backup og meta

ခဏခဏ လက်ဆေးနေရလို့ အရေပြားပျက်စီးမှာ စိတ်ပူနေပြီလား


Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခဏခဏ လက်ဆေးနေရလို့ အရေပြားပျက်စီးမှာ စိတ်ပူနေပြီလား

    အခုဆိုရင် ကိုရိုနာ အဆုတ်ရောင်ရောဂါကြောင့် မြန်မာနိုင်ငံသားတွေ အပါအဝင် တစ်ကမ္ဘာလုံးက လူတွေ အကုန်လုံး လက်ကို အချိန်ပြည့် ဆေးနေရပြီနော်။ အဓိက လက်မှာ ရောဂါပိုးမွှားတွေ ကပ်ငြိနေနိုင်ပြီး အဲ့လက်ကနေ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်ကို ပွတ်သပ်ကိုင်တွယ်လိုက်ရာကနေ ကူးစက်နိုင်တာကြောင့်ပါပဲ။ ဒီအတွက်ကြောင့် ကိုရိုနာ အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးဖို့ အထိရောက်ဆုံး နည်းလမ်းအနေနဲ့ လက်ကို ရေ၊ ဆပ်ပြာနဲ့ စနစ်တကျ ဆေးကြောဖို့ တိုက်တွန်းရတာပါပဲ။

    အဲ့တော့ လက်ကို ခဏခဏ ရေ၊ ဆပ်ပြာနဲ့ ဆေးတယ်၊ ဒါမှမဟုတ် ရေမလို လက်သန့်စင် ဆေးရည်တွေ အသုံးပြုတာ များလာရင် ဘာဖြစ်နိုင်လဲဆိုတာ လက်အရေပြား ခြောက်ပြီး ပျက်စီးဖို့ ပိုလွယ်တာပါပဲ။ ရောဂါပိုးတွေကို သေစေတဲ့ ဓာတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာတွေ ဖြစ်တဲ့အတွက် ကြာရှည်သုံးတာနဲ့အမျှ ကျွန်တော်တို့ အရေပြားအပေါ်ယံလွှာက ဆဲလ်တွေ ပျက်စီးပြီး အရေပြားက ကြမ်းခြောက်ခြောက် ဖြစ်သွားတတ်ပါတယ်။

    ဒီပြဿနာက ရုတ်တရက် ကြည့်ရင်တော့ အသေးအမွှားလို့ ထင်စရာပါပဲ။ ဒါပေမယ့် အလှအပကို အရမ်းဂရုစိုက်တဲ့ ပျိုမေတွေအတွက်လည်း အဆင်မပြေသလို ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း အရေပြား ပျက်စီးမှု ပိုလွယ်ကူတဲ့အတွက် ဝက်ခြံ၊ ညှင်း၊ နှင်းခူ၊ အသားပပ် အက်ကွဲခြင်း၊ ငါးအကြေးခွံလို ဖြစ်လာခြင်း၊ အသားက ထိခိုက်ပွန်းပဲ့ရန် ပိုလွယ်ကူလာခြင်း၊ ယားယံခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ လက်မဆေးလို့ကလည်း မရတဲ့ အခြေအနေ ဖြစ်နေတာဆိုတော့ နည်းမှန်လမ်းမှန်ဆေးဖို့နဲ့ ကိုယ့်အသားအရေ ပျက်စီးခြင်း မဖြစ်အောင် ကာကွယ်ဖို့ နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်ကြရအောင်။

    ၁။ ရေကျက်နွေးနဲ့ လက်ဆေးပါ။

    လက်ဆေးတဲ့အခါ အရေပြားဆဲလ်တွေကို အရမ်းကြီး ထိခိုက်ခြင်း မဖြစ်စေဖို့ အရမ်းပူလွန်း၊ အေးလွန်းတဲ့ ရေမျိုး သုံးတာထက် ရေကျက်နွေးနဲ့ သေချာ ဆေးကြောတာဟာ အကောင်းဆုံးပါပဲ။ ရေကျက်နွေး အဆင်မပြေရင်တောင် အခန်းအပူချိန်မှာ ရှိတဲ့ ရေနဲ့ ဆေးလို့ ရပါတယ်။

    ၂။ Moisturizer အမြန်လိမ်းပါ။

    လက်ဆေးပြီးတာနဲ့ ရေကို အမြန်သုတ်ပြီး Moisturizer အမြန်လိမ်းပေးသင့်ပါတယ်။ ဒါမှပဲ ရေဓာတ်နဲ့ အစိုဓာတ် ၂မျိုးလုံးကို ချွေးပေါက်ထဲမှာ သိမ်းဆည်းပေးပြီး ခဏခဏ ရေဆေးလို့ အသားခြောက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။ ခန္ဓာကိုယ်မှာ လိမ်းသလိုမျိုး Moisturizer အများကြီး သုံးစရာ မလိုပါဘူး။ ပါးပါးလေးနဲ့ နှံ့နေအောင် လိမ်းပေးရင် လုံလောက်ပါတယ်။ အစိုဓာတ်ထိန်းပေးတဲ့ Body Lotion တွေ၊ လက်အရေပြား မပျက်စီးအောင် လိမ်းတဲ့ Hand Cream တွေလည်း လိမ်းပေးလို့ ရပါတယ်။

    ၃။ လက်အိတ်စွပ်ပါ။

    လက်ကို ရေဆေးဖန်များလာတဲ့အခါ အရေပြားက ပါးလာတတ်ပါတယ်။ ဒီလို ပါးလာတာကြောင့် အမာ၊ အချွန်အထက် ပစ္စည်းတွေ၊ အလေးအပင်တွေ မရတဲ့အခါ အရေပြား ပိုပြီး ပျက်စီးလာတတ်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက် လက်အိတ်ကို စွပ်ပေးရတာပါ။ နောက်တစ်ချက်ကတော့ အစိုဓာတ်တွေ ခမ်းခြောက်တာ နှေးစေဖို့ပါ။ Moisturizer လိမ်းပြီး လက်အိတ်စွပ်လိုက်တဲ့အခါ ရေဓာတ်နဲ့ အစိုဓာတ်ကို လက်အိတ်ထဲမှာ သိမ်းဆည်းထားလိုက်သလို ဖြစ်ပြီး လွယ်လွယ်နဲ့ ခြောက်မသွားတော့ပါဘူး။ ညအိပ်ခါနီး လက်ကို အစိုဓာတ်ထိန်းဖို့ Moisturizer တစ်ခုခုလိမ်း၊ ပြီးသွားရင် လက်အိတ်စွပ်ပြီး တစ်ညလုံး ထားထားနိုင်ရင် မနက်နိုးလာတဲ့အခါ ကိုယ့်လက်အရေပြား နူးအိအိလေး ဖြစ်နေတာကို ခံစားမိမှာပါ။

    ၄။ အဝတ်ကြမ်းကြမ်းတွေနဲ့ လက်မသုတ်ပါနဲ့။

    လက်ကို ရေဆေးပြီးလို့ ခြောက်အောင် သုတ်ဖို့ တစ်ရှူး သို့မဟုတ် အဝတ်ပါးပါးလေးတွေ ထားထားပေးဖို့ လိုပါတယ်။ သုတ်တဲ့အခါမှာလည်း လက်ကို ပွတ်ဆွဲပြီး သုတ်တာမျိုးထက် ဖြည်းဖြည်းချင်း ဖွဖွလေး သုတ်ပေးပါ။

    ၅။ သဘာဝအဆီတွေ လိမ်းပေးပါ။

    အိပ်ခါနီး အချိန်ဖြစ်ဖြစ်၊ ဒါမှမဟုတ် နေ့လည်နေ့ခင်း အချိန်တွေမှာ ကိုယ့်လက်ကို အုန်းဆီ၊ သံလွင်ဆီ၊ လာဗင်ဒါ အဆီ၊ ပန်းအဆီ စတဲ့ သဘာဝဆီသန့်တွေနဲ့လည်း လိမ်းပေးလို့ ရပါတယ်။ လိမ်းပြီးသွားရင်တော့ ခဏလေးခြောက်အောင် ထားပြီးမှ လက်အိတ်စွပ်ပေးဖို့ မမေ့နဲ့နော်။

    ၆။ Skin Care ပုံမှန်လုပ်ပေးပါ။

    ကျန်းမာရေးက အရေးကြီးတယ် ဆိုပေမယ့် ကိုယ့်အသားအရေနဲ့ အလှအပကိုတော့ လုံးဝ ပစ်ပယ်ထားလိုက်စရာ မလိုပါဘူးနော်။ ကျန်းမာရေးအတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို နားလည်ထားပြီး လိုက်နာနိုင်ရင် ကိုယ့်အတွက် ဘေးကင်းသလို ကျန်တဲ့အချိန်တွေမှာလည်း ကိုယ်ပုံမှန်လုပ်နေကျ Skin Care မျိုးတွေ လုပ်ပေးဖို့ မမေ့သင့်ပါဘူး။

    တစ်ပတ်ကို တစ်ကြိမ်လောက် ဓာတုဗေဒပစ္စည်း (Chemical) မပါဝင်တဲ့ အိမ်သုံးပစ္စည်းတွေနဲ့ Scrub လုပ်ပြီး အရေပြားကို ပွတ်တိုက်တာမျိုး၊ အဲ့လိုမဟုတ်လည်း ရှားစောင်းလက်ပပ်၊ ပျားရည်တွေနဲ့ လက်အရေပြားကို ကပ်ပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။

    အရေပြားကို ဂရုမစိုက်ဘဲ ပစ်ထားလိုက်ရင် ဝက်ခြံ၊ နှင်းခူ၊ ညှင်း၊ ပွေး၊ ဝဲအပြင် အရေပြားကင်ဆာထိပါ ဖြစ်လာနိုင်တယ်ဆိုတာလည်း မမေ့ပါနဲ့။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement