backup og meta

ကံ့ကော်ပန်း နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကံ့ကော်ပန်း နဲ့ ကျန်းမာရေး

    ဆောင်းမနက်ခင်း အေးအေးလေးမှာ ကံ့ကော်ပန်း ရနံ့ သင်းသင်းလေးက စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။ ကံ့ကော်ပန်းက အဆင်းရော အချင်းပါ လှတဲ့ ပန်းကလေးပါ။ ရိုးတံနဲ့ အရွက် စိမ်းစိမ်းရှည်ရှည်၊ ပွင့်ဖတ် ဖြူဖြူလေးတွေနဲ့ ဝတ်ဆံ ဝါဝါလေးက မြင်ရသူတွေကို သဘောတွေ့စေပါတယ်။

    ဒီချစ်စရာကောင်းတဲ့ ကံ့ကော်ပန်းလေးကို ခေါင်းမှာ ပန်ဆင်ကြတာ ရှိသလို ဘုရားပန်း ကပ်လှူတာ၊ အလှထိုးတာဆိုပြီး အမျိုးမျိုး ရှိကြပါတယ်။ ဒီချစ်စရာ ကောင်းတဲ့ ကံ့ကော်ပန်းလေးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

    ကံ့ကော်ပန်းဆိုတာ

    ကံ့ကော်ပန်းဆိုတာ ကံ့ကော်ပင်ရဲ့ ပန်းပွင့်ပါ။ ကံ့ကော်ပင်က အပင်ကြီး တစ်မျိုးဖြစ်ပြီး သစ်မာပင်တစ်မျိုးပါ။ အရှေ့တိုင်းဒေသတွေဖြစ်ကြတဲ့ သီရိလင်္ကာ၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ ထိုင်း၊ အင်ဒိုချိုင်းနား၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ ဆူမာတြား ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အမြဲစိမ်းပင်မျိုးဖြစ်ပြီး အရိပ်ရပင်မျိုးပါ။

    ကံ့ကော်ပင်က လေထုကို သန့်စင်ပေးသလို ကံ့ကော်ပန်း၊ အရွက်နဲ့ အခေါက်အားလုံးလိုလိုက ဆေးဖက်ဝင်ပါတယ်။

    ကံ့ကော်ပန်း နဲ့ ကျန်းမာရေး

    ကံ့ကော်ပန်း နဲ့ ကျန်းမာရေး

    ကံ့ကော်ပင်ရဲ့ ပန်းပွင့်လေးတွေဖြစ်တဲ့ ကံ့ကော်ပန်းက အခုလိုလေး ဆေးဖက်ဝင်ပါတယ်။

    အစာခြေစနစ် ကျန်းမာစေတယ်

    ဗိုက်အောင့်တာ ဗိုက်နာတာတွေ သက်သာစေဖို့အတွက် ကံ့ကော်ပန်းကို သုံးပေးလို့ ရပါတယ်။ အစာစားချင်စိတ် မရှိတာ၊ အော့အန်တာ၊ ရင်ပူတာ၊ အစာခြေ အက်ဆစ်အထွက်များတာ၊ အစာအိမ်နဲ့အူ အနာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

    ဝမ်းပျက်ဝမ်းလျှောတာ၊ အသည်း မကောင်းတာ၊ ဝမ်းသွားရင် သွေးပါတာတွေကို သက်သာစေဖို့လည်း ကံ့ကော်ပန်းကို အသုံးပြုပေးလို့ ရပါတယ်။

    အသက်ရှူလမ်းကြောင်း ကျန်းမာစေတယ်

    ကံ့ကော်ပန်းက ချောင်းဆိုးတာကို သက်သာစေသလို လေပြွန်ရောင်တာနဲ့ ပန်းနာရင်ကျပ်ဖြစ်တာတွေကို သက်သာစေနိုင်တယ်။ ကံ့ကော်ပန်းကို ရေစင်အောင်ဆေးပြီး ပြုတ်ရည်ကို သောက်ပေးလို့ ရပါတယ်။

    အရောင်ကျစေနိုင်တယ်

    ကံ့ကော်ပန်းက အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ အဆစ်ရောင်နာ၊ လေးဖက်နာတွေကို သက်သာစေနိုင်ပါတယ်။ အဆစ်ရောင်တာကို သက်သာစေဖို့ ကံ့ကော်ပန်း ပြုတ်ရည်ကို အသုံးပြုပေးလို့ ရပါတယ်။ ကံ့ကော်ပင်အစေ့ကိုလည်း အရောင်ကျစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

    ဝမ်းကိုက်တာကို သက်သာစေနိုင်တယ်။

    ဝမ်းကိုက်တာ၊ ဝမ်းသွားသွေးပါတာကို သက်သာစေဖို့လည်း ကံ့ကော်ပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ကံ့ကော်ပန်းကို ရေစင်အောင်ဆေး၊ အခြောက်ခံပြီး ကြိတ်ထားတဲ့ အမှုန့်ကို ဝမ်းကိုက်တာ သက်သာစေဖို့အတွက် အသုံးပြုပေးလို့ ရပါတယ်။

    အဖြူဆင်းတာ သက်သာစေနိုင်တယ်

    လေဒီလေးတွေမှာ ဖြစ်တတ်တဲ့ အဖြူဆင်းတာကို သက်သာစေဖို့အတွက်လည်း ကံ့ကော်ပန်းကို အခြောက်ခံပြီး အသုံးပြုပေးလို့ ရပါတယ်။ တစ်နေ့ကို လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာလောက် သောက်သုံးပေးရမှာပါ။

    ဆီးသွားရခက်တာကို သက်သာစေတယ်

    ဆီးသွားရင် နာတာ၊ ဆီးသွားဖို့ ခက်တာ၊ ဆီးသွားရင် သွေးစလေးတွေ ပါတာကို သက်သာစေဖို့အတွက်လည်း ကံ့ကော်ပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့အတွက်လည်း ကံ့ကော်ပန်းကို အသုံးပြုပေးလို့ ရပါတယ်။

    ရာသီသွေးဆင်းများတာကို သက်သာစေတယ်။

    ရာသီလာချိန်မှာ ပုံမှန်ထက် သွေးဆင်းတာ၊ ပုံမှန် မဟုတ်တဲ့ ရာသီသွေးဆင်းတာတွေကို သက်သာစေဖို့အတွက်လည်း ကံ့ကော်ပန်းကို အသုံးပြုပေးလို့ ရပါတယ်။

    အရေပြား ကျန်းမာစေတယ်။

    ကံ့ကော်ပန်းကို အရေပြား ယားယံတာ၊ အသားအရောင် မညီတာ၊ အဆီပြန်တာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အနာတွေကို ပိုးဝင်တာမျိုး မဖြစ်စေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ အသားအရေလှစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    အဖျား သက်သာစေနိုင်တယ်။

    အဖျားကျစေဖို့လည်း ကံ့ကော်ပန်းကို အသုံးပြုပေးလို့ ရပါတယ်။ ပြုတ်ရည်ကို အသုံးပြုပေးလို့ ရသလို ပန်းအခြောက်မှုန့်ကို အသုံးပြုပေးလို့လည်း ရပါတယ်။

    အဆစ်တွေ နာတာကို သက်သာစေနိုင်တယ်။

    ကံ့ကော်ပန်း အစေ့ အဆီကို အဆစ်တွေ နာကျင်ကိုက်ခဲတာ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။ အဆစ်တွေ အရွတ်တွေ နာကျင်တာကြောင့် အရေပြားမှာ ပူတာမျိုးကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

    အဆင်းက ချစ်စရာ ကောင်းသလို ရနံ့လည်း မွှေးတဲ့ ကံ့ကော်ပန်း က ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement