဲနို့မှာ phosphoru၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် A တို့ကြွယ်ဝစွာပါဝင် နေပါတယ်။ ဘီတာကယ်လ်ရိုတင်း လည်းကြွယ်ဝစွာပါဝင်နေပါတယ်။ ကျွဲနို့က ရေပါဝင်မှုနည်းပြီး အဆီပါဝင်မှုများပါတယ်။

    ကျွဲနို့ ကပေးတဲ့ ကျန်းမာရေး

    လေ့လာမှုတွေအရကတော့ ကျွဲနို့ သောက်တာက ခန္ဓာကိုယ်အတွက် အများကြီး အကျိုးပြုနိုင်ပါတယ်။ ကျွဲနို့သောက်သုံးမှုကြောင့်

    အရိုးတွေ သန်မာမယ်

    ကျွဲနို့မှာ အရိုးတွေသန်မာစေဖို့ အဓိကလိုအပ်တဲ့ ကယ်လ်ဆီယမ်ကြွယ်ဝစွာပါဝင်နေပါတယ်။ နောက်တစ်ခုက နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါဝင်တဲ့ ပရိုတင်းဓာတ်တစ်မျိုးဖြစ်တဲ့ casein ကလည်း ၈၉ ရာခိုင်နှုန်းကျော်ပါဝင်နေပါတယ်။ ဒီလို အာဟာရဓာတ်တွေကြွယ်ဝမှုကပဲ အရိုးသိပ်သည်းဆကို ကောင်းစေပြီး အရိုးပွတာ၊ အရိုးပါးတာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝတယ်

    အခြားနို့ထွက်ပစ္စည်းတွေလိုပဲ ကျွဲနို့မှာလည်း ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝစွာပါဝင်နေပါတယ်။ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ နဲ့ bioactive  ဒြပ်ပေါင်းတွေက ခန္ဓာကိုယ်ကို ဓာတ်တ်ုးပစ္စည်းတွေကြောင့် ထိခိုက်မှုမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှုတစ်ရပ်အရ ကျွဲနို့မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ၅၆ ရာခိုင်နှုန်း ကနေ ၅၈ ရာခိုင်နှုန်းကြားပါဝင်တတ်ပြီး နွားနို့မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ၄၀ ရာခိုင်နှုန်း ကနေ ၄၂ ရာခိုင်နှုန်းကြားပါဝင်နေတတ်ပါတယ်။

    နှလုံး ကျန်းမာစေနိုင်တယ်

    ကျွဲနို့မှာ Beta-lactoglobulin နဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်နေမှုကပဲ သွေးပေါင်ချိန်ကို အကောင်းဆုံး ထိန်းညှိပေးပြီး သွေးကြောတွေတင်းနေတာမျိုးမဖြစ်အောင်အထေက်အပံ့ပေးပါတယ်။ သွေးစီးဆင်းမှုကို ကောင်းမွန်စေပြီး နှလုံးကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

    ကြီးထွားဖွံ့ဖြိုးမှုကို အားပေးတယ်

    ကျွဲနို့က နွားနို့ထက် ပရိုတင်း ပိုမိုကြွယ်ဝပါတယ်။ ပရိုတင်းက အရိုး နဲ့ ကြွက်သားတွေ အကောင်းဆုံးဖွံ့ဖြိုးစေဖို့ မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်ခုပါ။ ဒါကြောင့် ကျွဲနို့က ကြီးထွားဖွံ့ဖြိုးမှုကို အကောင်းဆုံး အထောက်အပံ့ပေးတယ်ဆိုတာ ထွေထွေထူးထူးပြောနေစရာ မလိုအောင်ပါ။

    ကိုယ်ခံအား ကောင်းစေနိုင်တယ်

    ဗီတာမင် A နဲ့ ဗီတာမင် C တို့ကကိုယ်ခံအားကောင်းစေဖို့ အဓိကဇာတ်လိုက်တွေပါ။ ကျွဲနို့မှာ ဒီအာဟာရဓတာ်တွေပြည့်ဝစွာပါဝင်နေမှုကလည်း ခန္ဓာကိုယ်ကို ကျန်းမာစေဖို့ အဓိကစောင့်ရှောက်ပေးတဲ့ ခံတပ်ကြီးဖြစ်တဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ကိုယ်ခံအားကောင်းစေဖို့ အရေးပါတဲ့ သွေးဖြူဥဆဲလ်တွေ ဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးနိုင်တာကြောင့် ဖျားနာမှုကင်းပြီး ကျန်းမာချင်တယ်ဆိုရင် ကျွဲနို့ သောက်သုံးပေးလို့ရပါတယ်။

    သွေးစီးဆင်းမှု ကောင်းစေတယ်

    သွေးအားနည်းရောဂါဆိုတာက သံဓာတ်အားနည်းမှုကြောင့်ဖြစ်ရတာပါ။ ကမ္ဘာ့လူဦးရေတော်တော်များများဟာ သံဓာတ်အားနည်းမှုကိုခံစားနေကြရပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပြီး သွေးနီဥဆဲလ်တွေကို အားကောင်းအောင်လုပ်ဆောင်ဖို့ပါ။ သွေးအားကောင်းတဲ့အခါ ​ခန္ဓာကိုယ်တွင်းမှာ သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်စေပြီး ကိုယ်တွင်းမှာ အောက်ဆီဂျင်ရောက်ရှိမှုကိုကောင်းမွန်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement