backup og meta

ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျဆင်းလာတဲ့ ကိုယ်ခံအားစနစ်ကို ဘယ်လိုပြန်မြှင့်တင်မလဲ

    ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။

    ပြင်ပကနေ အကြောင်းအမျိုးမျိုးနဲ့ ဘက်တီးရီးယားပိုးတွေ၊ မှိုပိုးတွေ၊ ကပ်ပါးပိုးကောင်တွေ၊ ဗိုင်းရပ်စ်တွေဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာတတ်ပါတယ်။ ဒီပိုးတွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ပြီး ဖျားနာစေနိုင်တယ်၊ အားအင်ကုန်ခမ်းစေတယ်၊ အလုပ်တာဝန်တွေ ပျက်ယွင်းစေတယ်၊ ရောဂါတွေ ဖြစ်စေတယ်၊ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်နှုန်းကိုလည်း နှေးကွေးစေတယ်၊ ဒါ့အပြင် စောစောစီးစီး သေဆုံးနိုင်သည်အထိ ဒုက္ခပေးနိုင်ပါတယ်။

    ဒီလို မဖြစ်ရအောင် ကာကွယ်ပေးဖို့အတွက် ကိုယ်ခံအားစနစ်က ကြံ့ခိုင်နေဖို့လိုပါတယ်။ ခန္ဓာကိုယ် နေရာအနှံ့မှာ ရှိတဲ့ ကိုယ်ခံအားစနစ်တွင်းက ဆဲလ်များ၊ တစ်ရှူးများဟာ ခန္ဓာကိုယ်ထဲကို ဝင်လာသမျှ ရောဂါပိုးတွေကို ခုခံပေးတယ်၊ ရောဂါပိုးတွေ ထပ်ပြီး ပွားများခြင်းမရှိအောင် ထိန်းချုပ်တယ်၊ ရောဂါပိုးတွေရဲ့ ဆဲလ်နံရံတွေကို ဖျက်ဆီးပြီး အားလျော့စေပါတယ်။ ဒီအတွက် ကိုယ်ခံအားစနစ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။

    ဘယ်လိုအရာတွေက ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်လဲ။

    ပုံမှန်အားဖြင့်တော့ အသက်အရွယ် ကြီးလာတာနဲ့အမျှ ငယ်စဉ်ကလောက် ကိုယ်ခံအားစနစ်ဟာ အလုပ်မလုပ်နိုင်တော့ဘဲ အားလျော့သွားတဲ့အတွက် ရောဂါဖြစ်ဖို့ ပိုပြီးလွယ်ကူနိုင်ပါတယ်။ တစ်ခါတရံမှာ ကိုယ့်ရဲ့ နေ့စဉ် နေထိုင်မှုပုံစံ မှားယွင်းတာ၊ အစာအာဟာရ စုံလင်စွာ မစားသုံးတာ၊ ကျန်းမာရေးကို ထိခိုက်စေမယ့် အမူအကျင့်တွေဟာလည်း ကိုယ်ခံအားစနစ်ကို ကျဆင်းစေတတ်ပါတယ်။

    အဓိက ကိုယ်ခံအားကို ကျဆင်းစေတဲ့ အချက်တွေကို ပြောရမယ်ဆိုရင်

  • အစာအာဟာရကို စုံလင်စွာ မစားသုံးခြင်း၊ အစားရွေးခြင်း၊ ဓာတ်မတည့်တဲ့ အစားအစာများ စားခြင်း
  • ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို အနည်းငယ်သာ စားသုံးခြင်း
  •  ကျန်းမာရေးအတွက် ဒုက္ခဖြစ်စေတဲ့ အသင့်စား အစားအစာများ၊ ဆီကြော်များ၊ အကင်များ စားသုံးမှုလွန်ကဲခြင်း
  • အိပ်ရေးပျက်ခြင်း၊ တစ်နေ့အိပ်ချိန် အလုံအလောက် မရရှိခြင်း
  •  ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါး၊ ကွမ်းယာ စတာတွေကို သုံးစွဲခြင်း
  • စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမှု အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာများ
  • ရောဂါကို ကုသဖို့အတွက် သောက်နေရတဲ့ ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ
  • နေရောင်ခြည်နဲ့ ထိတွေ့မှုမရခြင်းကြောင့် ဗီတာမင် ဒီ ဓာတ် ချို့တဲ့ခြင်း
  • လေ့ကျင့်ခန်း မလုပ်ခြင်း၊ အထိုင်များခြင်း၊ လှုပ်ရှားမှု နည်းခြင်း
  • ဒါဆို ကိုယ်ခံအားစနစ်ကို ဘယ်လို ပြန်မြှင့်တင်မလဲ။

    အပေါ်မှာ ပြောခဲ့သလိုပဲ၊ ကိုယ်ခံအားစနစ်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက်ရော လူ့သက်တမ်း ရှည်ကြာစွာ နေထိုင်နိုင်ဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကျမသွားစေဖို့ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံတွေကို ကျန်းမာရေးအတွက် သင့်တော်အောင် ပြောင်းလဲပြင်ဆင်၍ နေထိုင်သင့်ပါတယ်။ ဘာတွေ အဓိက ပြောင်းလဲရမလဲဆိုရင်

    ၁။ အိပ်ရေးဝအောင် အိပ်ပါ။

    အိပ်ချိန်ဟာ လူတစ်ယောက်အတွက် အလွန် အရေးကြီးပါတယ်။ အိပ်ရေးဝမှ ကိုယ်တွင်းအင်္ဂါတွေဟာ ကောင်းစွာ အလုပ်လုပ်နိုင်မယ်။ အားနည်းနေတဲ့၊ ပျက်စီးနေတဲ့ ခန္ဓာကိုယ်တွင်း ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးလို့ အမြဲတမ်း ရောဂါပိုးတွေကို ခုခံပေးနေရလို့ အားနည်းနေတဲ့ ကိုယ်ခံအားစနစ်ကို ပြန်လည် မြှင့်တင်ပေးနိုင်ပါတယ်။ ညအိပ်ချိန်ကို အနည်းဆုံး တစ်နေ့ ၇နာရီမှ ၈နာရီထိ ရအောင် အိပ်စက်အနားယူပါ။

    ၂။ အစာအာဟာရကို ဂရုစိုက်ပါ။

    ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေကို အစားအစာကနေ အများဆုံးရပါတယ်။ ဒါကြောင့်လည်း ကိုယ် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် အစားအစာတွေကိုပဲ ရွေးချယ်စားသုံးဖို့ အရေးကြီးပါတယ်။ အဓိက အမျှင်ဓာတ် ပါဝင်မှုများတဲ့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို များများစားပေးရပါမယ်။ ထပ်ဆောင်းအနေနဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ နို့ထွက်ပစ္စည်း၊ ဂျုံ စတာတွေကိုလည်း စားပေးဖို့ အရေးကြီးပါတယ်။

    ၃။ ဖြည့်စွက်စာတွေ အားဆေးတွေ သောက်ပါ။

    ဒီအချက်ကတော့ အစားရွေးတဲ့သူတွေ၊ ဓာတ်မတည့် အစားအစာ များတဲ့သူတွေအတွက် ပိုပြီး သင့်လျော်ပါတယ်။ လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို အစားအစာကနေ အများဆုံးရနိုင်တာ ဖြစ်တဲ့အတွက် တချို့သော အစားအစာများကို မစားဘဲ ရှောင်လိုက်တဲ့အခါ အာဟာရဓာတ် ချို့တဲ့မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် သင့်တော်မယ့် အားဆေးတွေကို ဆရာဝန်နဲ့ ပြသပြီး ညွှန်းခိုင်းတာ၊ အာဟာရဓာတ် အစုံအလင် ပါတဲ့ ဖြည့်စွက်စာတွေကို စားသုံးပေးတာမျိုး လုပ်သင့်ပါတယ်။

    ၄။ လေ့ကျင့်ခန်း များများလုပ်ပါ။

    လေ့ကျင့်ခန်း လုပ်မှသာ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကောင်းပြီး ဇီဝကမ္မ ဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေနိုင်မှာပါ။ ဒါ့အပြင် လေ့ကျင့်ခန်း များများလုပ်ပေးမှ အဆီလောင်ကျွမ်းမှု ဖြစ်ပြီး ကြွက်သားများကို တည်ဆောက်ပေးနိုင်သလို ကိုယ်ခံအားကို မြှင့်တင်ပေးရာ ရောက်ပါတယ်။ ဒီအတွက် တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက်တော့ လေ့ကျင့်ခန်း၊ အားကစား လုပ်ဖို့ အချိန်ပေးပါ။

    အကယ်လို့ ကိုယ်က အလုပ်အရမ်းများတဲ့သူဆိုရင်လည်း တစ်ပတ်ကို ၂ကြိမ်မှ ၃ကြိမ်လောက်ထိတော့ လေ့ကျင့်ခန်း လုပ်ပေးပါ။ တစ်နေရာထဲမှာ အချိန်အကြာကြီး ထိုင်လေ၊ လူက အဝလွန်ပြီး ကိုယ်ခံအားစနစ်ကို ကျဆင်းစေနိုင်ပါတယ်။

    ၅။ မကောင်းတဲ့ အကျင့်တွေကို ဖျောက်ဖျက်ပါ။

    ကျန်းမာရေးအတွက် မကောင်းတဲ့ အကျင့်မှန်သမျှ စောစောစီးစီး ဖျောက်နိုင်အောင် ကြိုးစားခြင်းက ကိုယ့်ကို ကျန်းမာပျော်ရွှင်ပြီး သက်တမ်းစေ့ နေနိုင်အောင် ကူညီပေးနိုင်မှာပါ။ ဒါကြောင့် ဆေးလိပ်၊ အရက်သောက်တာ၊ မူးယစ်ဆေးဝါး မှီဝဲတာ၊ ကွမ်းစားတာ၊ အိပ်ရေးအပျက်ခံတာ၊ အလုပ်ကို အလွန်အကျွံလုပ်တာ၊ လှုပ်ရှားမှု နည်းတာ၊ အစားရွေးတာ စတဲ့ အကျင့်တွေကို ကိုယ် ငယ်စဉ်ကတည်းက ဖြည်းဖြည်းချင်း ဖျောက်နိုင်အောင် ကျင့်သွားဖို့ အရေးကြီးတယ်နော်။

    ဒါဆို ခုပြောသွားခဲ့တဲ့ အချက်တွေကို နေ့စဉ် ပုံမှန် လိုက်နာပေးခြင်းဖြင့် ကိုယ့်ရဲ့ ကိုယ်ခံအားစနစ်ကို ကျဆင်းမသွားစေအောင် မြှင့်တင်ပေးကြပါစို့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 15/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement