လည်ချောင်းနာတယ်ဆိုတာ ရာသီမရွေးဖြစ်ပွားတတ်ပြီး ခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့အချိန်မျိုးမှာဆို ပိုဆိုးတာပေါ့။ ဒီလိုအချိန်တွေမှာ ရောဂါပိုးမွှားတွေက ပိုမိုပွားများလာဖို့လည်း မြန်တဲ့အပြင် ပါးစပ်မအုပ်ဘဲ နှာချေ၊ ချောင်းဆိုးလိုက်ရာကနေ လေမှတစ်ဆင့် လျင်မြန်စွာ ကူးစက်ခံရဖို့ ပိုလွယ်ကူတတ်ပါတယ်။ ခုလို ရာသီအကူးအပြောင်းကာလမှာတော့ လူတွေအဖြစ်များဆုံး ပြဿနာထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ ဘေးပတ်ဝန်းကျင်ကိုတော့ အနှောင့်အယှက်မဖြစ်စေပေမဲ့ ဝေဒနာရှင်အတွက်တော့ အစားကောင်းကောင်း မစားရ၊ ရေလည်း မသောက်ရ၊ နောက်ဆုံး တံတွေးမြိုရင်တောင် နာရတယ်၊ တစ်ခါတစ်ခါလည်း ယားပြီး နေရခက်တော့ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်တတ်တယ်နော်။ ဒါကြောင့် ဒီနေ့ဆောင်းပါးလေးမှာ လည်ချောင်းနာတာကို အမြန်သက်သာဖို့၊ ဆေးခန်းသွားပြရမှာ ပျင်းတဲ့သူတွေအတွက် အိမ်မှာပဲ အလွယ်တကူလုပ်လို့ရမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်ချင်ပါတယ်။