ဆောင်းလေးက ဒီဇင်ဘာလောက်ရောက်လာပြီဆိုရင် သိသိသာသာလေး အအေးပိုလာပါပြီ။ ဒီလို အေးလာတာက နေရတာ ကောင်းတယ်။ အဆင်ပြေတယ်ဆိုပေမယ့် အေးမြမှုနဲ့အတူ ဗိုင်းရပ်စ်တွေ များစွာလည်း ကပ်ပါလာပါတယ်။
 
ဆောင်းအေးလာပြီဆိုရင် တုပ်ကွေးကစလို့ အမျိုးမျိုးသော ဗိုင်းရပ်စ်တွေက စတင်လာပါတယ်။ ဆောင်းရာသီမှာ ဆောင်းနဲ့အတူ ရောက်လာတတ်တဲ့ ဗိုင်းရပ်စ်တွေ အပြင် အသွင်ပြောင်းဗိုင်းရပ်စ်တွေကြောင့် ဒီနှစ်မှာ ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။
ဆောင်းရာသီက ပျော်ရွှင်ဖွယ်ရာ ရာသီတစ်ခုလို့ အပြည့်အဝ မဆိုသာပါဘူး။
ဆောင်းရာသီက လှပပြီး နေရထိုင်ရတာ အေးမြမှုကြောင့် အဆင်ပြေတယ်လို့ ထင်ရပေမယ့် လူကြီးတွေရော ကလေးတွေပါ ကျန်းကျန်းမာမာ နေနိုင်ဖို့ ခက်ခဲတဲ့ ကာလ တစ်ခု ဖြစ်တာကြောင့် ဆောင်းရာသီက ပျော်ရွှင်ဖွယ်ရာ ရာသီတစ်ခုလို့ မဆိုသာပါဘူး။
ဆောင်းရာသီမှာ ဗိုင်းရပ်စ်တွေက အချိန်ကြာကြာ ရှင်သန်နိုင်သလို ဘိုးဘိုးဘွားဘွားတွေရော သားသားမီးမီးတွေပါ ဖျားနာလွယ်ပါတယ်။ ဒီနှစ်တော့ ပျော်ရွှင်စရာ ဆောင်းရာသီလေး ဖြစ်အောင် ဖန်တီးနိုင်စေဖို့အတွက် ဆောင်းရာသီမှာ သတိထားရမယ့် ဗိုင်းရပ်စ်တွေအကြောင်း ပြောပြပေးသွားပါမယ်။
ဆောင်းနဲ့အတူ ရောက်လာတတ်တဲ့ ဗိုင်းရပ်စ်တွေ က ဘာတွေလဲ ……..

ဆောင်းနဲ့အတူ ရောက်လာတတ်တဲ့ ဗိုင်းရပ်စ်တွေ က နည်းနည်းတော့များပါတယ်
အအေးမိ ဖျားနာ
အအေးမိ ဖျားနာတာက ဆောင်းရာသီမှာ အဖြစ်အများဆုံး ကျန်းမာရေး ပြဿနာပါ။ ကလေးတွေ ကျောင်းကနေ အလွယ်တကူ ကူးစက်လာနိုင်တဲ့ ကျန်းမာရေးပြဿနာပါ။
လူကြီးတွေက တစ်နှစ်ကို ၂ ကြိမ် ကနေ ၃ ကြိမ်လောက် ဖျားနာတတ်ကြပြီး ကလေးလေးတွေကတော့ ဒီအရေအတွက်ထက် ပိုများပါတယ်။ တစ်ခါဖျားပြီဆိုရင် ၇ ရက်ကနေ ၁၀ ရက်လောက် ကြာတတ်ပါတယ်။ တစ်နှစ်တာရဲ့ ဘယ်အချိန်မဆို ဖျားနိုင်ပေမယ့် ဆောင်းတွင်းမှာ ပိုဖျားကြပါတယ်။
ဖျားပြီဆိုရင် ဘယ်လို ခံစားရမလဲ ………
ဖျားပြီဆိုရင်
- နှာခေါင်းပိတ်မယ်
 - နှာစေးမယ်
 - ချောင်းဆိုးမယ်
 - လည်ချောင်းနာမယ်
 - အဖျား ငွေ့ငွေ့ ရှိမယ်။
 
RSV (Respiratory Syncytial Virus)
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ပိုးဝင်ခြင်း (RSV) က အဆုတ်တွေနဲ့ လေပြွန်တွေကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်တတ်တဲ့ ကူးစက်ရောဂါပိုး တစ်မျိုးပါ။ တစ်ပတ်ကနေ ၂ ပတ်လောက်အထိ ကြာတတ်ပါတယ်။ RSV က ကလေးတွေမှာ ပြင်းထန်နိုင်ပါတယ်။
ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ …….
အသက်ရှူ လမ်းကြောင်း ပိုးဝင် ကူးစက်ခံရပြီဆိုရင် အအေးမိသလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
- အသက်ရှူသံ တရွှီရွှီ မြည်မယ်
 - အသက်ရှူနှုန်း မြန်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။
 
တုပ်ကွေး
ဆောင်းရာသီမှာ နောက်ထပ် ကူးစက်ခံရနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးက တုပ်ကွေး ဗိုင်းရပ်စ်ပါ။ တုပ်ကွေးဖြစ်ရင် ၃ ရက်ကနေ ၇ ရက်အထိ ကြာတတ်ပါတယ်။ တုပ်ကွေး ကာကွယ်ဆေး ထိုးပြီး ကာကွယ်တာက အကောင်းဆုံး နည်းလမ်း တစ်ရပ်ပါ။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ …….
တုပ်ကွေး ကူးစက်ခံရပြီဆိုရင်
- ကြွက်သားတွေ နာကျင် ကိုက်ခဲမယ်
 - အဖျားတက်မယ်
 - ခေါင်းကိုက်မယ်
 - ခြေကုန်လက်ပမ်း ကျမယ်
 - ချောင်းခြောက် ဆိုးမယ်
 - နှာစေးမယ်
 - လည်ချောင်းနာမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 
လေပြွန် ပိုးဝင်ရောင်ရမ်းခြင်း (Croup)
လေပြွန်ပိုးဝင်ရောင်ရမ်းခြင်း (Croup) ဆိုတာက ဗိုင်းရပ်စ် ကူးစက်မှု တစ်မျိုးပါ။ ရောဂါ ကူးစက်ခံရပြီဆိုရင် တစ်ပတ်လောက် ကြာနိုင်ပါတယ်။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ……..
လေပြွန်ပိုးဝင်ရောင်ရမ်းခြင်း ဖြစ်ပြီဆိုရင်
- အဖျားရှိမယ်
 - နှာစေးမယ်
 - ချောင်းကို အသံကျယ်ကြီး ဆိုးမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 
အဆုတ်ရောင်ရောဂါ (Pneumonia)
အဆုတ်ရောင်တာက အဆုတ်ကို ဗိုင်းရပ်စ် ဒါမှမဟုတ် ဘက်တီးရီးယား ဝင်ရောက် ကူးစက်တာကြောင့် ဖြစ်ရတာပါ။ ရောဂါ ကူးစက်ခံရပြီဆိုရင် ၂ ပတ် ကနေ ၃ ပတ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ အဆုတ်ရောင်တာကိုတော့ ပဋိဇီဝ ပိုးသတ်ဆေးတွေနဲ့ ကုသလို့ ရပါတယ်။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ……..
အဆုတ်ရောင်ပြီဆိုရင်
- ချောင်းဆိုးမယ်
 - ချောင်းဆိုးတာနဲ့အတူ အဝါရောင် ဒါမှမဟုတ် အစိမ်းရောင် ချွဲတွေ ပါနေမယ်
 - ရင်ဘတ်ထဲက အောင့်မယ်
 - အဖျားကြီးမယ်
 - အသက်ရှူ မြန်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ လက္ခဏာတွေက ခပ်မြန်မြန် ခံစားရနိုင်ပါတယ်။
 
လည်ချောင်းနာမယ်
လည်ချောင်းနာတာကလည်း ဆောင်းအေးအေးမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်ခံရတာကြောင့် ဖြစ်နိုင်ပါတယ်။
ဘက်တီးရီးယား ကူးစက်ခံရမှုကြောင့်လည်း လည်ချောင်း နာနိုင်ပါတယ်။ ဘက်တီးရီးယားကြောင့် လည်ချောင်းနာတာက ပဋိဇီဝ ပိုးသတ်ဆေးတွေ သောက်ပြီး သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ……..
လည်ချောင်းနာပြီဆိုရင်
- လည်ချောင်းထဲက နာမယ်
 - မျိုချရခက်မယ်
 - အဖျားရှိမယ်
 - ဗိုက်အောင့်မယ် စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 
အစာခြေစနစ် ပိုးဝင်မယ်
အစာခြေစနစ်ထဲကို ဗိုင်းရပ်စ်ပိုး ဝင်ရောက် ကူးစက်တာပါ။ အစာအိမ်၊ အူလမ်းကြောင်းတွေထဲကို ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်တာပါ။ ၁ ရက်ကနေ ၃ ရက်လောက်ထိ ကြာမြင့်နိုင်ပါတယ်။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ ……..
အစာခြေစနစ်ထဲကို ပိုးဝင်ပြီဆိုရင် အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။
- ဗိုက်အောင့်မယ်
 - မအီမသာဖြစ်မယ်
 - အော့အန်မယ်
 - အဖျား ငွေ့ငွေ့ရှိမယ်
 - ဝမ်းအရည်တွေ သွားမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 
ကိုဗစ်
ကိုရိုနာဗိုင်းရပ်စ် အသက်ရှူလမ်းကြောင်းကနေတဆင့် ဝင်ရောက်ကူးစက်တာကြောင့် ခံစားရတဲ့ ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ကူးစက်မှုပါ။ အသက်သေဆုံးနိုင်သည်အထိ ပြင်းထန်ပါတယ်။
ဘယ်လိုလက္ခဏာတွေ ခံစားရနိုင်လဲ …….
- အဖျားရှိမယ်
 - ကြွက်သားတွေ နာကျင်မယ်
 - ကိုယ်လက်တွေ ကိုက်ခဲမယ်
 - ချောင်းဆိုးမယ်
 - လည်ချောင်းနာမယ်
 - အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်းဖြစ်မယ်
 - အသက်ရှူရ ခက်မယ်
 - အော့အန်မယ်
 - ဝမ်းသွားမယ်
 - သွေးတွင်းအောက်စီဂျင် ကျမယ်
 - အနံ့ ပျောက်မယ်
 - အရသာ ပျောက်မယ်
 - ခေါင်းကိုက်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
 
ကဲ …. ဆောင်းရာသီမှာ အခုလို ဗိုင်းရပ်စ်တွေအပြင် ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကလည်း သတိထားဖို့ လိုမယ့် ဗိုင်းရပ်စ် တစ်ရပ်ပါ။
[embed-health-tool-bmi]
















