အမျိုးသားတွေဟာ အပြင်ပန်းကြည့်ရင် စိတ်မာတယ်ထင်ရပေမယ့် သူတို့ဟာလည်း ခံစားတတ်တဲ့ လူသားပါပဲ။ သူများတွေလိုပဲ စိတ်ဖိစီးတတ်တယ်၊ ဝမ်းနည်းတတ်တယ်။ ယောကျာ်းလေးမဟုတ်ဘူးလား၊ မငိုရဘူးလေ ဆိုတာတစ်ခုတည်းနဲ့ သူတို့ရဲ့ ခံစားချက်တွေကို မျိုသိပ်ခိုင်းတာ သိပ်တော့ သဘာဝမကျပါဘူး။ နှစ်စဉ်နဲ့ အမျှ စိတ်ကျတဲ့ အမျိုးသားတွေ များပြားလာပြီး အကျိုးဆက်အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေတာတွေပါ လိုက်လာပါတော့တယ်။
ဒီလို မဖြစ်အောင် ကိုယ့်ရဲ့ ခံစားချက်ကို ရင်ဖွင့်ပါ။ တတ်ကျွမ်းသူဆီမှာ ကုသမှု ခံယူပါ။ ကိုယ်မကျန်းမာတာကိုတောင် ဆေးမကုချင်တဲ့ အမျိုးသားတွေအတွက် စိတ်ကျန်းမာရေးကုသမှု ခံယူဖို့ဆိုတာ အခက်အခဲပါပဲ။ တကယ်တော့ ဒီနှစ်ခုက တူတူပါပဲ။ ဒီနှစ်ခုလုံးကျန်းမာမှ လူက ကျန်းမာတယ်လို့ ခေါ်နိုင်မှာပါ။ တခြားရောဂါတွေနဲ့ တူတူပဲမို့လို့ ကုသမှုခံယူဖို့ မရှက်ပါနဲ့။
မတော်တဆမှုနဲ့ ထိခိုက်ဒဏ်ရာ
ဒါကတော့ ပြောနေစရာတောင် မလိုပါဘူး။ ယာဉ်တိုက်မှု၊ ရေနစ်တာက စလို့ ဓာတ်လိုက်တာ၊ အမြင့်ကပြုတ်ကျတာ အကုန်လုံး အမျိုးသားတွေက ပိုအဖြစ်များပါတယ်။ လွယ်လွယ်လေးပါဆိုပြီး ပေါ့ဆမိတာလည်း ပါမှာပေါ့။ ဘာပဲလုပ်လုပ် safety measuresကို မမေ့ပါနဲ့။
အသည်းရောဂါ
ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ မူးယစ်ဆေး သုံးစွဲတာတွေကြောင့် အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး အပါအဝင် အသည်းအဆီဖုံးတာ၊ အသည်းခြောက်တာ၊ အသည်းကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ယောကျာ်းလေးတစ်ယောက် အသည်းမကောင်းရင် အရက်သောက်လားလို့ စမေးရတဲ့အထိ အဖြစ်များပါတယ်။
တုပ်ကွေးနဲ့ အဆုတ်ရောင်ရောဂါ
ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိသူဆိုရင် အဆုတ်မကောင်းတာကြောင့် သူများထက် ရောဂါပိုးဝင်လွယ်မှာပါ။ တစ်ဆက်တည်းမှာပဲ ခုခံအားလည်း ကျနေမှာ ဖြစ်တဲ့အတွက် နလန်ထဖို့လည်း မလွယ်ပါဘူး။ ဒီလိုနဲ့ပဲ အဆုတ်ရောင်ပြီး သေဆုံးသွားရတာတွေ ရှိပါတယ်။
HIV/ AIDS
အမျိုးသားတွေက HIV ပိုးကူးခံရင်တောင် ကူးထားမယ်သိမှာ မဟုတ်ပါဘူး။ အစောပိုင်းကာလမှာ အအေးမိသလိုလို၊ တုပ်ကွေးဖြစ်သလိုလို ခံစားရတာပဲလည်း ပါတာပေါ့။ ၂၀၂၀ CDC ရဲ့ ဒေတာတွေအရ အမျိုးသားတွေဟာ HIVကူးစက်ခံရတာ ပိုများပြီး သူတို့ထဲက အများစုက လိင်တူဆက်ဆံသူတွေ ဖြစ်ပါတယ်တဲ့။
အမျိုးသားဖြစ်တိုင်း ဒီရောဂါတွေ ခံစားရမယ်လို့ ပြောတာမဟုတ်ပါဘူး။ ပြန်ကြည့်ကြည့်လိုက်ရင် အမျိုးသားဖြစ်နေတယ် ဆိုတာထက် ကိုယ့်ရဲ့ အပြုအမူတွေကသာ ရောဂါတွေကို ပိုဖြစ်စေတာပါ။ ဒီအပြုအမူတွေကို ရှောင်ကြဉ်ပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်မယ်။ နေထိုင်မယ်ဆိုရင် အသက်ရှည်ရှည်နေနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။