backup og meta

Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။


Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Q center ကို သွားရတော့မယ်ဆိုခဲ့ရင် ဘာတွေ ယူသွားမလဲ။

    ကိုဗစ် ပထမလှိုင်းတုန်းက ဒီလောက် မဆိုးခဲ့ပေမယ့် ဒုတိယလှိုင်းကတော့ အတော်လေး ပြင်းထန်ပါတယ်။ ကူးစက်နှုန်း မြန်သလို အသေအပျောက်လည်း များလာပါတယ်။ ဒါပေမယ့် စောစောသိ စောစော ကုသရင်တော့ ကိုဗစ်က ပျောက်ကင်းနိုင်ခြေ များပါတယ်။

    ရောဂါအခံ ရှိသူတွေ သက်ကြီးရွယ်အိုတွေကတော့ မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပေါ့။ တကယ်လို့ အမှတ်မထင် ပိုးရှိသူနဲ့ ထိတွေ့ခဲ့မိ ဆိုပါတော့။ သေချာတာက ထိတွေ့လူနာဖြစ်ခဲ့ရင် Q ဝင်ရမှာပဲလေ။ ဒီတော့ Q ဝင်တဲ့အခါ ဘာတွေ ယူသွားဖို့ လိုမလဲဆိုတာကို ဒီဆောင်းပါးလေးကနေ ပြောပြပေးပါမယ်။

    မတော်တဆ Q ဝင်ရတဲ့အခါ

    ရောဂါပိုးရှိသူနဲ့ အမှတ်မထင် ထိတွေ့မှုကြောင့် Q ဝင်ရတော့မယ်ဆိုရင်

    အဝတ်အစား

    အဝတ်အစားဆိုတဲ့နေရာမှာ လှနေဖို့ သစ်လွင်နေဖို့ မလိုပါဘူး။ ဝတ်ရတာ သက်သောင့်သက်သာရှိပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား ပွပွချောင်ချောင်လေးတွေဆို ပို အဆင်ပြေပါတယ်။

    ချည်သားက အပူအအေးကို ထိန်းပေးသလို ချွေးလည်း စုပ်ပါတယ်။ နေရတာလည်း သက်တောင့်သက်သာ ရှိစေမှာပါ။ ချည်သား အဝတ် ၄ စုံ ၅ စုံလောက် ထည့်သွားပါ။ လိုရမယ်ရ အနွေးထည်လည်း ယူသွားပေးပါ။

    သွားတိုက်ဆေးနဲ့ သွားပွတ်တံ

    ဒါကတော့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် မရှိမဖြစ်အရေးကြီးသလို အသက်ရှူလမ်းကြောင်း ကျန်းမာရေးအတွက် မဖြစ်မနေ လုပ်သင့်တဲ့ သန့်ရှင်းရေးသုံး ပစ္စည်းပါ။ ဒီတော့ သွားပွတ်တံနဲ့ သွားတိုက်ဆေးလေးကို မဖြစ်မနေ ထည့်သွားပါ။ အခြားသူတွေနဲ့ မျှသုံးတာမျိုး မလုပ်ပါနဲ့။

    ရေချိုးတဘက်

    ဒီကာလမှာ အကုန်လုံးကို တစ်ဦးသုံး သီးသန့်ထားတာက အဆင်အပြေဆုံးပါ။ ဒီတော့ မျက်နှာသစ်ပြီးရင်ဖြစ်ဖြစ် ရေချိုးသန့်စင်ပြီးချိန်မှာ ဖြစ်ဖြစ် အသုံးပြုဖို့ ရေချိုးတဘက် တစ်ထည်တော့ မဖြစ်မနေ ယူသွားပါ။ ခပ်ကြီးကြီးလေးဆို ပိုအဆင်ပြေပါတယ်။

    ရေခွက်

    ရေချိုးဖို့ ရေခွက်ပါ။ ပလုပ်ကျင်းတာ၊ မျက်နှာသစ်တာတွေအတွက် အသုံးပြုဖို့ တစ်ကိုယ်ရေ လိုအပ်မယ့်အရာလေးတစ်ခုပါ။ အသုံးမပြုခင်နဲ့ အသုံးပြုပြီးတိုင်းမှာ ရေခွက်ကို ဆပ်ပြာနဲ့ တိုက်ပြီး ပိုးသတ်ဖို့ မမေ့ပါနဲ့။

    ရေမလိုလက်သန့်ဆေးရည်

    ရေအလွယ်တကူ မရနိုင်တဲ့ အခြေအနေမျိုး ရုတ်တရက် နှာချေမိတဲ့အခါမျိုးမှာ လက်နဲ့ အုပ်မိမယ်ဆိုရင် လက်ကို ပိုးသတ်ဖို့အတွက် ရေမလို လက်သန့်ဆေးရည်လေး တစ်ဗူးလောက်ကတော့ မဖြစ်မနေ ဆောင်သွားသင့်ပါတယ်။

    မတ်ခ်

    ဒါကတော့ မဖြစ်မနေ လိုအပ်မှာပါ။ Q စင်တာတွေမှာ ပေးတယ်ဆိုပေမယ့် အပိုဆောင်ထားတဲ့အနေနဲ့ ယူသွားနိုင်ရင် ကောင်းပါတယ်။ တစ်ခါသုံး မတ်ခ်လေးတွေကို တစ်ဗူးလုံး မဟုတ်ရင်တောင် သယ်နိုင်သလောက်လေး သယ်သွားစေချင်ပါတယ်။

    အဝတ်ကြမ်း

    လိုအပ်တဲ့ သန့်ရှင်းရေးလုပ်ဖို့၊ ချွေးသုတ်ဖို့ကစလို့ လိုအပ်လာရင် အသုံးပြုဖို့အတွက် အဝတ်ကြမ်း တစ်ထည်ကလည်း မဖြစ်မနေ ထည့်သွားသင့်ပါတယ်။ ဖုန်ခါတာကအစ ရေမှောက်တာမျိုးကို သုတ်ဖို့အတွက်အသုံးဝင်ပါတယ်။

    သောက်နေကျဆေးဝါး

    သောက်နေကျဆေးတွေ ရှိမယ်ဆိုရင် တစ်ပါတည်း ယူသွားပေးပါ။ ဆေးတွေကို အချိန်မှန်သောက်မှ ခံစားနေရတဲ့ ဝေဒနာလည်းသက်သာမှာပါ။ မဟုတ်ရင် ကိုယ်ခံအား ထိခိုက်ပြီး မလိုအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    သောက်ရေခွက်

    ရေသောက်ဖို့အတွက် သောက်ရေခွက် ဒါမှမဟုတ် ရေဗူးတစ်ခုခု ယူသွားပေးပါ။ နေ့တိုင်း သန့်စင်ပြီး ရေသောက်တဲ့အခါ နဲ့ အခြားသောက်စရာတွေကို သောက်တဲ့ ခါ အသုံးပြုနိုင်ပါတယ်။ အသုံးမပြုခင်နဲ့ အသုံးပြုပြီးတိုင်းမှာ သေချာ ဆေးကြောပေးပါ။

    အစားအစာ

    Q centreတွေမှာ ထမင်းကျွေးတယ်ဆိုပေမယ့် လူအများနဲ့မို့လို့ ထမင်းချိန် နောက်ကျတတ်ပါတယ်။ ဒါကြောင့် မုန့်အခြောက်အခြမ်းလေးတွေ ယူသွားပါ။ အထူးသဖြင့် ဆီးချိုသမားတွေမှာ အစာနဲ့ ဆေး ညှိသောက်ရတဲ့အတွက် ပိုလိုအပ်ပါတယ်။

    ဒါတွေအပြင် ဆပ်ပြာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း နဲ့ အခြား တစ်ကိုယ်ရေလိုအပ်မယ့် ဆေးဝါးလေးတွေကိုလည်း ယူဆောင်သွားလို့ရပါတယ်။ မတော်တဆ ထိခိုက်မှုအတွက် ပလာစတာကစလို့ အခြား လိမ်းဆေးလို အရာတွေ၊ ဖုန်း၊ ဖုန်းအားသွင်းကြိုး၊ စာအုပ်စတာတွေပေါ့။

    ထပ်ပြီးလိုအပ်တာရှိရင် အိမ်သားတွေကို အကြောင်းကြားပြီး Q centreကို ပစ္စည်းလာပို့ခိုင်းလို့ရပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာဖို့တော့ လိုပါလိမ့်မယ်။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement