brand logo
Discover
Health Tools
Communities

Share

ကလေးတွေ အစာခြေစနစ်ကျန်းမာစေမယ့် Prebiotic တွေဘယ်ကရနိုင်လဲ

Prebiotic ဆိုတာဘာလဲ မပြောခင် Probiotic အကြောင်းကို မေမေတို့အရင်သိမှဖြစ်ပါမယ်။ ဒါမှ သူတို့တွေက ကလေးကျန်းမာရေးအတွက် ဘယ်လိုအရေးပါလဲဆိုတာ နားလည်ကြမှာပေါ့။ လူ့ခန္ဓါကိုယ်ရဲ့အစာခြေစနစ်ထဲမှာ Probiotics လို့ခေါ်တဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေက စစ်သည်တွေလိုမျိုး ရောဂါပိုးတွေကိုခုခံကာကွယ်ပေးကြပါတယ်။ အဲဒီ ဘက်တီးရီးယားလေးတွေ အလုံအလောက်ရှင်သန်နိုင်ဖို့ အားဖြည့်ပေးတဲ့အာဟာရကတော့ Prebiotic လို့ခေါ်ပါတယ်။

ကလေးတွေ အစာခြေစနစ်ကျန်းမာစေမယ့် Prebiotic တွေဘယ်ကရနိုင်လဲ

အာဟာရဆိုပေမယ့် Prebiotic ဆိုတာ စားချလိုက်တဲ့အခါ ချေဖျက်လို့မရတဲ့အမျှင်ဓါတ်တစ်မျိုးဖြစ်ပြီး အကျိုးပြုဘက်တီးရီးယားတွေကို အားဖြည့်ပေးတဲ့အတွက် အစာခြေစနစ်ကျန်းမာရေးအတွက်တကယ်ကိုကောင်းပါတယ်။ ကိုယ့်ကလေးတွေ ကျန်းမာဖို့ဆိုတာ အစာအာဟာရတွေပြည့်ဝအောင်ဖန်တီးပေးနိုင်ဖို့၊ အာဟာရဓါတ်တွေစုပ်ယူနိုင်စေဖို့၊ ခွန်အားတိုးဖွံ့ဖြိုးစေဖို့ မေမေတို့အဓိက ပူပန်ကြတာမဟုတ်လား။

ဒီလိုအရေးပါတဲ့အကျိုးပြုဘက်တီးရီးယားဓါတ်စာ Prebiotic ကို ဘယ်အစာအာဟာရတွေကရနိုင်မလဲ၊ ကိုယ့်ကလေးအစာအာဟာရမှာ ဘယ်လိုထည့်သွင်းမလဲဆိုတာ ဆက်ပြီးဖတ်ကြည့်နော်။ Prebiotic ရနိုင်မယ့် အစားအစာတွေက –

ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့အမျှင်ဓါတ် ၁၁ ရာခိုင်နှုန်းလောက်က inulin ဖြစ်ပြီး သဘာဝ Prebiotic ဖြစ်တဲ့ fructooligosaccharides (FOS) လည်းပါဝင်ပါတယ်။ Prebiotic အာနိသင်ရှိတဲ့ ကြက်သွန်ဖြူက အကျိုးပြုဘက်တီးရီးယား Bifidobacteria တွေကို အားပေးထောက်ပံ့ပြီး ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ကြက်သွန်ဖြူက နှလုံးရောဂါကာကွယ်တယ်၊ ကင်ဆာကာကွယ်တယ်၊ပန်းနာရင်ကျပ်သက်သာစေတယ်ဆိုတဲ့ အာနိသင်တွေလည်းရှိပါတယ်။ ဒါ့ကြောင့်မို့ ငယ်ငယ်က လူကြီးတွေ ကြက်သွန်ဖြူမီးဖုတ်ကျွေးခဲ့တာဖြစ်မယ်နော်။

ကြက်သွန်နီ

ကြက်သွန်နီဟာ မြန်မာဟင်းတိုင်းမှာ မပါမဖြစ်အမယ်တစ်ခုဖြစ်ပါတယ်။ သူဟာလည်း အမျှင်ဓါတ်ပါဝင်မှုရဲ့ ၁၀ ရာခိုင်နှုန်းမှာ inulin ပါဝင်ပြီး FOS ကတော့ ၆ ရာခိုင်နှုန်းပါဝင်ပါတယ်။FOS က အူတွင်းကျန်းမာရေးကိုကောင်းစေပြီး အဆီကိုချေဖျက်တယ်၊ ဆဲလ်တွေအတွင်း နိုက်ထရစ်အောက်ဆိုက်ထုတ်လုပ်မှုပိုများစေပြီး ကိုယ်ခံအားကိုကောင်းစေတယ်။ ကလေးအတွက်ကတော့ ဟင်းထဲကနေပဲ ရနိုင်ပါတယ်။

ကြက်သွန်မြိတ်

ခုနက ပြောခဲ့တဲ့နှစ်မျိုးလုံးနဲ့ ဆိုင်တဲ့ ကြက်သွန်မြိတ်ဟာ အလားတူအကျိုးအာနိသင်တွေရှိပါတယ်။ ဒါပေမယ့်သူ့မှာ inulin အမျှင်ဓါတ်က ၁၆ ရာခိုင်နှုန်းအထိပါဝင်တဲ့အပြင် flavonoids ဓါတ်တွေကြွယ်ဝလို့ ဓါတ်တိုးဆန့်ကျင်အာနိသင်လည်း ပြည့်ဝပါတယ်။

ကညွတ်

ကညွှတ်ကတော့ ကလေးတွေကို ကျွေးဖို့ပိုလွယ်ကူနိုင်မယ့် ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ prebiotics ကြွယ်ဝလို့ နူးအောင်ကြော်ချက်ပြီး ကလေးကို ဒီတိုင်းကျွေးလို့တောင်ရပါတယ်။ ၁၀၀ ဂရမ် ကညွှတ်တစ်ပန်းကန်စာမှာ inulin က ၂/၃ ဂရမ် ပါဝင်နိုင်ပါတယ်။

ငှက်ပျောသီး

ငှက်ပျောသီးဆို ပိုတောင်အဆင်ပြေသေးတယ်။ ကလေးကိုကျွေးရင် ဗီတာမင်နဲ့သတ္တုဓါတ်တွေအပြင် အမျှင်ဓါတ်တွေလည်းရမယ်။ inulin ပမာဏအနည်းငယ်သာပါတယ်ဆိုပေမယ့် ငှက်ပျောသီးအစိမ်းမှာ resistant starch လို့ခေါ်တဲ့ ဓါတ်မြင့်မားပြီး prebiotic လို အလားတူ အာနိသင်မျိုး အကျိုးကျေးဇူးရနိုင်ပါတယ်။ ငှက်ပျောသီးမှာပါတဲ့ အမျှင်ဓါတ်ဟာ အစာခြေစနစ်ကို ကျန်းမာစေပြီး လေပွခြင်းကို သက်သာစေပါတယ်။

အုတ်ဂျုံရဲ့ prebiotic အာနိသင်တွေက အရမ်းကိုအကျိုးပြုပါတယ်။ beta-glucan အမျှင်ဓါတ်တွေ ပါဝင်မှုများတဲ့အပြင် resistant starch လည်း ပါဝင်ပါသေးတယ်။ beta-glucan ဟာ အစာခြေစနစ်ကို ကျန်းမာစေတယ်၊ ကိုလက်စထရောတွေကျစေတယ်၊ သွေးတွင်းသကြားဓါတ်ကိုထိန်းပေးတယ်လို့ လေ့လာတွေ့ရှိထားကြပါတယ်။

ပန်းသီး

ချိုမွှေးတဲ့ ပန်းသီးကို ကလေးတိုင်းကြိုက်ပါတယ်။ ပန်းသီးရဲ့အမျှင်ဓါတ်ပါဝင်မှုမှာ Pectin က ၅၀ ရာခိုင်နှုန်းပါဝင်ပါတယ်။ Pectin ဆိုတဲ့ဓါတ်က prebiotic အာနိသင်ရှိပြီး butyrate လို့ခေါ်တဲ့ fatty acid တစ်မျိုးကို ပမာဏတိုးစေပါတယ်။polyphenol ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်းပါဝင်မှုများလို့ ဒါတွေအားလုံးပေါင်းလိုက်တဲ့အခါ အစာခြေစနစ်အတွက် အကျိုးပြုသက်ရောက်မှုက ကြီးမားလာတာပေါ့။

ဖြည့်စွက်အာဟာရ

အပေါ်က အစားအစာတွေကနေ prebiotic ရရှိနိုင်တာမှန်ပေမယ့် မေမေတို့ရဲ့ရင်နှစ်သည်းခြာလေးတွေက ဘယ်လောက်များများစားနိုင်မှာတဲ့လဲ။ သူတို့စားတဲ့အတိုင်းအတာကနေ prebiotic ကို လုံလောက်အောင်ရနိုင်ပါ့မလား၊ မရနိုင်ရင် probiotic တွေကိုရော အားဖြည့်နိုင်ပါ့မလား။ အစားအသောက်ကနေ လုံလောက်အောင်မရနိုင်ဘူးလို့ သံသယရှိနေရင် prebiotic တွေ၊ ဗီတာမင်၊ သတ္ထုဓါတ်၊ မရှိမဖြစ်လိုအပ်တဲ့ fatty acids တွေ စတဲ့ကလေးဖွံ့ဖြိုးကြီးထွားဖို့အတွက် လိုအပ်သမျှပါဝင်တဲ့ ဖြည့်စွက်အာဟာရတွေကို ရွေးချယ်ဖို့လိုပါတယ်။

အနာဂတ်ရဲ့ကြယ်ပွင့်လေးတွေအတွက် မေမေတို့ ကောင်းကောင်းပျိုးထောင်ပေးနိုင်ကြပါစေနော်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Sayarwon Panel
Fact Checked by Hello Sayarwon Panel · Written by Yun Sandi Nan Mon · Updated 15/08/2022

Was this article helpful?