backup og meta

အရိုးနဲ့ကြွက်သားတွေကို အားဖြည့်ပေးမယ့် စားသောက်မှုပုံစံ

အရိုးနဲ့ကြွက်သားတွေကို အားဖြည့်ပေးမယ့် စားသောက်မှုပုံစံ

ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို စားသုံးတာက ကိုယ်အလေးချိန်ကို ထိန်းသိမ်းရာမှာ အထောက်အကူ ပြုပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အာဟာရမျှတတဲ့ စားစရာတွေက ခန္ဓာကိုယ်ကို ကျန်းမာစေသလို အရိုးတွေ သန်မာစေဖို့လည်း အားဖြည့်ပေးပါတယ်။ အရိုးတွေက သန်မာကြံ့ခိုင်နေဖို့ဆိုရင် ကယ်လ်ဆီယမ် နဲ့ ဗီတာမင် D လိုမျိုး အာဟာရတွေကို လိုအပ်မှာပါ။

ဒီတော့ အရိုးနဲ့ကြွက်သားတွေကို ကြံခိုင်စေဖို့ အာဟာရမျှတအောင် စားသောက်ရမယ့် နည်းလမ်းလေးတွေအကြောင်း ပြောပြပေးမယ်နော်။ အရိုးနဲ့ကြွက်သားတွေ သန်မာမှ နေ့စဉ်မှာ ကောင်းမွန်စွာ လှုပ်ရှားနိုင်မှာပါ။

အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးနေထိုင်စို့

ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D က သန်မာတဲ့ အရိုးတွေအတွက် အခြေခံလိုအပ်ချက်တွေပါ။ အသက် ၅၀ အထက် လူတိုင်းဟာ အရိုးတွေ ကြံ့ခိုင်သန်စွမ်းဖို့ တစ်နေ့တာကို ကယ်လ်ဆီယမ် ၁၂၀၀ မီလီဂရမ် နဲ့ ဗီတာမင် D ၄၀၀ IU ကနေ ၆၀၀ IU အထိရရှိဖို့ လိုပါမယ်။ ဒါတွေပြည့်မီဖို့ လွယ်ပါ့မလားလို့ စိတ်မပူသွားပါနဲ့။ အာဟာရရှိပြီး စားကောင်းတဲ့ နေ့စဉ် စားသုံးနေကျ အစားအစာတွေထဲမှာ ဒီအာဟာရလိုအပ်ချက်တွေ ပြည့်မီအောင် ပါဝင်နေပါတယ်။

ကလေးဘဝတုန်းက လူကြီးတွေက ထွားအောင်နို့သောက်လေလို့ ပြောတာကို ကြားဖူးမှာပေါ့။ ဒီစကားက အသက်အရွယ်ကြီးရင့်လာသူတွေမှာလည်း မှန်ပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေ ကြံ့ခိုင်ဖွံ့ဖြိုးဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတာပါ။ ကြွက်သားတွေ သန်မာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါသေးတယ်။ တစ်နေ့တာမှာ ၈ အောင်စဝင်တဲ့ ဖန်ခွက်တစ်ခွက်စာ အဆီထုတ်နို့ သောက်သုံးပေးတာက  တစ်နေ့တာရဲ့ ကယ်လ်ဆီယမ် လိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ဖြည့်ပေးနိုင်ပါတယ်။

နွားနို့ အပြင် နို့ကနေ ထုတ်ထားတဲ့ ဒိန်ချဉ်ဟာလည်း အာဟာရပြည့်ဝပြီး အစာခြေစနစ်ကို ကျန်းမာစေသလို အရိုးနဲ့ ကြွက်သားအတွက် လိုအပ်မယ့် ပရိုတင်း၊ ကယ်လ်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်နေပါသေးတယ်။ အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့ ဘလူးဘယ်ရီသီး၊ ကြိတ်ခြေထားတဲ့ သစ်ကြားသီးတို့နဲ့ ရောနှောစားသုံးမယ်ဆိုရင် တစ်နေ့တာ လိုအပ်မယ့် ကယ်လ်ဆီယမ်နဲ့ ပရိုတင်းဓာတ်ကို ဖြည့်ပေးနိုင်မှာဖြစ်လို့ အရိုးနဲ့ ကြွက်သားတွေကို သန်မာစေမှာပါ။

မနက်စာဖြစ်ဖြစ် နေ့လယ်ခင်းမှာ အဆာပြေဖြစ်ဖြစ် ပေါင်မုန့်ကို ချိစ်ညှပ်လို့ စားပေးမယ်ဆိုရင် တစ်နေ့တာရဲ့ ကယ်လ်ဆီယမ် လိုအပ်ချက် ၃၀ ရာခိုင်နှုန်းကို ဖြည့်ပေးနိုင်မှာပါ။ နောက်တစ်ခုက ဟင်းသီးဟင်းရွက်တွေ စားပေးဖို့ပါ။ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာမှ ဟင်းနုနွယ်ကို စားသုံးမယ်ဆိုရင် ခန္ဓာကိုယ်က အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပရိုတင်း၊ ဗီတာမင် A တို့ကို ပြည့်ဝစွာရရှိစေမှာပါ။ ဟင်းနုနွယ်အပြင် အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ကြတဲ့ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်တို့ကိုလည်း စားသုံးပေးလို့ရပါသေးတယ်။

အရိုးနဲ့ကြွက်သားတွေ သန်မာစေဖို့ တစ်နေ့တာမှာ မပါမဖြစ်ထည့်သွင်း စားသုံးသင့်တာ နောက်တစ်ခုက ငါးပါ။ ငါးက အာဟာရဓာတ်ကြွယ်သလို ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဆယ်လ်မွန်ငါးလိုမျိုး အကျိုးပြု အဆီပါဝင်နေတဲ့ ငါးတွေက  အရိုးနဲ့ကြွက်သားကိုတင် သန်မာစေတာမဟုတ်ဘဲ နှလုံးကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဗီတာမင် D ကို နေရောင်ခြည်ကနေ အဓိက ရရှိတယ်ဆိုပေမယ့် ကြက်ဥအနှစ်၊ ဆယ်လ်မွန်ငါးလိုမျိုး စားစရာတွေကနေလည်း ရရှိနိုင်ပါတယ်။

တစ်နေ့တာမှာ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D ကိုပြည့်ဝလုံလောက်စွာ စားသုံးမယ်ဆိုရင် အရိုးနဲ့ ကြွက်သားတွေ သန်မာစေမှာပါ။ နောက်တစ်ခုက လှုပ်ရှားရအဆင်ပြေပြီး အဆစ်တွေ ကျန်းမာနေစေဖို့နဲ့ ကြွက်တက်တာလိုမျိုး ကြွက်သားပြဿနာတွေ ကင်းစေဖို့ ရေဓာတ်ပြည့်ဝအောင် နေဖို့ပါ။ နေ့စဉ် ရေကူးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ နဲ့ ယောဂလေ့ကျင့်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုတွေကို လုပ်ပေးပါ။

အရိုးသိပ်သည်းဆ ကောင်းမွန်စေဖို့

စားစရာတစ်ခုခု ဝယ်တော့မယ်ဆိုတိုင်း အညွှန်းကို သေချာဖတ်ပါ။ အခုနောက်ပိုင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ အာဟာရတွေပြည့်စုံစေဖို့ အချို့သောအစားအစာတွေဖြစ်ကြတဲ့ cereals၊ ပေါင်မုန့်၊ လိမ္မော်ရည်၊ နို့ စတာတွေမှာ ဗီတာမင် D ဖြည့်စွက်ထားပါတယ်။ ဒီ အစားအစာတွေကိုရွေးချယ်စားသုံးတာက အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့ အားဖြည့်ပေးရာ ရောက်မှာပါ။

အစားအစာတစ်ခုခုကို ဝယ်ယူခါနီးတိုင်း ပါဝင်ပစ္စည်းတွေကို သေချာစစ်ပါ။ အစာလည်းဆေး၊ ဆေးလည်း အစာဆိုတဲ့ စကားအတိုင်းပေါ့။ ဥပမာ – လူတော်တော်များများက ဒိန်ချဉ်က ကျန်းမာရေးနဲ့ညီညွတ်တယ်၊ လို့ လက်ခံထားကြတယ်။ ကျန်းမာရေးနဲ့ညီ​ညွတ်တယ်ဆိုတဲ့ ဒိန်ချဉ်က အဆီပါဝင်မှုနည်းပြီး အချိုဖြည့်စွက်ထားတာမျိုး မရှိတာပါ။ ဒိန်ချဉ်ကို သကြားပါတာစားမယ်ဆိုရင် အရသာရှိတာမှန်ပေမယ့် သကြား ဒိန်ချဉ်မှာပါတဲ့ ကယ်လ်ဆီယမ်ပမာဏကို ကျဆင်းသွားစေပါတယ်။

နောက်တစ်ချက်က လတ်ဆတ်မှုပါ တာရှည်ခံအောင်လုပ်ထားတဲ့ အသင့်ထုတ်ပိုးထားတဲ့ စားစရာတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တာရှည်ခံပစ္စည်းတွေ၊ အရသာကဲစေတဲ့ ဓာတုပစ္စည်းတွေ၊ သကြားနဲ့ ဆိုဒီယမ်တွေ ပါဝင်နေပါတယ်။ ဒါတွေက အစားအစာကို အရသာတိုးစေတ မှန်ပေမယ့် အရိုးသိပ်သည်းဆကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစားအစာတွေ ရွေးချယ်တဲ့အခါ  အာဟာရပြည့်ဝပြီး လတ်ဆတ်တာမျိုးကို ရွေးချယ်ပေးပါ။

ဒါတွေကို လျှော့စားပါ

မနက်ခင်းမှာ ကော်ဖီ ဆိမ့်ဆိမ့်လေးက အရသာရှိတာမှန်ပေမယ့် ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်က အရိုးနဲ့ ကြွက်သားတွေအတွက် အထောက်အကူမပြုပါဘူး။ ကဖင်းများတာက ခန္ဓာကိုယ်ရဲ့ ကယ်လ်ဆီယမ် စုပ်ယူမှုကို ထိခိုက်စေနိုင်ပါတယ်။  မဖြစ်မနေ ကော်ဖီသောက်ချင်တယ် ဆိုရင်တောင်မှ တစ်နေ့ကို တစ်ခွက်ပဲသောက်ပါ။ ကော်ဖီအစား သကြားမပါတဲ့ carbonated water ကို သောက်သုံးပေးပါ။

စီးကရက်၊ အရက် နဲ့ အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေက အရိုးနဲ့ ကြွက်သားတင်မက ခန္ဓာကိုယ် အစိတ်အပိုင်း တော်တော်များများကို ထိခိုက်စေပြီး ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်တာကြောင့် ဖြစ်နိုင်ရင် လုံးဝ ဖြတ်စေချင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Foods That May Help to Strengthen Bones & Muscles https://www.osteobiflex.com/articles/foods-for-stronger-bones-and-muscles/ Accessed Date 18 May 2020

Foods for healthy bones and muscles https://www.futurelearn.com/courses/musculoskeletal/0/steps/25180 Accessed Date 18 May 2020

7 Tips to Help Keep Your Bones Strong https://www.unlockfood.ca/en/Articles/Bone-Health/7-tips-to-help-keep-your-bones-strong.aspx Accessed Date 18 May 2020

10 Natural Ways to Build Healthy Bones https://www.healthline.com/nutrition/build-healthy-bones Accessed Date 18 May 2020

10 Foods for Building Strong Bones and Muscles https://www.northcentralsurgical.com/blog/10-foods-building-strong-bones-muscles-174.html Accessed Date 18 May 2020

ယခုပုံစံ

26/08/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သန်မာတဲ့ အရိုးတွေကို ဘယ်လို ဖွဲ့စည်းတည်ဆောက်မလဲ

အရိုးတွေ သန်မာချင်သလား၊ ဒါတွေစားပေးပါ



Aye Thi Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement