backup og meta

ကလေးကိုချစ်ရင် မနမ်းပါနဲ့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကိုချစ်ရင် မနမ်းပါနဲ့

    ချစ်လိုက်တာနော်။ အသည်းယားလာပြီ အာဘွားတွေလှိမ့်ပေးပစ်လိုက်မယ်ဆိုတာကို စကားအဖြစ်နဲ့ပဲပြောပါနော်။ ဘေဘီလေးကို တကယ်မနမ်းပါနဲ့။ ကလေးကိုနမ်းတာက ချစ်လို့လုပ်တဲ့ အပြုအမူဆိုပေမယ့် ကလေးကို ချစ်ရာမရောက်တာတော့ အမှန်ပါပဲ။ ဒီဆောင်းပါးလေးကနေတဆင့်ပြောချင်တာက ကလေးကို ကိုယ်တိုင်ရော သူစိမ်းတွေကနမ်းတာမျိုး မဖြစ်အောင်ပါ ဂရုစိုက်ပါနော်။

    ဘေဘီလေးကိုနမ်းမလို့လား…… မနမ်းပါနဲ့……….

    ကလေးကိုချစ်လို့နမ်းတာပဲလေ ဘာမှမဖြစ်လောက်ဘူးလို့ ထင်စရာရှိပါတယ်။ တကယ်တော့ အနမ်းတစ်ချက်က ကလေးကို အသက်အန္တရာယ်ထိခိုက်တာအထိဖြစ်စေနိုင်ပါတယ်နော်။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ အခုနောက်ပိုင်းကာလတွေမှာရောဂါတွေက ဆန်းပြားလာသလို တံတွေး၊ချွေးတို့ကနေတဆင့်လည်း အလွယ်တကူကူးစက်နိုင်ပါတယ်နော်။ဘေဘီလေးတွေက ကိုယ်ခံအားနည်းကြသလို နုနယ်လွန်းသေးတာကြောင့်ရောဂါပိုးတွေကို ခုခံနိုင်စွမ်းမရှိသေးတာမို့မေမေဖေဖေတို့က အစစအရာရာသတိထားပေးဖို့လိုမှာပါနော်။ ကလေးကိုမနမ်းခိုင်းရတဲ့အကြောင်းအရင်းတွေကတော့ အနမ်းကနေတဆင့် ကလေးကိုရောဂါပေးလိုက်မိသလိုဖြစ်မှာကြောင့်ပါနော်။

    ကလေးကိုနမ်းရင် ဘာတွေဖြစ်နိုင်လဲ

    ကလေးကို ချစ်လို့ပွေ့ချီရာကနေ နမ်းလိုက်မယ်ဆိုရင် ကလေးမှာရောဂါတွေကူးစက်သွားနိုင်မှာပါ။ အရေပြားကနေစလို့ ကိုယ်တွင်းအင်္ဂါတွေဆီအထိရောဂါပိုးတွေကူးစက်ခံရနိုင်ပါတယ်နော်။

    ရေယုန်

    ရေယုန်ပိုးရှိတဲ့လူကြီးတစ်ယောက်က ကလေးကိုနမ်းမိလိုက်မယ်ဆိုရင် ကလေးမှာရေယုန်ပေါက်တာမျိုးဖြစ်နိုင်ပါတယ်။ ကိုယ်တောင်မသိလိုက်ရဘဲ ကလေးကိုရေယုန်ဖြစ်စေတဲ့ ပိုးကူးစက်သွားနိုင်ပါတယ်နော်။

    ခံတွင်းအနာတွေ

    ကလေးကိုနမ်းတဲ့အခါ အထူးသတိထားသင့်တာတစ်ခုက ကလေးနှုတ်ခမ်းကို မနမ်းမိစေဖို့ပါ။ ခံတွင်းမျာ အနာရှိနေသူတစ်ယောက်ယောက်က ကလေးနှုတ်ခမ်းကို နမ်းလိုက်မိမယ်ဆိုရင် ကလေးကိုတံထွေးကနေတဆင့်ရောဂါပိုးကူးစက်သွားပြီး ကလေးမှာ ခံတွင်းအနာဖြစ်နိုင်ပါတယ်။

    သွားနဲ့ခံတွင်းပြဿနာ

    ကလေးကို နှုတ်ခမ်းကို နမ်းမိရာကနေ ခံတွင်းထဲကို တံထွေးဝင်သွားရာကနေတဆင့် ကလေးငယ်လေးမှာ သွားနဲ့ ခံတွင်းပြဿနာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် ကလေးကိုဖြစ်နိုင်ရင် မနမ်းပါနဲ့။

    တီဘီရောဂါ

    တီဘီရောဂါရှိနေသူက သူကိုယ်တိုင် မသိတဲ့အခြေအနေမျိုးဖြစ်နေမယ်။ ကလေးကိုနမ်းရှုတ်မိမယ်ဆိုရင် နုနယ်လွန်းတဲ့ကလေးက အလွယ်တကူပဲ တီဘီရောဂါကူးစက်သွားနိုင်ပါတယ်နော်။

    အသည်းရောင်အသားဝါရောဂါ

    အသည်းရောင်အသားဝါပိုးရှိနေသူက သိသာတဲ့လက္ခဏာသိပ်မတွေ့ရဘူးဆိုရင် ရှိလို့ရှိမှန်းတောင်သိဖို့ခက်မှာပါ။ ဒါကြောင့် အသည်းရောင်အသားဝါပိုးရှိသူက ကလေးကို နမ်းမိမယ်ဆိုရင် တံထွေး၊ချွေးတို့ကနေတဆင့် ကလေးကိုရောဂါကူးသွားနိုင်ပါတယ်နော်။

    အစာအိမ်ပိုးကူးစက်ခြင်း

    ရောဂါပိုးရှိနေတဲ့ လူကြီးတစ်ယောက်က ကလေးကိုနမ်းရှုတ်မိရာကနေ ကလေးမှာ အစာအိမ်ပိုးကူးစက်နိုင်ပါတယ်နော်။ အထူးသဖြင့်တော့ နှုတ်ခမ်းကိုနမ်းတာပေါ့။ နှုတ်ခမ်းကနေတဆင့် အစာခြေလမ်းကြောင်းတလျှောက်ဆင်းသွားပြီး ကလေး အစာအိမ်ထဲကိုရောက်သွားနိုင်ပါတယ်နော်။

    ကြက်ညှာချောင်းဆိုး

    ရောဂါရှိသူရဲ့ အနမ်းတစ်ချက်ကြောင့် ကလေးမှာ ကြက်ညှာချောင်းဆိုးဖြစ်နိုင်ပါတယ်နော်။ ဒါက ကလေးအတွက်တော်တော်အန္တရာယ်များတဲ့ အခြေအနေပါနော်။ ဒါကြောင့် သတိထားစေချင်ပါတယ်နော်။

    အဖျား

    ဖျားရတာက ဗိုင်းရပ်စ်ေကြာင့်ပါ။ပြီးတော့ ဒီဗိုင်းရပ်စ်ကလေထဲကနေတဆင့်တောင် ကူးစက်နိုင်တာပါ။ ဖျားချင်သလိုလိုဖြစ်နေတဲ့သူတစ်ယောက်ယောက်ကများကလေးကို နမ်းလိုက်မိမယ်ဆိုရင် ကလေးကို အဖျားပေးသလိုဖြစ်သွားမှာပါ။ ကိုယ်ခံအားလည်း နုနယ်လွန်းတဲ့ကလေးတစ်ယောက်အဖို့ ဖျားတာကတော်တော်လေးခံရခက်တဲ့ပြဿနာတစ်ခုပါနော်။ ဒါကြောင့် ကလေးကို ဂရုစိုက်ပေးပါ။

    ဒါကြောင့်ကလေးကိုဖြစ်နိုင်ရင် ကိုယ်တိုင်လည်း မနမ်းမိအောင်သတိထားပြီး အခြားသူတွေကိုလည်းပေးမနမ်းဖို့ ပြောပါရစေ။ ကလေးတွေက ကာကွယ်ဆေးတွေလည်း အပြည့်အဝမထိုးရသေး၊ ကိုယ်ခံအားကလည်း ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် အစစအရာရာကို သတိထားဖို့ပြောပါရစေနော်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement