backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုဗစ်ဖြစ်ပြီးရင် ကာကွယ်ဆေး ထိုးဖို့ လိုမလို


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုဗစ်ဖြစ်ပြီးရင် ကာကွယ်ဆေး ထိုးဖို့ လိုမလို

ကိုဗစ် တတိယလှိုင်းကလည်း ငြိမ်စပြုလာပြီ။ ကာကွယ်ဆေး တွေလည်း ထိုးလို့ရပြီဆိုလို့ သွားထိုးနေကြပြီ။ ကိုယ်က တတိယလှိုင်းမှာ ဖြစ်ထားတယ် ဒါမှမဟုတ် ရှေ့လှိုင်းတွေမှာ ဖြစ်ဖူးတယ်။ ကိုဗစ်ဖြစ်ရင် တော်တော်အခြေအနေဆိုးတာတွေကို တွေ့ထားတော့ ကာကွယ်ဆေးကလည်း ထိုးချင်တယ်။ ထိုးသင့် မထိုးသင့်ဆိုတာ ပြောပြပေးပါမယ်။

ကိုဗစ်ဖြစ်ပြီးသွားပြီ၊ ကောင်းသွားပြီ။ ကာကွယ်ဆေး ထိုးဖို့ လိုသေးလား။

ဆိုလိုတာကတော့ သူက ရောဂါဖြစ်ပြီးသွားပြီ။ Antibody စစ်ကြည့်တော့လည်း Ig Gလေး ပေါ်နေတယ်။ ဒါမှမဟုတ် စစ်မထားဘူး။ ဖြစ်ဖူးတာ သေချာတယ်။ ကာကွယ်ဆေးထိုးရမှာလား။ ရောဂါကနေ ခုခံအား ရပြီးပြီ မဟုတ်ဘူးလားဆိုတဲ့ မေးခွန်းပါ။

တစ်ခွန်းတည်း ဖြေရရင်တော့ ထိုးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ဖြစ်တုန်းက ထွက်ထားတဲ့ Antibodyက ဘယ်လောက်ကြာကြာ ကိုယ့်ကို ကာကွယ်ပေးနိုင်သလဲဆိုတာ မသိလို့ပါပဲ။ ရှားပေမယ့် ကိုဗစ်ဖြစ်ပြီးသား လူက နောက်တစ်ခါ ထပ်ဖြစ်တာမျိုးတွေ ရှိနိုင်ပါတယ်။ ရှိလည်း ရှိပါတယ်။

ကာကွယ်ဆေးထပ်ထိုးတာက ရောဂါပိုးကြောင့် ထွက်ထားတဲ့ Antibodyကို အားဖြည့်ပေးသလို ဖြစ်စေပါတယ်။ ဒါကြောင့် ထိုးသင့်ပါတယ်။

ဒါပေမယ့်

-ကိုဗစ်ဖြစ်တုန်းက သွေးရည်ကြည်ကုထုံး ခံယူထားတဲ့သူတွေ၊ Monoclonal antibodiesနဲ့ ကုထားတဲ့ သူတွေကတော့ ရောဂါအရှင်းပျောက်ပြီး ရက် ၉၀နေမှ ထိုးသင့်ပါတယ်။

-တစ်ကိုယ်လုံး ရောင်ရမ်းတဲ့ Multisystem inflammatory syndrome in adults (MIS-A) ဖြစ်ထားတဲ့ သူတွေဆိုလည်း လုံးဝကောင်းပြီး ရက် ၉၀ စောင့်သင့်ပါတယ်။

ခုလက်ရှိ ကိုဗစ် ဖြစ်နေရင်ရော ကာကွယ်ဆေး ထိုးလို့ရလား။

ခုလက်ရှိ ကိုဗစ်ဖြစ်နေရင်ဖြစ်ဖြစ်၊ ကိုဗစ်လက္ခဏာတွေ ခံစားနေရရင် ဖြစ်ဖြစ် ကာကွယ်ဆေး သွားမထိုးသင့်ပါဘူး။

-ကိုဗစ်ကြောင့် နေမကောင်းဘဲ အားနည်းနေတာနဲ့ ကာကွယ်ဆေးကြောင့် ဖျားမှာ ရောသွားနိုင်ပါတယ်။

-ကိုယ်တိုင် ကိုဗစ်ဖြစ်နေတာကို သွားထိုးရင် တခြားကာကွယ်ဆေးလာထိုးတဲ့သူတွေပါ ကူးသွားနိုင်ပါတယ်။

ဒါဆို ကိုဗစ်ဖြစ်ပြီး ဘယ်လောက်ကြာရင် ကာကွယ်ဆေးထိုးသင့်လဲ။

လက်ရှိမှာ ကိုဗစ်ဖြစ်နေတဲ့ သူတွေက

-သာမန်နဲ့ မပြင်းထန် ၁၁ရက်ကျော်ရင်၊ ပြင်းထန်လူနာ ၂၁ ရက်ကျော်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးလို့ရပါတယ်။

-ဒီရက်တွေ ကျော်နေပေမယ့် ကိုဗစ်လက္ခဏာတွေ ကျန်နေသေးရင် (ဥပမာ ဖျားတာ၊ ချောင်းဆိုးတာ) အရှင်းပျောက်မှ ထိုးသင့်ပါတယ်။

-Antibody ထွက်ပြီဆိုလည်း သွားမထိုးပါနဲ့ဦး။ တချို့က ကိုဗစ်ဖြစ်နေတာကို Antibodyစစ်ပြီး Antibodyထွက်တယ်ဆိုရင် ကောင်းတယ်လို့ ယူဆပြီး သွားထိုးတတ်ကြပါတယ်။ Antibodyကို ကြည့်ပြီး သူများကို ကူးနိုင်၊ မကူးနိုင်၊ ရောဂါပျောက်မပျောက် ပြောလို့ မရတဲ့အတွက် အပေါ်က ၂ချက်နဲ့ပဲ ကိုက်မှပဲ သွားထိုးသင့်ပါတယ်။

သူများတွေကို ဦးစားပေးပါ။

ဟိုးအရင် လှိုင်းတွေက ဖြစ်ခဲ့တာဖြစ်ဖြစ်၊ ဒီတတိယလှိုင်းမှာ ဖြစ်ပြီးသွားတာ ဖြစ်ဖြစ် ကိုဗစ်ဖြစ်ပြီးလည်း ကာကွယ်ဆေး ထိုးရမယ်ဆိုပေမယ့် လိုအပ်တဲ့သူတွေကို ဦးစားပေးပါ။ ရောဂါဖြစ်ထားဖူးတဲ့သူတွေက ကိုယ်ထဲမှာ Antibody လပိုင်း (၆လ-၈လ) လောက် ရှိတဲ့အတွက် နောက်တစ်ခါ ထပ်မကူးအောင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ရှားပါးနေတဲ့ အချိန်မှာ

-ရောဂါတစ်ခါမှ မဖြစ်ဖူးတဲ့လူတွေ

-အသက်ကြီးတဲ့သူတွေ

ရောဂါအခံရှိတဲ့သူတွေကို ဦးစားပေးပေးပါ။ သူတို့တွေ အရင်ထိုးပါစေ။

ကပ်ရောဂါဖြစ်တဲ့အတွက် ကိုယ်တစ်ယောက်တည်း ကာကွယ်ဆေးထိုးထားလို့ မပြီးပါဘူး။ လူများများ ကာကွယ်ဆေးထိုးပြီး ခုခံအား ရနေမှ ကူးစက်မှုတွေကို ရပ်နိုင်မှာပါ။

အရင်ကဖြစ်တာ ၆-၈ လလောက်ရှိနေပြီ ဒါမှမဟုတ် ကိုယ်က နောက်တစ်ခါများ မတော်တဆထပ်ဖြစ်ခဲ့ရင် ကိုဗစ်ဒဏ်ကို ပြင်းပြင်းထန်ထန် ခံရနိုင်တဲ့ လူကြီးဖြစ်နေတယ်ဆိုရင်တော့ ထိုးထားသင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement