backup og meta

ကူးစက်နှုန်း ဆယ်ဆမြင့်လာတဲ့ ကိုဗစ်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကူးစက်နှုန်း ဆယ်ဆမြင့်လာတဲ့ ကိုဗစ်

    ပြည်တွင်းကူးစက်မှု မရှိတာ တစ်လကျော်ကြာခဲ့ပြီးမှ သြဂုတ် ၁၆ရက်နေ့မှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုမရှိ၊ ပြည်ပနိုင်ငံကလည်း ပြန်လာတာမဟုတ်တဲ့ လူနာကို တွေ့ရှိခဲ့ပါတယ်။ ဆက်လက်ပြီး ဒီလူနာနဲ့ ထိတွေ့ခဲ့တဲ့ လူတွေမှာလည်း ဆက်တိုက်ဆိုသလို ရောဂါပိုးတွေ တွေ့ရှိလာရပါတယ်။ ဒါဟာ အားလုံးက သတိထားဖို့ ပြောနေကြတဲ့ local transmission ရဲ့ အစပဲလား။ ကိုဗစ်ရဲ့ ဒုတိယလှိုင်း လာတော့မှာလား။

    ဒါတင်မကသေးဘဲ နောက်ရက်မှာလဲ အိန္ဒိယကနေ ရခိုင်ကို ပြန်လာကြသူတွေထဲမှာလည်း ရောဂါပိုးတွေ့ရှိသူတွေ အများကြီး တွေ့ခဲ့ရပါတယ်။ အားလုံးက စိုးရိမ်နေကြတဲ့အချိန်မှာ နောက်ထပ် မျက်ခုံးလှုပ်စရာသတင်းကတော့ ဒီတစ်ခါတွေ့တဲ့ ကိုဗစ်ပိုးက ကူးစက်မြန်တယ်ဆိုတာပါပဲ။

    သြဂုတ်လ ၂၀ရက်နေ့မှာ ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ကူးစက်နှုန်း မြန်ဆန်တဲ့ ကိုဗစ်ရောဂါပိုးကို မြန်မာနိုင်ငံအတွင်းမှာ တွေ့လာရပြီဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပက ပြန်လာသူတွေရဲ့ ဓာတ်ခွဲနမူနာ ငါးခုမှာ ဒီသန္ဓေပြောင်းပိုးကို တွေ့ခဲ့ရပြီး ဒီပိုးက လူထုကြားထဲရောက်လာခဲ့ရင် ဒုတိယလှိုင်း ဖြစ်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။

    ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကူးစက်ရေးရောဂါတိုက်ဖျက်ရေး ဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးကလည်း ဒီသန္ဓေပြောင်းပိုးက အရင်တွေ့နေကြပိုးတွေနဲ့မတူဘဲ ခုန်ကျော်ကူးစက်တတ်ပါတယ်။ ဒါကြောင့် ထိတွေ့မိသူကိုသာမက သူ့ရဲ့ မိသားစုကိုလည်း ဆင့်ပွားကူးစက်တတ်တယ်လို့ ဆိုပါတယ်။

    ကိုဗစ်သန္ဓေပြောင်းပိုးဆိုတာ

    ကိုဗစ်ဟာ တခြား ဗိုင်းရပ်စ်တွေလိုပဲ သန္ဓေပြောင်းတတ်ပါတယ်။ လက်ရှိမှာ ကိုဗစ်မျိုးကွဲပေါင်း ၆မျိုး တွေ့ရှိထားပြီး ဖြစ်ပါတယ်။

    • L strain – ၂၀၁၉နှစ်ကုန်ပိုင်းက ဝူဝန်မှာ စတွေ့ခဲ့တဲ့ မျိုးစိတ်ပါ။
    • G နဲ့ GR strain – ဥရောပနဲ့ အီတလီမှာတွေ့ရတဲ့ မျိုးစိတ်
    • GH strain – မြောက်အမေရိကနိုင်ငံတွေမှာ တွေ့ရတဲ့ မျိုးစိတ်
    • GR strain – တောင်အမေရိကနိုင်ငံတွေမှာ တွေ့ရတဲ့ မျိုးစိတ်
    • S strain – ယူအက်စ်နဲ့ စပိန်နိုင်ငံ
    • V strain

    လတ်တလောမှာတော့ အာရှဘက်မှာ L strainတွေ နည်းလာပြီး G, GH နဲ့ GRက ပိုပိုပြီး များလာပါပြီ။ တကယ်တော့ ဒီမျိုးစိတ်တွေက မတ်လကုန်လောက်ထဲက အာရှဘက်ကို ရောက်နေခဲ့တာပါ။ အနောက်နိုင်ငံတွေထက် တစ်လနောက်ကျပါတယ်။ ဒီမျိုးစိတ်တွေထဲမှာတော့ Gအုပ်စုက ကူးစက်မှု အမြန်ဆုံးပါပဲ။

    သန္ဓေပြောင်းကိုဗစ်နဲ့ အရှေ့တောင်အာရှနိုင်ငံများ

    မလေးရှား ကျန်းမာရေးအာဏာပိုင်တွေကတော့  D614G (G614)ဆိုတဲ့ မျိုးစိတ်ကို အရှေ့တောင် အာရှမှာ တွေ့လာရပြီး ဒါဟာ အရင်က တွေ့ခဲ့တဲ့ ကိုဗစ်ထက် ပိုကြောက်စရာကောင်းလာနိုင်တယ်လို့ဆိုပါတယ်။

    မလေးရှားမှာ ဒီမျိုးကွဲကူးစက်ခံရတဲ့သူ ၄၅ယောက်ရှိနေပြီး (၁၇.၈.၂၀၂၀ ဒေတာ) ပထမဆုံးလူနာက အိန္ဒိယကနေပြန်လာသူဖြစ်ပြီး ကွာရန်တင်း ၁၄ရက်မပြည့်ခင် အပြင်ထွက်ခဲ့တယ်လို့ ဆိုပါတယ်။

    ဖိလစ်ပိုင်မှာလည်း အလားတူ မျိုးစိတ်မျိုးတွေ့နေရပါပြီ။

    ဗီယက်နမ်ကတော့ ဒီမျိုးစိတ်အသစ်က ကူးစက်နှုန်း မြင့်တယ်လို့ဆိုပါတယ်။ အရင်က ရောဂါပိုးရှိသူတစ်ယောက်က နောက်ထပ် ၂ယောက်လောက် (၁.၈-၂.၂) ကို ကူးနိုင်ပေမယ့် ခုမျိုးစိတ်က ၅ယောက် ၆ယောက်လောက်ကို ကူးနိုင်တယ်လို့ဆိုပါတယ်။

    ထိုင်းနိုင်ငံကလည်း စစချင်းတုန်းကတော့ S strainပဲ တွေ့ခဲ့ရာက ခုပြည်တော်ပြန်တွေထဲမှာ G strainတွေပါ တွေ့နေရပြီလို့ ကြေညာခဲ့ပါတယ်။ နောက်ပြီး G strainလူနာတွေရဲ့ အာခေါင်တို့ဖတ်မှာ ပိုးပမာဏအများကြီး တွေ့ရတဲ့အတွက် ဒါကြောင့်ပဲ ကူးစက်နှုန်း မြင့်နေရတာလားလို့ ဆိုပါတယ်။

    မြန်မာနိုင်ငံမှာရော

    ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ ကိုဗစ်စဖြစ်တုန်းက D614မျိုးစိတ်ကို စတွေ့ခဲ့ရပြီးမေလ၇ရက်နောက်ပိုင်းမှာသာ G614 (G strain)ကို စတွေ့ခဲ့တာပါ။

    အရင်ကတော့ ပြည်တွင်းကူးစက် ဓာတ်ခွဲနမူနာမှာ ၅ခုမှာ ၁ခုလောက်ကပဲ G614 ဖြစ်ခဲ့တာကြောင့် သိပ်မပြန့်ခဲ့တာပါ။ ခုနောက်ပိုင်း အထူးသဖြင့် မေလနောက်ပိုင်းမှာ ဓာတ်ခွဲနမူနာ ၁၀ခုမှာ ၆ခုလောက်က Dကနေ Gကို ပြောင်းလာတာကို တွေ့ရပါတယ်။

    လက်ရှိ ကူးစက်မှု မြင့်မားနေတဲ့ အိန္ဒိယနဲ့ ကိုဗစ်ဒုတိယလှိုင်း စနေတဲ့ နိုင်ငံတွေမှာ ဒီမျိုးစိတ်ပါ။ လတ်တလော ပြည်ပက ပြန်လာတဲ့ ဓာတ်ခွဲနမူနာ အများစုကလည်း G614ဖြစ်တဲ့အတွက် လူထုကြားထဲကို ပြန့်သွားခဲ့ရင် ဒုတိယလှိုင်း ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

    ဘာတွေပြင်ဆင်ထားရမလဲ။

    အရင်နည်းလမ်းဟောင်းတွေပါပဲ။ တစ်ဦး တစ်ယောက်ချင်းဆီရဲ့ အသိစိတ်နဲ့ တင်းတင်းကြပ်ကြပ်လိုက်နာဖို့ပဲ လိုတာပါ။ အရင်ကလိုပဲ

    • တတ်နိုင်သလောက် အပြင်သွားတာ လျှော့မယ်။
    • မဖြစ်မနေ ရုံးကိစ္စ၊ ကျန်းမာရေး ကိစ္စတွေမှပဲ အပြင်ထွက်မယ်။
    • ဆိုင်ထိုင်တာတွေလည်း ခဏနားထားမယ်။
    • လူစုလူဝေး ရှိတဲ့ နေရာတွေလည်း ခဏလောက် ရှောင်မယ်။
    • နှာခေါင်းစည်း သေချာတပ်မယ်။
    • မကြာခဏ လက်ဆေးမယ်။
    • လူများရင် တစ်ယောက်နဲ့ တစ်ယောက်  တတ်နိုင်သလောက် ခပ်ခွာခွာနေမယ်။
    • အိမ်မှာ ရှိတဲ့ လူကြီးတွေ၊ ကလေးတွေကို ခဏလောက် အပြင်မထွက်ခိုင်းသေးဘူး။
    • အပြင်သွားပြီး အိမ်ပြန်လာရင် ဘယ်သူနဲ့မှ မတွေ့သေးဘဲ ကိုယ်လက်သန့်ရှင်းရေးကို အရင်လုပ်မယ် စတဲ့ အချက်တွေကို ပြန်လိုက်နာပေးပါ။

    ဒီလိုဆိုရင် ကိုဗစ်ဒုတိယလှိုင်းကို အတူတကွ ကျော်ဖြတ်နိုင်မှာပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 31/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement